သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အီဘိုလာ ရှာပုံတော်

အီဘိုလာ ရှာပုံတော်

အချိန်က ၁၉၇၆ ခုနှစ်

နေရာက ဘယ်ဂျီလ်ယံနိုင်ငံ၊ အန်းဝပ်မြို့။

အပူပိုင်းဆေးပညာတက္ကသိုလ်တွင် အဏုမြူဗေဒပညာရှင် ဒေါက်တာပီတာပွိုင်းရော့ တစ်ယောက် သူ၏ဓာတ်ခွဲခန်းထဲဝယ် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။ အကြောင်းက အာဖရိကတိုက်တွင်တာဝန်ထမ်းဆောင်နေသော ဘယ်လ်ဂျီယမ်ဆရာဝန်တစ်ယောက် မှ သူ့ဆီပို့လိုက်သော သွေးနမူနာတစ်ခုကို စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။ သို့သော်စိတ်ရှုပ်စရာကိစ္စတစ်ခုက ပို့လိုက်သော နမူနာပစ္စည်းဘူးတွေက မသေမသပ်၊ ကြာရှည်ခံအောင် ရေခဲစိမ်ထားသော ရေခဲများကပျော်နေပြီး စမ်းသပ်ရမည့် သွေးနမူနာကိုလည်း ကော်ဖီခွက်သာသာ ဘူးထဲထည့်ပေးလိုက်သေးသည်။ သို့ပေမဲ့လည်း သူ့တာဝန်အတိုင်း ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး မိုက်ခရိုစကုပ်ပေါ် နမူနာတွေကို ကြည့်လိုက်ချိန်တွင်မတော့ ကမ္ဘာကြီးအတွက် စောင့်ကြည့်စရာရောဂါပိုးတစ်ကောင် ထွက်ပေါ်လာပါတော့သည်။

၂၀၁၄ တုန်းက အတော်လေး ဟိုးလေးတကျော်ဖြစ်ခဲ့သည့် အီးဘိုလာ အကြောင်းကို မှတ်မိကြဦးမည် ထင်ပါသည်။ အာဖရိကတိုက် ဂီနီနိုင်ငံကစပြီး တစ်ကမ္ဘာလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည့် အီးဘိုလာရောဂါပိုးကို ပထမဆုံးစတင်တွေ့ရှိခဲ့တာ အာဖရိကတိုက်က ဇိုင်ရဲ (အခုခေတ် ကွန်ဂိုသမ္မတနိုင်ငံ) နိုင်ငံက ယန်ဘူကူ (Yambuku)ဆိုတဲ့ ရွာလေးမှာပါ။ ထိုစဉ်အချိန်တုန်းက ဆေးပညာကုသမှုရော ကာကွယ်ရေးပါ ယခုခေတ်လောက်မတိုးတက်သေး၊ ကူးစက်ရောဂါရယ်လို့ဖြစ်လာလျှင် ရှိပြီးသား ရောဂါထိန်းချုပ်ရေးနည်းလမ်းတွေ အတိုင်းသာ ကျင့်သုံးကြရသည်။

ဒေါက်တာ ပွိုင်းရော့တစ်‌ယောက် ထိုအချိန်က မိုက်စရိုကုပ်အောက်တွင် သူတွေ့ခဲ့ရသည့် အဏုဇီဝကောင်ကို အရင်က တစ်ခါမှမမြင်ဖူးခဲ့၊ သူတင်မက လုပ်ဖော်ကိုင်ဖက်တွေရော၊ ဆရာတွေပါ ထင်မြင်ချက်မပေးနိုင်ကြပေ။

“အကောင်က အဏုဇီဝပညာရှင်တစ်ယောက်အဖို့ အတော်လေးကြီးနေတယ်ဗျ။ ပုံစံကလည်း တွေ့နေကျ ပိုးမွှားပုံမဟုတ်ဘူး၊ ဒါနဲ့ နည်းနည်းဆင်တူတဲ့ အကောင်ဆို Marburg ဗိုင်းရပ်စ်ပဲ ရှိမယ် ”

ဒီ Marburg ဗိုင်းရပ်စ်ဆိုတဲ့အကောင်က လည်း သိပ်တော့ခေသူမဟုတ်။ ၁၉၆၇ ခုနှစ်က ဂျာမန်နိုင်ငံ Marburg နဲ့ Frankfurt ဆိုတဲ့ မြို့ ၂ မြို့မှာ စတင်တွေ့ရှိခဲ့ပြီး လူ ၃၁ ယောက်အသက်ကို နုတ်ယူခဲ့တဲ့ ဗိုင်းရပ်စ်ဖြစ်သည်။ ဒါပေမဲ့လည်း ပွိုင်းရော့ တစ်ယောက်သူ့မိတ်ဆွေတွေ၊ သူ့ထက်ပိုကျွမ်းကျင်တဲ့ ဆရာတွေနဲ့ ဆွေးနွေးပြီးတော့ သိလိုက်သည်။ ဒါ Marburng ဗိုင်းရပ်စ်မဟုတ်ပေ။ ဒါ့အပြင် အာဖရိကမှ သူ့မိတ်ဆွေဆီက ထပ်ကြားရသည့် သတင်းတွေက ပိုစိုးရိမ်စရာကောင်းလာသည်။

“ဖျားနာနေသူတွေ ရာချီနေပြီ၊ ကုသမှုတွေပေးနေပေမဲ့ ဘာကရောဂါဖြစ်စေမှန်းမသိတာမို့ မထိရောက်ဘူးဖြစ်နေတယ်”

သတင်းစကားက တစ်ဆင့်တစ်ဆင့်နဲ့ ပျံ့သွားသည်။ ဘာမှန်းမသိတဲ့ကူးစက် ရောဂါတစ်ခု အာဖရိကမှာဖြစ်နေတယ်၊ လူတွေလည်း သေနေပြီ။

ဒီလိုအခြေအနေတွေပိုဆိုးလာတဲ့နောက်ဆုံး အာဖရိကအထိသွားပြီး စုံစမ်းစစ်ဆေးကြည့်ဖို့ ပွိုင်းရော့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တာဝန်ပေးအပ်လိုက်တော့သည်။

လေယာဉ်ပေါ်တွင် ဒေါက်တာ ပွိုင်းရော့တစ်ယောက် အတော်လေးစိတ်လှုပ်ရှားနေသည်။ သူဘယ်တုန်းကမှ မမြင်ဖူး၊ မတွေ့ဖူးသည့် ပိုးမွှားတစ်ကောင်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည့်အတွက်လည်းကောင်း၊ သူ့ကို တာဝန်ပေးအပ်သည့်အတိုင်း ကျေပွန်အောင် လုပ်နိုင်ပါ့မလားဆိုတာကို စိတ်ပူသည်ကလည်းကောင်း စိတ်တွေရောထွေးနေခဲ့သည်။ စိတ်မကောင်းစရာ သတင်းတစ်ခုလည်း ထပ်ကြားရပြန်သည်၊ သူ ဘယ်လ်ဂျီယံမှာတုန်းက ပထမဆုံးကြည့်ခဲ့ရသည့် သွေးနမူနာပိုင်ရှင် သူနာပြုဆရာမလေး တော့ ရောဂါကိုတွန်းလှန်ရင်းအသက်ပေးသွားခဲ့ရပြီ။

ဒေါက်တာပွိုင်းရော့တို့အဖွဲ့ ကွန်ဂိုရောက်တော့ ကွန်ဂိုသမ္မတဖြစ်သူကလည်း သူတို့နည်းတူ ထိုအမည်မသိ ရောဂါဖြစ်အန္တရာယ်ကို စိုးရိမ်နေသဖြင့် သူတို့အဖွဲ့ကို လိုအပ်သမျှ ဖြည့်ဆည်းပေးသည်။ သုံးစွဲဖို့ ပစ္စည်းကိရိယာတွေရော ရောဂါဖြစ်နေသည့် နေရာ သွားဖို့လေယာဉ်တစ်စီးပါ စီစဉ်ပေးလိုက်သေးသည်။

ကွန်ဂိုမြို့တော် ကင်ရှာဆာ မှ ရောဂါဖြစ်ပွားသည့်နေရာကို ရောက်ဖို့ နောက်ထပ် ကီလိုမီတာ တစ်သောင်းလောက် ခရီးဆက်ရသေးသည်။ လေယာဉ်ပေါ်တွင် သူတို့အတွက်လိုအပ်သလို သုံးဖို့ Landrover ကားတစ်စီး၊ ကားအတွက်ဓာတ်ဆီနှင့် တခြားဆေးပစ္စည်းတွေပါလာသည်။ ပစ္စည်းကိရိယာအစုံပါပေမဲ့ လိုက်လာသည့် ဝန်ထမ်းတချို့ကတော့ သိပ်စိတ်မပါ။ သူတို့စိတ်ထဲဝယ် ဒါကို ရိုးရိုးရောဂါလို့မထင်မိ၊ အာဖရိက ထုံးစံ ရှေးအယူအဆအစွဲအလမ်းတွေကြောင့်ဟု ယူဆနေကြသည်။ ရောဂါဖြစ်သည့်နေရာကို စုန်းပြုစားလို့ဖြစ်တာ၊ နတ်ဆိုးကဒဏ်ခတ်တာ စသည့်ဖြင့် တစ်ယောက်တစ်မျိုးပြောဆိုနေကြပြန်သည်။

နောက်ဆုံးတော့ ရောဂါဖြစ်ပွားရာ ဒေသကို လေယာဉ်ဆင်းခဲ့သည်။ ပစ္စည်းတွေချ၊ စီစဉ်စရာရှိတာ စီစဉ်ပေးပြီး ခပ်သုတ်သုတ်ပြန်သွားကြသည်။ လေယာဉ်ပြန်တက်ခါနီး ပိုင်းလော့ဖြစ်သူက အားပေးသွားသေးသည်။

“Adieu” တဲ့ ပြင်သစ်လိုပြောသွားခြင်းဖြစ်သည်၊ အဓိပ္ပါယ်ကတော့ အပြီးတိုင်နှုတ်ဆက်လိုက်ပါသည် တဲ့

“ကျွန်တော့်ကို အဲ့ဒီအချိန်တုန်းက ဘယ်လိုခံစားရသလဲမေးရင် သေချာတာတော့ ကျွန်တော်မကြောက်ပါဘူး၊ အရင်တုန်းက တစ်ကြိမ်တစ်ခါမှ မတေွ့ဖူးတဲ့ ပိုးမွှားတစ်ကောင်ကို နဖူးတွေ့ဒူးတွေ့စလေ့လာရတော့မယ်ဆိုတဲ့ ခံစားချက်က အရမ်းကို စိတ်လှုပ်ရှားစေတယ်။ ဒါ့ကြောင့် ကျွန်တော်ထိပ်တိုက်ရင်ဆိုင်တွန်းလှန်ရမယ့် ရောဂါက ဘယ်လောက်ကြောက်ဖို့ကောင်းသလဲဆို မေ့သွားတာလည်း ဖြစ်ချင်ဖြစ်မယ်”

သူတို့ကို ချပေးသည့်နေရာကနေ ရောဂါဖြစ်နေသည့် ယန်ဘူကူ ရွာကလေးဆီသို့ နောက်ထပ် ၇၅ မိုင်ခန့်ခရီးနှင်ရပြန်သည်။ ယန်ဘူကူ ဆိုသည့်ရွာတွင် ဆေးရုံလေးတစ်ခုနဲ့ ကျောင်းလေးတစ်ကျောင်းသာရှိသည်။ ယခင် သာသနာပြုသူများလာရောက်ဖူးသဖြင့် ဆေးရုံနဲ့ ကျောင်းကို အဓိကအားဖြင့် ဘုန်းတော်ကြီးတစ်ယောက်နဲ့ သီလရှင်လေးများက စီမံအုပ်ချုပ်နေသည်။

ကြောက်စရာရောဂါဆိုးကြီးဖြစ်နေသော်လည်း ပတ်ဝန်းကျင်လေးက သာသာယာယာရှိလှသည်။ ဘေးပတ်လည်မှာ မိုးသစ်တောကြီးများအုပ်မိုးထားသလို မြေကြီးကလည်း အနီရောင်သမ်းနေသည်။ ဝန်းရံထားသည့် သဘာဝကြီးက လှပသလောက် နေထိုင်သူများကတော့ ငရဲကျနေသလိုပင်။

သူတို့ရောက်ရောက်ခြင်း သီလရှင်လေးတစ်ပါးက အခြေအနေတွေလိုက်လံရှင်းပြသည်။ ပြီးသည်နှင့် ဒေါက်တာပွိုင်းရော့အရေးကြီးဆုံး ပြဿနာကို ဖြေရှင်းဖို့ စဉ်းစားသည်၊ ရောဂါကူးစက်ပျံ့နှံ့မှုတစ်ခုကို ထိန်းချုပ်ရာမှာ အရေးပါဆုံးမေးခွန်း ၂ ခုနဲ့ စတင်ရသည်။

“ဘယ်က စဖြစ်တာလဲ”

“ဘယ်လိုကူးစက်တာလဲ”

ဒီလိုနဲ့ ဒေါက်တာ ပွိုင်းရော့တို့လူစု ရောဂါရှာပုံတော်ဖွင့်ရတော့သည်။

အရင်ဆုံး ရောဂါဖြစ်ပွားသည့် နေရာတဝိုက်ကို သူတို့ မြေပုံဆွဲလိုက်သည်။ ဖြစ်ပွားသည့် အနီးအနားက ရွာလေးတွေတစ်ခုချင်းစီကို သွားဖို့စီစဉ်ရသည်။ ရောဂါဖြစ်သည့် လူနာတစ်ယောက်ချင်းကိုလည်း ရောဂါနဲ့ပတ်သက်ပြီး မေးခွန်းတွေ ခရေစေ့တွင်းကျ မေးမြန်းရ၊ စမ်းသပ်ရပြန်သည်။ အဓိကအားဖြင့် သိချင်တာက

ဘယ်ကဘယ်လိုရောဂါပျံ့သွားသလဲ –

ရောဂါဖြစ်သည့် လူတစ်ယောက်ချင်းစီကို မေးမြန်းပြီး သူတို့တစ်ယောက်ကနေ တစ်ယောက်ဘယ်လိုကူးသလဲ အဖြေရှာရသည်။

လူနာတွေက ဘယ်ဒေသကလဲ –

စောစောကသူတို့ကြိုတင်ဆွဲထားခဲ့တဲ့မြေပုံအတွင်း အနီးအနားက ရွာတွေကို လှည့်လည်သွားလာကြသည်၊ တစ်ရွာချင်းစီအလိုက်စစ်တမ်းကောက်ယူကြသည်၊ ဘယ်ရွာက အရင်ဖြစ်သလဲ၊ ဘယ်လောက်များသလဲ၊ ဘယ်ကာလမှာဖြစ်တာလဲ စတာတွေကို ရှာဖွေရင်း ယန်ဘူကူရွာဆေးရုံမှာ ကုသနေတဲ့လူနာတွေနဲ့ တစ်နည်းမဟုတ်တစ်နည်းဆက်စပ်နေတာကိုတွေ့ရှိခဲ့ကြသည်။

ဘယ်သူတွေ ကူးစက်ခံတာများသလဲ – သူတို့တွေ့ရှိချက်အရ အမျိုးသမီးတွေက အမျိုးသားတွေထက် ကူးစက်ခံရတာပိုများကြောင်း တွေ့ရှိခဲ့ကြသည်။ အမျိုးသမီးမှာမှ အသက် ၁၈ နဲ့ ၃၀ ကြားတွေအဖြစ်များတာကို တွေ့ရသည်။ နောက်ပြီး ရောဂါသည်အများစုကလည်းကိုယ်ဝန်သည်တွေဖြစ်နေသဖြင့် ဗိုက်အပ်ခြင်း၊ကာကွယ်ဆေးထိုးခြင်းများပြုလုပ်ရန် ဆေးရုံကို မကြာခဏသွားနေရသူတွေ ဖြစ်နေသည်။

ဒီလို စနစ်တကျနဲ့ ရှာဖွေမှုပြုသည့်အကျိုးကျေးဇူးကြောင့် ရောဂါဖြစ်ပွားမှုက တစ်ဖြည်းဖြည်း ပုံပေါ်လာတော့သည်။

တွေ့ရှိချက်အရ ဗိုက်ကြီးသည်မိန်းမတွေအနေနဲ့ အနီးအနားတွင် အားကိုးစရာ ယန်ဘူကူဆေးရုံတစ်ခုသာရှိနေသည်၊ ထို့ကြောင့် ဗိုက်အပ်စရာရှိရင်လည်း ဒီဆေးရုံလေးသာ ပြေးကြရသည်၊ လိုအပ်သည့် ကာကွယ်ဆေးထိုးခြင်းများလည်း ဒီဆေးရုံမှာသာ လုပ်ကြရသည်၊ ခက်တာက ဆေးရုံမှာ ပစ္စည်းကိရိယာမပြည့်စုံသဖြင့် တစ်မနက်ကို ဆေးထိုးအပ် ၅ ချောင်းသာ အသုံးပြုနိုင်သည်။ ထို့ကြောင့် လူနာအင်အားနှင့် မညီမမျှဖြစ်နေသဖြင့် သုံးပြီးသားဆေးထိုးအပ်တွေကို ပြန်သုံးရသည်။ ထိုအခါ တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်ကုန်တော့သည်။

“ပြဿနာဇာစ်မြစ်ကို ကျွန်တော်တို့ အဲ့ဒီလိုနည်းနဲ့ပဲ တွေ့ခဲ့တာပဲ။ လူနာတစ်ယောက်ချင်းကို တွေ့ဆုံမေးမြန်းပြီး နောက်ဆုံးရလာတဲ့ အချက်အလက်တွေကို ပြန်တိုက်စစ်၊ ဆက်စပ်ကြည့်လိုက်တဲ့အခါ ရုပ်လုံးပေါ်လာတာပေါ့” ဟု ပွိုင်းရော့က ပြောသည်။

နောက်ထပ်တွေ့ရှိခဲ့တာ တစ်ခုကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ သူတို့ မေးမြန်းခဲ့တဲ့ရလဒ်တွေအရ လူနာအများစုသည် အသုဘတစ်ခုခုတက်ပြီးကာမှ ရောဂါစဖြစ်လာတာဖြစ်ကြောင်းတွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်အနေဖြင့် အီးဘိုလာဗိုင်းရပ်စ်ကူးစက်ခံရပြီးသေသွားလျှင်ပင် ဗိုင်းရပ်စ်ပိုးတွေက သူ့ကိုယ်ထဲတွင် အကောင်းတိုင်းရှိနေနိုင်သေးသည်။ ထို့အပြင် လူသေကို အလှအပပြင်ပေးရသော ကိစ္စဝိစ္စတွေလုပ်ပေးရသူတွေက လူသေကိုကိုင်တွယ်ရပြန်သည်။ ထိုအခါ ရောဂါကူးသည်။ အသုဘရှုလာသူများက သေဆုံးသူကို ကိုင်တွယ်ကြ၊ ငိုကြနဲ့ ထပ်ကူးသွားပြန်သည်။ ဤနည်းဖြင့် ရောဂါမှာ တစ်ယောက်ကနေ တစ်ယောက် လျင်လျင်မြန်မြန်ပျံ့သွားတော့သည်။

ရောဂါ၏အရင်းအမြစ်ကို ဖော်ထုတ်နိုင်သောအခါ ကုသမှုတွေလုပ်ရတာပိုအဆင်ပြေသွားသည်။ ပွိုင်းရော့တို့အဖွဲ့က လုပ်ဆောင်ရမည့် စည်းကမ်းတွေ တင်းတင်းကျပ်ကျပ်ချမှတ်ပေးပြီး လုပ်ဆောင်စေသည်။ ဥပမာ ရောဂါဖြစ်နေသည့် လူနာတွေကို တခြားသူတွေနဲ့ မထိတွေ့မိအောင် သပ်သပ်ခွဲခြားထားခြင်း၊ ရောဂါနဲ့သေဆုံးသွားသူများကို ထိတွေ့ကိုင်တွယ်ခြင်းမပြုဘဲ သေချာစနစ်တကျသင်္ဂြုလ်ပေးခြင်းများပြုလုပ်စေသည်။ နောက်ပြီး ဆေးရုံကိုလည်း အတိုင်းအတာတစ်ခုထိပိတ်သိမ်းလိုက်ပြီး တခြားနေရာတွင်လူနာများကို ကုသစေသည်၊ လိုအပ်သော အထောက်အပံ့ဆေးဝါးတွေထောက်ပံ့‌ပေး၊ ပိုးသတ်မှုလည်း သေချာလုပ်ပေးပြီးတော့မှ ဆေးရုံကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

သည်လို အင်တိုက်အားတိုက် ဆောင်ရွက်မှုတွေကြောင့် နောက်ဆုံးတွင်ရောဂါဆိုးကြီး ရန်ကို တွန်းလှန်နိုင်ခဲ့သော်လည်း လူ အယောက် ၃၀၀ ကျော်တော့ အသက်ပေးခဲ့ရသည်။ သို့ပေမဲ့လည်း အဆိုးထဲက အကောင်းပြောရလျှင်တော့ နောက်တစ်ခါ အလားတူရောဂါဖြစ်လာခဲ့လျှင် လုပ်ဆောင်ရမည့်လမ်းညွှန်ချက်တွေ၊ စီမံချက်တွေ ရေးဆွဲနိုင်ခဲ့သည်။

နောက်ဆုံးတွင်တော့ အန္တရာယ်လည်းလွန်မြောက်ခဲ့လေပြီ။ ဒေါက်တာပွိုင်းရော့နှင့်သူ့အဖွဲ့သားတွေလည်း ပင်ပန်းရကျိုးနပ်ခဲ့ပြီ။ ဤတစ်ကြိမ်တွင် ရောဂါကို တွန်းလှန်နိုင်ခဲ့သည့်တိုင် ဤဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ထပ်မံလေ့လာစရာတွေ တစ်ပုံတစ်ခေါင်းကြီးကျန်သေးမှန်း ဒေါက်တာပွိုင်းရော့သိရှိနေခဲ့သည်။ ရောဂါကုသမှုတွေလည်း ပြီးပြီ၊ သူတို့အဖွဲ့လည်း ပြန်တော့မည်ဆိုတဲ့အချိန်မှ တစ်ခုကိုသွားသတိရသည်။ ရောဂါကုသမှုတော့ ပြီးပြီ၊ နောက်တစ်ခါ ပြန်ဖြစ်ရင် ဘာရောဂါလို့ အမည်တပ်ကြမလဲ။ တစ်နည်းအားဖြင့် ရောဂါမှာ နာမည်လိုအပ်နေသည်။ ဘယ်လိုပေးရမှန်းမသိသည်နှင့် သူတို့လက်ရှိရောက်နေသည့် ရွာနာမည်ပေးမလားစဉ်းစားသည်။ သိပ်မသင့်တော်ပေ။ ဤမျှ ဆိုးဝါးသည့်ရောဂါကို လူနေထိုင်သည့်ရွာအမည်နှင့်တွဲပေးလိုက်ရင် ရွာအတွက်မကောင်းဟု ယူဆသည်။ နောက်ဆုံး မြေပုံဖြန့်ကြည့်တော့ သူတို့ရောက်နေသည့် ရွာအနားမှာ မြစ်တစ်စင်းရှိနေသည်၊ မြစ်အမည်က အီးဘိုလာ (Ebola River)။ ထိုအချိန်က စပြီး လွန်ခဲ့သည့် နှစ် ၄၀ ကျော်က ဘယ်လ်ဂျီယံနိုင်ငံသား ဒေါက်တာပွိုင်းရော့တစ်ယောက် အဏုမြူမှန်ပြောင်းအောက်မှာ စတင်တွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်ပိုးမှာလည်း ယနေ့ကမ္ဘာကသိရှိကြသည့် အီးဘိုလာဗိုင်းရပ်စ်ဟူ၍ အမည်တွင်သွားပါတော့သည်။

ရေးသားသူ – Dr. Htoo Tint Ko Ko

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။