backup og meta

ဟော်မုန်း မညီမျှခြင်းအကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 08/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟော်မုန်း မညီမျှခြင်းအကြောင်း

    ဟော်မုန်းများ ဟာ သင့်ကိုယ်ခန္ဓာထဲက ဓာတုဆက်သွယ်ရေးပစ္စည်းတွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာဂလင်းများက ထုတ်လုပ်လိုက်ပြီးချိန်မှာ ဟော်မုန်းများဟာ သွေးထဲကတဆင့် ကိုယ်ခန္ဓာတလျှောက် လှည့်လည်သွားလာပြီး ဘယ်အင်္ဂါအစိတ်အပိုင်းက ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ အချက်ပြပေးပါတယ်။ ကိုယ်ခန္ဓာရဲ့ အရေးကြီးလုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ဇီဝဖြစ်ပျက်ခြင်း၊ မျိုးဆက်ပွားခြင်း စတဲ့ကိစ္စရပ်တွေကို ထိန်းချုပ်ပေးပါတယ်။

    တကယ်လို့ဟော်မုန်းတမျိုးမျိုးဟာ လိုအပ်တာထက် လျော့နည်းနေရင် ဒါမှမဟုတ် များလွန်းနေရင် ကိုယ်ခန္ဓာအတွက် ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒီအခြေအနေကို ဟော်မုန်းမညီမျှခြင်းလို့ ခေါ်ပါတယ်။

    ဟော်မုန်းမညီမျှခြင်း လက္ခဏာများ

    ဟော်မုန်းတွေဟာ ကိုယ်ခန္ဓာရဲ့လုပ်ငန်းစဉ်ပေါင်းစုံမှာ ပါဝင်ပါတယ်။ ဒါကြောင့်မို့ ဟော်မုန်းတမျိုးမျိုး ချို့ယွင်းချက်ရှိရင် လက္ခဏာမျိုးစုံပြနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ဘယ်စနစ်အပေါ် သက်ရောက်သလဲဆိုတာပေါ်လည်း မူတည်ပါတယ်။ ဟော်မုန်းမညီမျှခြင်းရဲ့ လက္ခဏာတွေကတော့

    – ကိုယ်အလေးချိန်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း

    – ပင်ပန်းနွမ်းနယ်ခြင်း

    – အပူ/အအေး မခံနိုင်ခြင်း

    – ဝမ်းချုပ်ခြင်း/ဝမ်းပျက်လွယ်ခြင်း

    အသားအရေခြောက်ခြင်း

    – မျက်နှာအမ်းခြင်း

    – နှလုံးခုန်မြန်ခြင်း/နှေးခြင်း

    ကြွက်သားများအားနည်းခြင်း

    – မကြာခဏဆီးသွားခြင်း

    – ရေငတ်ခြင်း

    – ကြွက်သားများ၊ နာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း

    – အဆစ်အမြစ်များ နာကျင်ခြင်း၊ တောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း

    – ဆံပင်များကျဲလာခြင်း၊ ကျွတ်ခြင်း

    – ဆာလောင်မှုပိုဆိုးလာခြင်း

    – စိတ်ဓာတ်ကျခြင်း

    – လိင်စိတ်ဆန္ဒနည်းပါးလာခြင်း

    – ဂနာမငြိမ်ခြင်း၊ စိတ်ပူပန်ခြင်း၊ သည်းမခံနိုင်ဖြစ်ခြင်း

    အမြင်အာရုံဝေဝါးခြင်း

    – ချွေးထွက်ခြင်း

    – မြုံခြင်း၊ ကလေးမရခြင်း စတာတွေ ဖြစ်ပါတယ်။

    အမျိုးသမီး

    အမျိုးသမီးတွေမှာ ဟော်မုန်းပြဿနာဖြစ်ရခြင်းဟာ သားဥအိမ်မှာအရည်တည်တဲ့ ရောဂါကြောင့်ဖြစ်တာ များပါတယ်။ ပုံမှန်ဟော်မုန်းထုတ်လုပ်မှုဟာ ပျိုဖော်ဝင်ချိန်၊ ကလေးမီးဖွားချိန်၊ မိခင်နို့တိုက်ချိန်၊ သွေးဆုံးချိန် စတဲ့အချိန်တွေမှာလည်း ပြောင်းလဲတတ်ပါတယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းမညီမျှတဲ့အခါ

    – ဓမ္မတာများခြင်း၊ မမှန်ခြင်း (ထိန်ခြင်း၊ မလာခြင်း၊ မကြာခဏလာခြင်း)

    – မျက်နှာ၊ မေးစေ့နှင့် ကိုယ်ခန္ဓာအနှံ့အပြားတွင် အမွေးအမျှင်များပေါက်ရောက်ခြင်း

    – မျက်နှာ၊ ရင်ဘတ်၊ ကျောကုန်းတွင် ဝက်ခြံများထွက်ခြင်း

    – ဆံပင်ပါးခြင်း၊ ကျွတ်ခြင်း

    – ကိုယ်အလေးချိန်တိုးခြင်း

    – အရေပြားများတွဲခြင်း

    – အရေပြားပေါ် အထူးသဖြင့် လည်ပင်း၊ ပေါင်ခြံ၊ ရင်သားများအောက်ခြေ မည်းလာခြင်း

    မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ကျုံ့ခြင်း

    – အတူနေစဉ် နာကျင်ခြင်း စတာတွေ ဖြစ်ပါတယ်။

    အမျိုးသား

    အမျိုးသားများသီးသန့်ကြုံနိုင်တာကတော့ တက်စတိုစထရုန်းဟော်မုန်းနဲ့ ဆက်စပ်နေလို့ ဖြစ်နိုင်ပါတယ်။ တက်စတိုစထရုန်းဟော်မုန်းနည်းပါးရင် လက္ခဏာမျိုးစုံတွေ့ရပါတယ်။ အထူးသဖြင့်

    – ရင်သားများကြီးလာခြင်း၊ နာကျင်ခြင်း

    – ပန်းညှိုးခြင်း

    – ကြွက်သားများ သေးငယ်လာခြင်း

    – လိင်စိတ်ဆန္ဒနည်းလာခြင်း

    – မုတ်ဆိတ်၊ ဆံပင် အပါအဝင် အမွေးအမျှင်များ ကျဲပါးလာခြင်း

    – အရိုးပွခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    ဘာကြောင့်ဖြစ်တတ်သလဲ

    ဟော်မုန်းဓာတ် မညီမျှခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ မျိုးစုံရှိပါတယ်။ အဖြစ်များတာတွေကတော့

    – ဆီးချို

    – သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်မလုပ်ခြင်း (ပုံမှန်အောက်လျော့ခြင်း၊ ပုံမှန်ထက်ပိုခြင်း)

    – သိုင်းရွိုက်ရောင်ခြင်း

    – ကူးရှင်းရောဂါလက္ခဏာစု

    – မျိုးပွားခြင်းအင်္ဂါများကို စေ့ဆော်သော ဟော်မုန်းဂလင်းများ ပုံမှန်အလုပ်မလုပ်ခြင်း

    – ဟော်မုန်းကုသမှုခံယူခြင်း

    – မွေးရာပါ အဒရီနယ်ဂလင်းကြီးထွားခြင်း

    – အကျိတ်များ (ဥပမာ ပီကျူထရီဂလင်းအကျိတ်)

    – ဆေးဝါးအချို့သုံးစွဲနေရခြင်း

    ထိခိုက်ဒဏ်ရာရခြင်း

    – ကင်ဆာကုသမှုခံယူခြင်း စတဲ့အကြောင်းတွေကြောင့် ဖြစ်ပါတယ်။

    ဘာလုပ်သင့်သလဲ

    သင့်ကိုယ်ခန္ဓာရဲ့ ဟော်မုန်းများ မညီမျှတဲ့ လက္ခဏာများပေါ်လာတဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်ပါတယ်။ အထူးသဖြင့် ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်များနဲ့ ပြသသင့်ပါတယ်။ ဟော်မုန်းအမျိုးအစားပေါ် မူတည်ပြီး ကုသပုံပြောင်းလဲနိုင်တာကြောင့် နားလည်တတ်ကျွမ်းသူများနဲ့ ပြသပြီး ရောဂါကို စစ်ဆေးအတည်ပြုခြင်း ပြုလုပ်ရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 08/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement