ဝူဟန်အဆုတ်ရောင်ရောဂါက မပြီးသေးဘူး။ ခုတစ်ခါ ကြက်ငှက်တုပ်ကွေး က ရောက်လာပြန်ပါပြီ။ ဖြစ်တာကလည်း တရုတ်မှာပါပဲ။ ၂.၂.၂၀၂၀သတင်းတွေအရ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဆောင်ယန်မြို့က ကြက်ခြံမှာ ကြက်ကောင်ရေ ၇၈၅၀ကနေ ၄၅၀၀လောက် ရုတ်တရက်သေဆုံးခဲ့ကြပါတယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါ H5N1 ကြက်ငှက်တုပ်ကွေးကြောင့်လို့ သိရတဲ့အတွက် တာဝန်ရှိသူတွေက နောက်ထပ်ကြက်ကောင်ရေ ၁၇၈၂၈ကို သုတ်သင်ခဲ့ကြပါတယ်။ ရှေ့အပတ်တွေကလည်း အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေးဖြစ်တယ်ဆိုတဲ့သတင်းကြားလိုက်ရပါသေးတယ်။ ဆိုတော့ ဒီအခြေအနေမှာ ဝူဟန်ကိုပဲမည်းမနေဘဲ ကြက်ငှက်တုပ်ကွေး ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရှေ့ရာဇဝင်တွေအရ သေဆုံးနှုန်းက ၅၀ရာခိုင်နှုန်းကျော်ပါတယ်။ ဒီတော့ သူ့အကြောင်းနည်းနည်းလောက်လေ့လာကြည့်ရအောင်။
ကြက်ငှက်တုပ်ကွေး ဆိုတာဘာလဲ။
တကယ်တော့သူကလည်း တုပ်ကွေးဗိုင်းရပ်စ်(influenza virus)အမျိုးအစားပါပဲ။ A, B, C, Dဆိုပြီး၄မျိုးရှိတဲ့အထဲမှာ ငှက်တွေမှာ တွေ့ရတာက Aအမျိုးအစားပါ။ Hတွေ Nတွေဆိုတာက ဗိုင်းရပ်စ်မှာရှိတဲ့ ပရိုတိန်းအမျိုးအစားပါ။ H ၁၈ခုနဲ့ N ၁၁ခုရှိပါတယ်။ ဒါတွေပေါင်းစပ်ရာကနေ H5N1ကြက်ငှက်တုပ်ကွေးဆိုတာ ဖြစ်လာတာပါ။ ဒီဗိုင်းရပ်စ်က တောရိုင်းငှက်တွေမှာရှိတာပါ။ သူတို့ကနေ မွေးထားတဲ့ ကြက်တွေ ငှက်တွေဆီကိုကူးတယ်။ အဲ့ဒီကနေမှ လူတွေဆီကိုကူးတာပါ။
ရောဂါရာဇဝင်
ရောဂါရာဇဝင်ကိုပြန်ကြည့်မယ်ဆိုရင် ၁၉၅၉-၁၉၉၇ခုနစ်တွေကြားမှာ ကြက်တွေငှက်တွေ အစုလိုက်အပြုံလိုက်ကူးစက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ၁၉၉၇ကျမှ လူမှာစတင်တွေ့ရပြီး ကူးစက်ခံရသူ၁၈ယောက်မှာ ၆ယောက်သေဆုံးခဲ့ပါတယ်။ ၂၀၀၃မှာတစ်ခါ လူမှာကူးစက်ခံရတာကို တွေ့ရပါတယ်။ ၂၀၀၃-၂၀၁၄ထိစာရင်းတွေအရ ကူးစက်ခံရသူ၇၀၁ယောက်မှာ ၄၀၇ယောက်သေဆုံးခဲ့ပါတယ်။ သေနှုန်း၅၈ရာခိုင်နှုန်းပါ။ မြန်မာနိုင်ငံမှာတော့ ၂၀၀၇မှာ ကူးစက်ခံရသူ၁ယောက်ရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ပါဘူး။
ဘယ်လိုကူးစက်တာလဲ။
ကြက်တွေငှက်တွေကနေ လူကိုတိုက်ရိုက်မကူးနိုင်ပါဘူး။ ရောဂါပိုးရှိတဲ့ ကြက်ငှက်ကို တိုက်ရိုက်ကိုင်တွယ်တာ၊ အညစ်အကြေးတွေပေနေတဲ့ ပစ္စည်းတွေကို ကိုင်မိတာ၊ သားသတ်နေတဲ့အချိန်၊ အမွှေးနုတ်တဲ့အချိန်၊ ချက်ပြုတ်ဖို့ကိုင်တွယ်ပြင်ဆင်တဲ့အချိန်မှာ အဓိကကူးပါတယ်။ ချက်ပြုတ်ထားတဲ့ ကြက်သားကိုစားရာကနေ ကူးတယ်လို့ မပြောနိုင်သေးပါဘူး။ လူလူချင်းကူးတာမျိုးလည်း မတွေ့ရသေးပါဘူး။
ရောဂါလက္ခဏာတွေကဘာတွေလဲ။
တခြားတုပ်ကွေးတွေလိုပဲ
- ချောင်းဆိုးမယ်
- ဖျားမယ်
- လည်ပင်းနာမယ်
- ကိုယ်လက်ကိုက်ခဲမယ်
- ခေါင်းကိုက်မယ်
- မောမယ်
- ရှားရှားပါးပါးမျက်စိနာတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေဖြစ်တတ်ပါတယ်။
ဒီထက်ပိုဆိုးလာရင်တော့
- နမိုးနီးယား
- အသက်ရှူရပ်တာ
- ကျောက်ကပ်ပျက်တာ စတဲ့နောက်ဆက်တွဲတွေဝင်ပြီး သေတတ်ပါတယ်။
ကုသနည်းများ
ဗိုင်းရပ်စ်သတ်ဆေး Oseltamivir ဒါမှမဟုတ် Zanamivirကို စောစောပေးရင်ပိုကောင်းပါတယ်လို့ WHOက ထောက်ခံထားပါတယ်။ ရောဂါရှိတဲ့သူနဲ့ ထိတွေ့ပြီး ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ (post exposure prophylaxis ) တချို့သူတွေမှာ သုံးနိုင်တယ်လို့လည်း ပြောထားပါတယ်။
ကာကွယ်ဆေးရှိလား။
ကာကွယ်ဆေးရှိပေမယ့် တရားဝင်အသုံးမပြုကြသေးပါဘူး။ အောင်အောင်မြင်မြင်နဲ့ထုတ်ထားပေမယ့် H5N1ရောဂါအတွက် ဘယ်လောက်ကာကွယ်နိုင်မလဲ။ ရောဂါမပြင်းထန်အောင်ကာကွယ်နိုင်ပါ့မလားဆိုတာနဲ့ ပတ်သတ်ပြီး သေချာမပြောနိုင်ကြသေးပါဘူး။
တခြားကာကွယ်နည်းများ
အဲ့တော့အကောင်းဆုံးက ကိုယ့်ကိုယ်ကို ရောဂါပိုးမဝင်အောင်ကာကွယ်တာပါပဲ။
- အနီးပတ်ဝန်းကျင်မှာ ကြက်သေ၊ကြက်နာရှိရင် သက်ဆိုင်ရာကို သတင်းပို့ပါ။ ငှက်တွေအကြောင်းမဲ့သေတာတွေ့ရင်လည်း အကြောင်းကြားပါ။
- လက်ဆေးပါ။
- အသားငါးတွေကို သီးသန့်စဉ့်တီတုံး၊ ဓားသုံးပြီး ချက်ပြုတ်ပါ။ အသားစိမ်းနဲ့ ချက်ပြီးသားတွေ၊ တခြားဟင်းရွက်တွေနဲ့ ရောမထားပါနဲ့။
- အသားတွေကို ကျက်အောင်ချက်ပြုတ်ပါ။ အပူက ဗိုင်းရပ်စ်ကို သေစေပါတယ်။
- ကြက်ဥ၊ဘဲဥခွံတွေမှာ အညစ်အကြေးတွေပေနိုင်တဲ့အတွက် မကျက်တကျက်တွေ၊ အစိမ်းတွေမစားပါနဲ့။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]