backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

COVID-19ကြောင့် သိုင်းရွိုက်ပြဿနာတွေ ဖြစ်လာနိုင်သလား။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

COVID-19ကြောင့် သိုင်းရွိုက်ပြဿနာတွေ ဖြစ်လာနိုင်သလား။

ကိုဗစ်ရောဂါဖြစ်လာတာ ခုဆို တစ်နှစ်နီးပါးလောက် ရှိပြီဆိုတော့ သူ့အကြောင်းကို ပိုပိုပြီး သိလာပါပြီ။ အရင်ကတော့ COVID-19ဖြစ်ပြီဆိုရင် အဆုတ်လောက်သာထိခိုက်မယ်လို့ ထင်ထားကြပေမယ့် အချိန်ကြာလာလေလေ COVID-19ရဲ့ အဖျက်စွမ်းအားတွေကို ပိုတွေ့လာရလေပါပဲ။

ရှေ့က သူ့နောင်တော် ဆားလ်စ်တို့ မားလ်စ်တို့ထက် ပိုပြင်းထန်တယ်လို့တောင် ပြောလို့ရပါတယ်။ ပိုးကူးခံရပေမယ့် ဘာလက္ခဏာမှ မပြတဲ့သူလည်း ရှိသလို လက္ခဏာပြတဲ့သူလည်း ရှိပါတယ်။ လက္ခဏာ ပြတာတောင် တချို့က သာမန်၊ တချို့က ဆိုးဆိုးရွားရွား။ လူကြီးတွေ၊ ရောဂါအခံတွေ ရှိတဲ့သူတွေပဲ အရေးတကြီးဂရုစိုက်မယ်လို့ ထင်ပေမယ့် လူလတ်ပိုင်းမှာလည်း ကြွေလွင့်သွားတဲ့သူတွေ ရှိနေတာပဲ။ ကိုဗစ်ရဲ့ မာယာတွေပေါ့။

ဒီလိုပဲ တစ်ခါတလေတော့လည်း မထင်ထားတဲ့ လက္ခဏာတွေနဲ့ လာတာမျိုးလည်း ရှိပါတယ်။ ဥပမာ တစ်ခုလောက် ပြောရမယ်ဆိုရင်

လူနာတစ်ယောက်က လေဖြတ်တဲ့ လက္ခဏာနဲ့ ဆေးရုံကို ရောက်လာတယ်။ ဘာရောဂါအခံမှ မရှိဘဲ ရုတ်တရက်ကြီး လေဖြတ်တာ မသင်္ကာလို့ COVID-19များ ရှိနေမလားဆိုပြီး စစ်ကြည့်လိုက်တာ ပေါ့စတစ်ပါတဲ့။ ဘာကြောင့်လည်း ဆိုတော့ COVID-19ကြောင့် သွေးပျစ်ပြီး သွေးခဲပိတ်တာကြောင့် လေဖြတ်သွားတာပါ။

ဒီလိုပဲ အရင်က (ပထမလှိုင်းတုန်းက)ဆို COVID-19ရဲ့ လက္ခဏာက ဖျားမယ်၊ ချောင်းဆိုးမယ်၊ မောမယ် ဒီလောက်ပါပဲ။ ခုဒုတိယလှိုင်းလည်းကျရော အနံ့ပျောက်တဲ့ လူနာတွေမှ အများကြီး။ စဖြစ်ဖြစ်ချင်းတုန်းက ဒီလက္ခဏာနဲ့ လာတဲ့ လူနာဆိုတာ ရှားပေမယ့် ခုတော့ အနံ့ပျောက်ပြီဆို COVID-19ကိုပဲ စစဉ်းစားကြပါတယ်။

ခုလည်း ဒီလိုပါပဲ။ ရှာဖွေလေ တွေ့ရှိလေ။ COVID-19ကူးစက်ခံထားရတဲ့ လူနာတွေမှာ သိုင်းရွိုက်ဟော်မုန်း ပုံမှန်မဟုတ်တာကို တွေ့ရပါတယ်တဲ့။ ဒါနဲ့ ပတ်သက်ပြီး The Lancet Diabetes and Endocrinologyနဲ့ American Thyroid Associationကနေ မှီငြမ်းပြီး ပြောပြပါမယ်။

သိုင်းရွိုက်က ဘယ်လိုလုပ်ပြီး ပါဝင်လာရသလဲ။

COVID-19ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် SAR-CoV-2က ခန္ဓာကိုယ်ထဲ ဝင်ပြီး ဒုက္ခပေးဖို့ တစ်နည်းအားဖြင့် ဆဲလ်တွေထဲဝင်ဖို့ဆိုရင် ACE-2ကို တွယ်ကပ်ရပါတယ်။ အဆုတ်ဆဲလ်ထက်စာရင် သိုင်းရွိုက်ဆဲလ်တွေမှာ ဒီACE-2လေး ပိုများနေတဲ့အတွက် ဗိုင်းရပ်စ်က ဝင်ပြီး ပွားလို့ရတာပါ။

လက်ရှိ လေ့လာချက်တွေအရဆိုရင်တော့ COVID-19ကြောင့် သိုင်းရွိုက်ဂလင်း ရောင်ရမ်းတာကို တွေ့ရပါတယ်။ COVID-19ကူးစက်ခံထားရပေမယ့် အရင်က သိုင်းရွိုက်ရောဂါမရှိတဲ့ လူနာတွေကို လေ့လာကြည့်တဲ့အခါ သိုင်းရွိုက်ဟော်မုန်းကတော့ တက်တာလည်း မရှိသလို၊ မတက်တာလည်း ရှိပါတယ်။ သိုင်းရွိုက်ဟော်မုန်းထွက်အောင် လှုံ့ဆော်ပေးတဲ့ TSHလို့ ခေါ်တဲ့ ဟော်မုန်းကတော့ နည်းနေပါတယ်။ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ Il-6ကတော့ တက်ပါတယ်။

ဒီအဖြေတွေကို စုစည်းလိုက်တဲ့အခါ သိုင်းရွိုက်ဂလင်းရောင်ရမ်းတဲ့ အဖြေထွက်လာပါတယ်။ လူနာမှာတော့ လည်ပင်း (သိုင်းရွိုက်ဂလင်း) နာတာလည်း ရှိသလို မနာတာလည်း တွေ့ရပါတယ်။

ဒီလို ရောင်ရမ်းတာက အဆင့် ၃ဆင့် triphasic courseနဲ့ သွားပါတယ်။ အရင်ဆုံး သိုင်းရွိုက်ဟော်မုန်းတွေ များပြီး အဆိပ်သင့်တဲ့ အဆင့်ဖြစ်မယ်။ ပြီးရင် သိုင်းရွိုက်ဟော်မုန်းက ရှိသင့်တာထက် နည်းသွားမယ်။ နောက်ဆုံးကျမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါမယ်။ ဒီလိုပြန်ဖြစ်ဖို့ ၃လလောက် အချိန်ယူရပါတယ်။

လူနာအများစုကတော့ သိုင်းရွိုက်ဟော်မုန်း အဆိပ်သင့်တဲ့အခါ လက္ခဏာပြတတ်ပေမယ့် သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ အချိန်မှာ လက္ခဏာပြတာကို အတွေ့ရနည်းပါတယ်။

တကယ်တော့ COVID-19ကြောင့် သိုင်းရွိုက်ဂလင်းရောင်ရမ်းတာက ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စပါ။ အရင်ကလည်း တခြားဗိုင်းရပ်စ်တွေဖြစ်တဲ့ ပါးချိတ်ရောင်ဗိုင်းရပ်စ်၊ တုပ်ကွေးဗိုင်းရပ်စ်၊ adenovirus၊ coxsackie၊ Epstein-Barr နဲ့ cytomegalovirus virusesတွေ ကူးစက်ခံရပြီးနောက် သိုင်းရွိုက်ဂလင်းရောင်ရမ်းတာလည်း ရှိခဲ့ဖူးတာပဲ။

ကျွန်တော်၊ ကျွန်မက သိုင်းရွိုက်ရောဂါအခံရှိတယ်။ COVID-19 ကူးစက်ခံရရင် ပိုဆိုးလာနိုင်သလား ဒါမှမဟုတ် သူများထက် ကူးနိုင်ခြေ ပိုများသလား။

ခုခံအား ကမောက်ကမဖြစ်လို့ ဖြစ်လာရတဲ့ သိုင်းရွိုက်ရောဂါတွေ (Autoimmune thyroid disease) အပါအဝင် တခြားသိုင်းရွိုက်ရောဂါတွေက ခုခံအားကို ထိခိုက်စေတာမျိုး မရှိတဲ့အတွက် COVID-19 ကူးစက်ခံရရင် ပိုဆိုးလာနိုင်တာ၊ သူများထက် ကူးနိုင်ခြေ ပိုများတာမျိုး မရှိဘူးလို့ American Thyroid Associationက ဆိုပါတယ်။

ဒါဆို သိုင်းရွိုက်ကင်ဆာတွေကရော။ ကင်ဆာသမားတွေက ဆေးသွင်းတာမျိုး ခုခံအားကျစေနိုင်တဲ့ ကုသမှုတွေ ခံယူနေရင် ခုခံအားထိခိုက်နိုင်တဲ့အတွက် ပိုကူးနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သိုင်းရွိုက်ကင်ဆာအများစုက တခြားကင်ဆာတွေလို ခုံအားကျစေနိုင်တဲ့ ဆေးသွင်းကုသမှုမျိုးတွေ လုပ်ရတာ ရှားပါတယ်။ ဒါဆိုရင်တော့ သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ ဆေးသွင်းပြီးကုနေရတယ်ဆိုရင်တော့ ခုခံအားထိခိုက်နိုင်လို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။

သိုင်းရွိုက်ရောဂါအခံရှိရှိ မရှိရှိ လိုက်နာရမယ့် စည်းကမ်းတွေက တူတူပါပဲ။

[covid-_19]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement