backup og meta

ကိုဗစ်လူနာ ကုသရေးမှာ အရေးပါတဲ့ အာဟာရ

ကိုဗစ်လူနာ ကုသရေးမှာ အရေးပါတဲ့ အာဟာရ

နေမကောင်းဖြစ်ရင် ပါးစပ်ပျက်တာ၊ နုံးပြီး စားချင်သောက်ချင်စိတ် မရှိတာ ဖြစ်တတ်ပါတယ်။ ကိုဗစ်မှာတော့ ဒီလိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က ခုခံအားနဲ့ အဓိကထားပြီး တိုက်ခိုက်နေရတာ ဖြစ်တဲ့အတွက် ကိုဗစ်လူနာ တွေက အာဟာရပျက်လို့ မရပါဘူး။ မရတဲ့အပြင် လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝရအောင် တိုးကျွေးသင့်ရင် ကျွေးရပါမယ်။

လူနာတွေကို ကြက်စွပ်ပြုတ်လေးတိုက်လိုက်၊ ဆန်ပြုတ်လေး တိုက်လိုက် လုပ်မယ့်အစား တိတိကျကျ ဘာတွေကို ဘယ်လောက်ပမာဏ ကျွေးရမလဲ။ ဘယ်လိုကျွေးရင် လူနာစားဖို့ ပိုအဆင်ပြေမလဲဆိုတာ အကြံဉာဏ်ပေးပါ့မယ်။

ကိုဗစ်လူနာ တွေမှာ အာဟာရပြည့်ဝဖို့ ဘာကြောင့် အရေးကြီးတာလဲ။

ခန္ဓာကိုယ်ထဲကို ရောဂါပိုးတစ်ခုခု ဝင်လာပြီဆိုရင် ခုခံအားက ပြန်လည်တိုက်ထုတ်တဲ့အတွက် ကိုယ်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဥပမာ ဖျားတယ်ဆိုတာကလည်း ရောဂါပိုးကို တိုက်ထုတ်နည်းတစ်မျိုးပါပဲ။ လူနာက ဖျားပြီဆိုရင် အပူချိန်တက်လာတဲ့အတွက် ခန္ဓာကိုယ်ကနေ ရေဓာတ်ဆုံးရှုံးမှုများလာပါတယ်။ ဒီလိုပဲ ကယ်လိုရီ လိုအပ်ချက်လည်း ပိုများလာပါတယ်။

လူကို ကြည့်လိုက်ရင် အိပ်ရာပေါ်မှာ ပက်လက်လေး၊ လှုပ်လှုပ်ရှားရှားလည်း မရှိလို့ ဒီလောက် စားဖို့ မလိုဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ လူနာကိုယ်တိုင်ကလည်း ရေဆာတာ၊ ဗိုက်ဆာတာ ခံစားရမှာ မဟုတ်ပါဘူး။ သူ့ကို မေးလိုက်ရင် မဆာဘူး၊ စားချင်စိတ် မရှိဘူးလို့ပဲ ပြောမှာပါ။ ဒါပေမယ့် ကိုယ်တွင်းမှာ တိုက်ထုတ်နေရတဲ့အတွက် အချိန်နဲ့အမျှ အာဟာရဓာတ်တွေ၊ ရေဓာတ်တွေ လိုနေနိုင်ပါတယ်။

အိပ်ရာထဲ လဲနေတဲ့သူ၊ လှုပ်လှုပ်ရှားရှား မလုပ်နိုင်တဲ့သူဆိုရင် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ အသားဓာတ်နဲ့ ကယ်လိုရီ ပိုလိုအပ်ပါတယ်။

ကိုဗစ်လူနာကို ဘာတွေ ကျွေးကြမလဲ။

  • တစ်နေ့တာ လိုအပ်တဲ့ အာဟာရ

ကိုဗစ်လူနာက တစ်နေ့ကို

ရေ- ၃လီတာ (ရေအပါအဝင် ဟင်းချိုရည်၊ ဖျော်ရည်၊ ဓာတ်ဆား)

ကယ်လိုရီ- ၂၀၀၀-၂၅၀၀

ပရိုတင်း- ၇၅-၁၀၀ ဂရမ် လိုအပ်ပါတယ်။ ဒီပမာဏကို တစ်နေ့တာမှာ နည်းနည်းစီ ခွဲပြီး ပြည့်မီအောင် ကျွေးရမှာပါ။

  • နာရီတိုင်း အရည်ဝင်ပါစေ။

၁၅မိနစ် တစ်ခါလောက် ရေ (အရည်) ၂-၄ အောင်စလောက် ဝင်ပါစေ။ ဒါက ခွက်ရဲ့ ၄ပုံ ၂ပုံကနေ ခွက်တစ်ဝက် ပမာဏလောက်ထိ ရှိပါတယ်။ ရိုးရိုးရေ၊ ထမင်းရည်၊ အာဟာရမှုန့်ကို ဖျော်ထားတဲ့အရည်၊ ဓာတ်ဆား၊ ကြက်ပြုတ်ရည် အကုန်ရပါတယ်။ ကယ်လိုရီနဲ့ ပရိုတင်းများတာဆို ပိုကောင်းပါတယ်။ လူနာက ခဏခဏစားဖို့ အဆင်မပြေဘူးဆိုရင် စားတိုင်း စားတိုင်းမှာ အာဟာရပါနေဖို့ လိုပါတယ်။  ရေများများသောက်တာက သွေးမခဲဖို့ကိုလည်း အထောက်အကူပြုပါတယ်။

  • ကယ်လိုရီများများ၊ ပရိုတင်း များများ

-ဆာဆာ၊ မဆာဆာ ၂-၃နာရီခြားတစ်ခါ ကျွေးပါ။ လူနာ ဆာမှ မကျွေးပါနဲ့။ လူနာက ရောဂါကြောင့် နုံးပြီး မဆာဘူးပဲ ပြောမှာပါ။ ဆေးကို အချိန်နဲ့ သောက်သလို အစာကို အချိန်နဲ့သာ ကျွေးပါ။

-အစားမဝင်ဘူးဆိုရင် အားရှိဖို့ ခန္ဓာကိုယ်က ကြွက်သားတွေကို ဖြိုသုံးပါလိမ့်မယ်။ ဒါကြောင့် လူနာတွေက ကိုဗစ်ဖြစ်ပြီးရင် ပိန်ကျသွားတာပါ။ ဒါ ကောင်းသော ကြွက်သားတွေ ဆုံးရှုံးတာဖြစ်တဲ့အတွက် ကောင်းသော ပိန်ခြင်း မဟုတ်ပါဘူး။ ကိုဗစ်မှာ ဖိစီးမှုလည်း ပိုများတဲ့အတွက် သာမန်အချိန်ထက် ကယ်လိုရီပိုစားဖို့ လိုပါတယ်။

-တစ်ရက်ကို ပရိုတင်း ၇၅- ၁၀၀ ဂရမ်လောက် ဝင်အောင် ကျွေးပါ။ ဒါက အသား ၅-၆ ကျပ်သားလောက်ရှိပါတယ်။ ကြက်သား ကျွေးလို့ရပါတယ်။ အနီရောင်အသားဆို အဆီမပါတာ ဖြစ်ရပါမယ်။ အသားမစားတဲ့သူဆို မြေပဲ၊ နို့၊ ကြက်ဥ၊  ဒိန်ချဉ်၊ ချိစ်၊ ပရိုတင်းအမှုန့်တွေ ဖျော်တိုက်နိုင်ပါတယ်။

-ကိုဗစ်ဖြစ်နေချိန်မှာ ကယ်လိုရီကို မလျှော့ပါနဲ့။ ပါးစပ်ပျက်လို့ အစားမဝင်တဲ့အတွက် တိုးပြီး စားသင့်ပါတယ်။ နို့၊ သစ်သီးဖျော်ရည် ဒီလိုမျိုး နည်းနည်းစား၊ များများကယ်လိုရီတက်တာတွေ စားပေးပါ။

ကျန်းမာရေးနဲ့ ညီတဲ့အဆီတွေ ပိုစားပေးပါ။ ဥပမာ ထောပတ်သီး။

-ထမင်းကြီးတွေ ကြားမှာ အာဟာရမှုန့်တွေ ဖျော်တိုက်ပါ။ ကိုဗစ်လူနာတွေမှာ အောက်ဆီဂျင်ကျလို့ ရှူနေရရင် လူကောင်းတွေလို မဝါးနိုင်ကြပါဘူး။ အာဟာရအရည်တွေ၊ အမှုန့်တွေ ဖျော်တိုက်ပြီး ကယ်လိုရီ ဖြည့်ပေးရမှာပါ။

-သာမန်အချိန်တွေလို မနက်စာ၊ နေ့လယ်စာ၊ ညစာ သုံးနပ် ကျွေးဖို့ လွယ်မှာ မဟုတ်ပါဘူး။ နာရီပိုင်းလောက် ခြားပြီး နည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။

  • အသီးအရွက်၊ အသီးအနှံတွေ ပါအောင်ကျွေးပါ။

တစ်ရက်ကို အသီးအနှံ တရုတ်ထမင်းပန်းကန် ၂လုံးစာ၊ အသီးအရွက်ဆို တရုတ်ထမင်းပန်းကန် ၂လုံးခွဲ စားပေးပါ။ ဆီးချိုရှိတဲ့သူက အသီးတွေကို ထမင်းကြီးနဲ့ အချိန်ခွာစားပါ။ ဒါမှမဟုတ် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။

အသီးအရွက်တွေကို မီးပြင်းပြင်းနဲ့ ကြော်တာ၊ ပြုတ်တာက ဗီတာမင်တွေကို ဆုံးရှုံးစေပါတယ်။ ပေါင်းတာ၊ မီးမပြင်းဘဲ ကြော်ပြီး ကျွေးနိုင်ပါတယ်။

  • အဆီကို အသင့်အတင့် စားပေးပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီကို စားပေးပါ။ ဥပမာ ငါးဗိုက်သား၊ ထောပတ်သီး၊ မြေပဲလို အစေ့အဆန်တွေ၊ သံလွင်ဆီ၊ နေကြာဆီ။ ပြည့်ဝဆီ၊ တိရိစ္ဆာန်က ရတဲ့ အဆီကို ရှောင်ပါ။ တာရှည်ခံ အသားတွေ ရှောင်ပါ။ ဥပမာ စဉ်သွပ်ဘူး၊ ဝက်အူချောင်း၊ ကြက်အူချောင်း။

  • အငန်၊ အချို လျှော့ပါ။

ဟင်းချက်တဲ့အခါ ငံပြာရည်၊ အကြည်ရည်၊ အနောက်ရည်၊ ခရုဆီ စတာတွေ လျှော့ပါ။ ဆားဆို လူနာတစ်ယောက်အတွက် တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းထက် မပိုပါစေနဲ့။ အသင့်စား မုန့်တွေ မကျွေးပါနဲ့။ အချိုရည်တွေ၊ ဂတ်စ်ပါတဲ့ အအေးတွေကို တတ်နိုင်သမျှ လျှော့ပါ။

  • အိမ်မှာပဲ ချက်စားပါ။

အပြင်စာကို အားမကိုးဘဲ အိမ်မှာပဲ တတ်နိုင်သမျှ ချက်စားပါ။ လတ်လတ်ဆတ်ဆတ် စားစရာတွေကို အိမ်မှာ ပူပူနွေးနွေး၊ သန့်သန့်ရှင်းရှင်း ချက်ပြုတ်စားသောက်ပါ။

  • အားဆေးတွေ အလွန်အကျွံ မသောက်ပါနဲ့။

ဗီတာမင်တွေနဲ့ ကိုဗစ်ကို သက်သာစေသလားဆိုတာ လေ့လာချက်တွေက အနည်းငယ်သာ ရှိပြီး တိကျတဲ့ အဖြေမထွက်သေးပါဘူး။ ဒါကြောင့် အားဆေးတွေကို အလွန်အကျွံ မသောက်ပါနဲ့။ သောက်ချင်ရင် ဗီတာမင်အစုံ ပါတာကို တစ်မျိုးသောက်ရင် ရပါပြီ။ အစားဝင်အောင် ကျွေးပါ။ အစားမဝင်တဲ့ လူနာဆို အာဟာရဆရာဝန်နဲ့ ပြပါ။ အစားနည်းတဲ့၊ မဝင်တဲ့ လူနာကို အားဆေးတွေပဲ မတိုက်သင့်ပါဘူး။

ကိုဗစ်လူနာ တွေအတွက် အစာက ဆေးပါ။ ဆေးလို သဘောထားပြီး အချိန်မှန်မှန်၊ ပမာဏမှန်မှန် အာဟာရပြည့်အောင် စားမှသာ ရောဂါအမြန်သက်သာပြီး နာလန်ထမြန်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nutritioncare.org/uploadedFiles/Documents/Guidelines_and_Clinical_Resources/COVID19/COVID19%20Patient_Nutrition%20Quick%20Facts.pdf

http://www.emro.who.int/nutrition/news/nutrition-advice-for-adults-during-the-covid-19-outbreak.html

 

ယခုပုံစံ

09/09/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ကြောင့် အိပ်မပျော်ခြင်း Coronasomia

ကိုဗစ်ရောဂါ ခံစားနေရသူတိုင်း လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement