ကူးစက်မြန် အဆုတ်ရောင်ရောဂါ COVID-19 ဟာ နိုင်ငံပေါင်း ၁၆၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး ရောဂါစတင်ပေါက်ပွားရာ တရုတ်နိုင်ငံ တစ်နိုင်ငံကလွဲပြီး နိုင်ငံအများစုမှာ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ရုံးကန်နေကြရဆဲဖြစ်ပါတယ်။
လျှင်မြန်တဲ့ ကူးစက်မှုနှုန်းကြောင့်လည်း နိုင်ငံတကာမှာ လူအများ စိုးရိမ်ထိတ်လန့်နေကြတဲ့ ရောဂါကပ်ဘေးတစ်ခုဖြစ်ပါတယ်။
လက်ရှိမှာ ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ လူနာအရေအတွက် ၁၉၈၃၉၄ ဦးအထိရှိခဲ့ပြီဖြစ်သလို သေဆုံးသူအရေအတွက် ၇၉၈၁ ဦးနဲ့ ပြန်လည်သက်သာလာသူ ၈၂၇၆၃ ဦးရှိနေပြီဖြစ်ပါတယ်။
ဒီရောဂါပိုးဟာ လူလူချင်းကူးစက်နိုင်သလို ထိတွေ့ကိုင်တွယ်ထားတဲ့ အရာဝတ္တုတွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့်လည်း လက်ကိုသန့်ရှင်းစင်ကြယ်စွာဆေးကြောဖို့ တိုက်တွန်းမှုတွေ မပြတ်ပြုလုပ်နေကြတာဖြစ်ပါတယ်။
သွေးအမျိုးအစားအလိုက် ရောဂါကူးစက်မှု မတူညီဘူးလား
ဒီရောဂါဆိုးကို ကုသဖို့အတွက် ပြင်ဆင်ကြိုးပမ်းနေကြမှုတွေ၊ ရောဂါနဲ့ ပတ်သက်တဲ့ လက္ခဏာသစ်တွေ၊ ကူးစက်မှုနဲ့ ပတ်သက်တဲ့ ပုံပန်းသဏ္ဍာန်တွေကိုလည်း နေ့စဉ် ရှာဖွေတွေ့ရှိနေကြပါတယ်။
ယမန်နေ့တုန်းက တရုတ်သိပ္ပံပညာရှင်တွေရဲ့ ကြေညာချက်အရဆိုရင်လည်း COVID-19 ရောဂါပိုးဟာ တခြားဆန်းကြယ်တဲ့ နည်းလမ်းတစ်မျိုးနဲ့လည်း ကူးစက်နိုင်ချေရှိတယ်လို့ ဆိုထားပါတယ်။
အဲဒါကတော့ လူတွေရဲ့ သွေးအမျိုးအစားကိုလိုက်ပြီး ရောဂါကူးစက်နိုင်ခြေ ကွာခြားတယ်ဆိုတာပါပဲ။ ရှောင်နန်ဆေးရုံ Centre for Evidence-Based and Transnational Medicine ဌာနနဲ့ ဝူဟန်တက္ကသိုလ်တို့ရဲ့ သုတေသနရလဒ်သစ်အရ COVID-19 ဟာ သွေးအမျိုးအစားကို လိုက်ပြီး ကူးစက်နိုင်ခြေ ကွာခြားတယ်လို့ ဆိုလာပါတယ်။
သုတေသနရလဒ်သစ်အရ A သွေးပိုင်ရှင်တွေဟာ ကူးစက်နိုင်ချေပိုများတယ်ဆိုတဲ့ ရလဒ်ကို တွေ့ရှိခဲ့ကြပါတယ်။ Sars-CoV-2 လို့ ခေါ်ဆိုတဲ့ COVID-19 ရောဂါပိုးကူးစက်ခံရသူတွေမှာ A သွေးပိုင်ရှင်တွေဟာ ကုသရအခက်ခဲဆုံး၊ ကူးစက်မှုခံံရဆုံး၊ ရောဂါလက္ခဏာအများဆုံးပြသသူတွေလို့ အဆိုပါ သုတေသနရလဒ်က ဖော်ပြထားပါတယ်။ အန္တရာယ်အနည်းဆုံးကတော့ O သွေးပိုင်ရှင်တွေပါတဲ့။
ဒီသုတေသနကို ရောဂါမူလစတင်ရာ ဝူဟန်မြို့နဲ့ ရှန်ကျန်းမြို့တွေကနေ လူနာတွေကို အခြေပြုပြီး စစ်ဆေးရယူထားတာဖြစ်ပါတယ်။ သုတေသနအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဝမ်ရှင်းဟွမ်ကတော့ သွေးအမျိုးအစားဟာ ရောဂါကူးစက်မှုနဲ့ သိသာထင်ရှားစွာသက်ဆိုင်မှုရှိနေတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ တရုတ်မှာတော့ A သွေးပိုင်ရှင်တွေဟာ ရောဂါကူးစက်မှု ၆၃% ဖြစ်ပြီး၊ O သွေးပိုင်ရှင်တွေကတော့ ရောဂါကူးစက်မှုနှုန်း ၅၂% လို့ သိရပါတယ်။
သုတေသနအဖွဲ့ကတော့ ဒီရလဒ်ဟာ ရောဂါတားဆီးရေးမှာ ပိုမိုအထောက်အကူဖြစ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။
ဒါပေမယ့်လည်း တခြားသော သုတေသန ရလဒ်တွေမှာတော့ မတူကွဲပြားတဲ့ အချက်အလက်တွေကို ဖော်ပြနေပြီး US National Center for Biotechnology Information (NCBI) ရဲ့ သုတေသနရလဒ်မှာတော့ O သွေးပိုင်ရှင်တွေဟာ ရောဂါကူးစက်နိုင်ခြေ ၃၇.၁၂% ၊ B သွေးပိုင်ရှင်တွေဟာ ၃၂.၂၆% ၊ A သွေးပိုင်ရှင်တွေဟာ ၂၂.၈၈% ၊ နဲ့ AB သွေးပိုင်ရှင်တွေဟာ ၇.၇၄% အသီးသီးကူးစက်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။ NCBI ဟာ ဒီသုတေသနကို အိန္ဒိယကို အခြေပြုပြီးလုပ်ခဲ့တာဖြစ်ပါတယ်။
ရလဒ်တွေအရဆိုရင်တော့ ရောဂါကူးစက်နိုင်ခြေဟာ သွေးအမျိုးအစားတွေအပေါ် မူတည်နေတယ်လို့ သက်သေပြဖို့ အနည်းငယ် ကွဲလွဲမှုတွေ ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။
သတိထားပါ
ရောဂါကူးစက်မှုဟာ နေရာဒေသအလိုက် ကူးစက်မှုနှုန်းနဲ့ ကူးစက်ခံရသူအခြေအနေ ကွဲလွဲတာမျိုးရှိနေတယ်လို့ ယူဆနိုင်ပြီး အခြေခံကျတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လူတိုင်း စနစ်တကျ ပြုလုပ်ထားဖို့က ပိုရေးကြီးတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
WHO ရဲ့ တရားဝင်အသိပေးချက်တွေအရ ရောဂါကူးစက်မှုဟာ ပြုမူနေထိုင်မှုပုံစံနဲ့ အဓိကသက်ဆိုင်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့နဲ့ ကျန်းမာရေးအသိပညာပေးချက်တွေကို လိုက်နာဖို့က အထူးအရေးကြီးကြောင်း ပြောဆိုထားပါတယ်။
ရောဂါပျံ့နှံ့မှုဟာ အသက်အရွယ်အပိုင်းအခြားနဲ့ ကိုယ်ခံအားစနစ်အပေါ်မှာသာ အဓိကမူတည်တယ်ဆိုတာကို နားလည်ထားဖို့ လိုအပ်မှာဖြစ်ပြီး ဘယ်လိုသွေးအမျိုးအစားမဆို လမ်းညွှန်ချက်တွေကို လိုက်နာခြင်းမရှိရင် ရောဂါပိုးကူးစက်နိုင်ခြေမြင့်မားနေမှာဖြစ်ပါတယ်။
ဒါကြောင့် မိမိကိုယ်ကို သန့်ရှင်းအောင် ဂရုစိုက်ပြီး လက်ကို သန့်ရှင်းအောင်ထားတာ၊ လူထူထပ်တဲ့နေရာတွေကို သွားတာမျိုး ရှောင်ကျဉ်တာ၊ ချောင်းဆိုး နှာချေနေတဲ့ အခါမျိုးတွေမှာ မျက်နှာကို နှာခေါင်းစည်းနဲ့ ကာကွယ်တာမျိုးတွေ ပြုလုပ်ဖို့ တိုက်တွန်းလိုပါတယ်။
117,946
97,819
2,484
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။