backup og meta

COVID-19 ကာကွယ်ဆေး တန်ကြေးက သေးပါ့မလား

COVID-19 ကာကွယ်ဆေး တန်ကြေးက သေးပါ့မလား

ကမ္ဘာတစ်ဝှမ်း ကပ်ဘေးတစ်ခုအသွင် ပြန့်နှံ့နေတဲ့ COVID-19 ရောဂါကို ရပ်တန့်နိုင်ဖို့ တစ်ကမ္ဘာလုံးက လူသားတိုင်းက မျှော်လင့်နေပါတယ်။ ကာကွယ်ဆေးတွေ ဖန်တီးနိုင်ဖို့ နိုင်ငံတကာ ဆေးဝါးကုမ္ပဏီတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီးတော့ အားတက်ဖွယ်ရလဒ်မျိုးတွေမြင်တွေ့လာနေရပါတယ်။

လက်ရှိမှာ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးသစ်နဲ့ Moderna ရဲ့ ကာကွယ်ဆေးသစ်တွေဟာ စမ်းသပ်မှုအဆင့်ဆင့်မှာ ၉၀%ကျော်အထိ ရလဒ်ကောင်းတွေ ထွက်ရှိခဲ့သလို ဘေးထွက်ဆိုးကျိုးလည်း မရှိခဲ့တာမို့ တရားဝင်ဆေးဝါးတွေဖြစ်လာဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေအပြင် AstraZeneca-Oxford ၊ Johnson & Johnson ၊ တရုတ်က CanSino Biologics၊ ဂျာမနီက CureVac၊ အစ္စရေးလ်က BriLife၊ အိန္ဒိယက Bharat Biotech နဲ့ ရုရှားက Dr Reddy’s-BIRAC တို့ရဲ့ ကြိုးပမ်းမှုတွေကလည်း ကာကွယ်ဆေးသစ်တွေထုတ်လုပ်နိုင်ဖို့ ပိုမိုပြီး နီးစပ်လာနေပါတယ်။

ဆေးဝါးသစ်တွေ ထွက်ပေါ်လာဖို့ အလွန်နီးစပ်လာနေပြီး ရလဒ်ကောင်းတွေ အလျှိုအလျှိုထွက်ပေါ်လာချိန်မှာ လူတိုင်းရဲ့ ခေါင်းထဲကို ဝင်လာတဲ့ ပထမဆုံးမေးခွန်းက ဘယ်တော့ရမလဲဆိုတဲ့ မေးခွန်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး လူစိတ်ဝင်စားလာတဲ့ မေးခွန်းကတော့ ဘယ်လောက်အကုန်အကျခံရမလဲဆိုတဲ့ မေးခွန်းပါ။

ကာကွယ်ဆေးတွေက ဈေးကြီးမှာလား

COVID-19 ကို ကုသရာမှာ အသုံးပြုနေတယ်ဆိုတဲ့ အမေရိကန်ဆေးဝါး Remdesivir ဟာ တစ်စုံကို အမေရိကန်ဒေါ်လာ ၃၁၀၀ ကျော်ကျသင့်ပါတယ်။ ဒီပမာဏဟာ လူတစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၂၅ သာရှိတဲ့ မြန်မာနိုင်ငံလိုတိုင်းပြည်မျိုးအတွက် အတော်လေးအဆင်မပြေတဲ့ ပမာဏတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်း လက်ရှိမှာ ထွက်ပေါ်လာမယ့် ကာကွယ်ဆေးတွေဟာ ဘယ်လိုတန်ကြေးမျိုးတွေနဲ့ ထွက်ပေါ်လာမှာလဲဆိုတဲ့အချက်ကို ချမ်းသာတဲ့တိုင်းပြည်တွေထက် ဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်တွေမှာ နေထိုင်ကြတဲ့ လူတွေက ပိုပြီး သိလိုနေကြတာပါ။

ကာကွယ်ဆေးသစ်တွေဟာ ကုသဆေး Remdesivir လို တန်ဖိုးကြီးကြီးပေးရတဲ့ ဆေးဝါးမျိုးဖြစ်လာခဲ့မယ်ဆိုရင် လူတိုင်းလက်လှမ်းမှီမှီအသုံးပြုနိုင်ဖို့အတွက် ခုထက်ပိုပြီးအချိန်ယူဖို့ လိုအပ်လာမှာဖြစ်တာကြောင့်ပါပဲ။

လက်ရှိအချိန်မှာတော့ ဆေးဝါးသစ်တွေ တရားဝင်မထွက်ရှိလာသေးပေမယ့် ထုတ်လုပ်နိုင်လုနီးပါးအခြေအနေကောင်းနေတဲ့ ဆေးဝါးတချို့ရဲ့ အကြမ်းဖျဉ်းဈေးနှုန်းတချို့ စတင်ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။

ကာကွယ်ဆေးတွေဟာ ၃ ဒေါ်လာ (၄၀၀၀ ကျပ်) ကနေ ဒေါ်လာ ၆၀ (၇၈၀၀၀ ကျပ်) အကြား ပမာဏမျိုးနဲ့ ထွက်ပေါ်လာနိုင်တယ်လို့ အကြမ်းဖျဉ်း သုံးသပ်ရပါတယ်။

ခုချိန်မှာ နာမည်ကြီးလာနေတဲ့ Moderna ရဲ့ ဆေးဝါးသစ်ဆိုရင် ၃၇ ဒေါ်လာနဲ့ ဒေါ်လာ ၆၀ အကြားလောက် တန်ကြေးရှိမယ်လို့ တရားဝင်ပြောဆိုထားပါတယ်။ အမှန်တကယ်ရောင်းချချိန်မှာတော့ ဈေးနှုန်းအနည်းငယ်ပြောင်းလဲနိုင်တယ်လို့လည်း ကုမ္ပဏီဘက်က ဆိုပါတယ်။

AstraZeneca ရဲ့ ဆေးက ၄ ဒေါ်လာဝန်းကျင် တန်ကြေးရှိမှာဖြစ်ပြီးတော့ Johnson & Johnson ၊ Sanofi and GSK တို့ရဲ့ ဆေးတွေကတော့ ၁၀ ဒေါ်လာဝန်းကျင်လို့ သိထားရပါရဲ့။

CureVac ကတော့ ဈေးနှုန်းကို အတိအကျ မကြေညာထားသေးပေမယ့် ကျင့်ဝတ်နဲ့ကိုက်ညီတဲ့ ဈေးနှုန်းဖြစ်မယ်လို့ ဆိုခဲ့ပါတယ်။ တရုတ်ကုမ္ပဏီ Sinovac ကတော့ ဒေါ်လာ ၆၀ ဝန်းကျင်နဲ့ ရောင်းဖို့ စီစဉ်နေတာပါ။

COVAX က မျှော်လင့်ချက်လား

အကြမ်းဖျဉ်းဈေးနှုန်းအရဆိုရင် ကာကွယ်ဆေးဟာ ကုသဆေးလောက် ဈေးနှုန်းကြီးမြင့်ဖွယ်မရှိပေမယ့် ဒေါ်လာ ၆၀ ဝန်းကျင်နဲ့ ထွက်လာမယ်ဆိုရင်တော့ ဝင်ငွေနည်းပါးတဲ့လူတွေအတွက် ခက်ခဲတဲ့ ပမာဏတစ်ခုဖြစ်နေဦးမယ့် သဘောဖြစ်ပါတယ်။

WHO နဲ့ EU တို့လို အဖွဲ့အစည်းတွေက ဒီပြဿနာနဲ့ ပတ်သက်ပြီး အစောပိုင်းကတည်းက ကြိုတင် ပူပန်မှုရှိခဲ့ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုလည်း ရှာဖွေခဲ့ပါတယ်။ နည်းလမ်းကတော့ COVAX ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ဖန်တီးပြီး COVID-19 ကာကွယ်ဆေးကို ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်းလက်ထဲရောက်အောင် ဖြန့်ဖြူးဖို့ ပံ့ပိုးပေးခဲ့တာပါ။

COVAX နဲ့ လက်တွဲထားတဲ့ ဆေးဝါးကုမ္ပဏီတွေကနေ ထွက်ရှိလာမယ့် ကာကွယ်ဆေးတွေကို ပမာဏ ၂ ဘီလီယံလောက်အထိ ထုတ်လုပ်ပြီး ၂၀၂၁ ခုနှစ်မကုန်ခင်မှာ ကမ္ဘာ့အနှံ့ကို ဖြန့်ဖြူးပေးနိုင်ဖို့ပါပဲ။ ဒီပမာဏဟာ ရောဂါအန္တရာယ်ကို အနီးကပ်ဆုံးရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ လူမှုကူညီရေးဝန်ထမ်းတွေ၊ ရောဂါရှိသူတွေနဲ့ အနီးကပ်ဆုံးရှိနေသူတွေကို လုံလောက်စွာ ကာကွယ်ပေးနိုင်မယ့် ပမာဏဖြစ်တယ်လို့ COVAX က ယုံကြည်ထားပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း လက်ရှိအချိန်မှာ ဆေးဝါးထုတ်လုပ်နိုင်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေတဲ့ ကုမ္ပဏီတွေထဲမှာ COVAX နဲ့ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေ မပါဝင်နေသေးတာက ပြဿနာတစ်ရပ်ဖြစ်နေပါတယ်။ တရုတ်ကုမ္ပဏီဖြစ်တဲ့ CanSino Biologics တစ်ခုသာ နောက်ဆုံးအဆင့် လူသားနဲ့စမ်းသပ်မှုပြုလုပ်နိုင်တဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိနေတာပါ။

လက်ရှိအချိန်အထိ ကာကွယ်ဆေးထွက်ရှိလာမယ့်ရက်ကို အတိအကျထုတ်ပြန်နိုင်ကြခြင်းမရှိသေးသလို WHO ရဲ့ ခန့်မှန်းချက်ကလည်း အစောဆုံးလာမယ့်နှစ် နှစ်လည်ပိုင်းကာလလို့ ဆိုထားပါတယ်။ ဒါကြောင့် အလားအလာကောင်းတွေ ရှိနေပေမယ့် ဆေးဝါးသစ်တွေ လူတိုင်းလက်ထဲရောက်လာဖို့ကတော့ အချိန်တစ်ခုအထိ စောင့်ဆိုင်းရဦးမယ့် သဘောပါ။

လူတိုင်းရဲ့ မျှော်လင့်ချက်တွေထဲမှာတော့ ကာကွယ်ဆေး စောလျင်စွာ ထွက်ပေါ်လာဖို့အပြင် တန်ဖိုးကလည်း လူတိုင်းလက်လှမ်းမှီနိုင်ဖို့ ဆိုတဲ့အချက် ပါဝင်နေပါတယ်။ ရှေ့လာမယ့် လအနည်းငယ်အတွင်းမှာ တိကျတဲ့ အဖြေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နေအိမ်မှာနေထိုင်ရင် သတ်မှတ်ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာနေထိုင်သွားဖို့ တိုက်တွန်းလိုပါတယ်။ စိတ်ချရတဲ့ကာကွယ်ဆေး လူတိုင်းလက်ထဲကို မရောက်မခြင်း ကာကွယ်ခြင်းဟာ အကောင်းဆုံးကုသခြင်းဖြစ်နေဦးမှာမို့ပါ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.ft.com/content/80f20d71-d7eb-4386-b0f2-0b19e4aed94d

https://www.npr.org/sections/health-shots/2020/08/06/899869278/prices-for-covid-19-vaccines-are-starting-to-come-into-focus

https://www.business-standard.com/article/current-affairs/coronavirus-vaccine-update-india-covid-vaccine-progress-russia-oxford-moderna-pfizer-israel-know-latest-update-on-corona-treatment-120110200178_1.html

https://www.cnbc.com/2020/11/17/covid-vaccines-how-much-they-cost-whos-bought-them-and-how-theyre-stored.html

https://www.who.int/initiatives/act-accelerator/covax

ယခုပုံစံ

06/12/2021

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement