ဒါကြောင့် ကိုဗစ်ဖြစ်ပြီးလည်း စိတ်ချလို့ မရသေးပါဘူး။ သာမန်နဲ့ မပြင်းထန်တဲ့ သူတွေက သေသေချာချာ နားဖို့ လိုပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးစစ်ချင် စစ်ပါ။ ပြင်းထန်လူနာတွေလည်း ဒီတိုင်းပါပဲ။ သူတို့ဆို ပိုတောင် ဂရုစိုက်ဖို့ လိုပါသေးတယ်။ အပြင်ထွက်ဖို့၊ အလုပ်ပြန်လုပ်ဖို့ စိတ်မလောဖို့ လိုပါတယ်။
ဆေးစစ်ပြီး အပြင်ထွက်လို့ ရမရ ဆုံးဖြတ်လို့ရလား။
ဆေးစစ်တယ်ဆိုတာ နှာခေါင်းနှိုက်ပြီး စစ်တဲ့ Antigenတို့၊ သွေးဖောက်ပြီး စစ်တဲ့ Antibodyတို့ကို ပြောတာပါ။ ခုလူတိုင်း လက်လှမ်းမီတာကတော့ Test kitတွေပေါ့။ ဒါတွေနဲ့ ပြန်စစ်ဖို့ လိုလားဆိုတာပါ။
ပထမလှိုင်းတုန်းက ဆေးရုံတွေမှာ လူနာတွေကို နှာခေါင်းနှိုက်ပြီး ခုtest kitထက် ပိုတိကျတဲ့ စက်ကြီးတွေနဲ့ စစ်တာကို မှတ်မိဦးမယ်နဲ့ တူပါတယ်။ အဲ့တုန်းကဆို စစ်လို့ မပေါ်တော့မှ အိမ်ပေးပြန်တာဆိုတော့ တချို့ဆို လနဲ့ချီနေရတာတွေ ရှိပါတယ်။ နောက်ပိုင်း အသစ်အသစ်တွေ တွေ့လာပြီး ၁၁ရက်ကျော်ရင် မကူးတော့ဘူးဆိုတာ သိလာရတော့ သာမန်လူနာတွေဆို ၁၁ရက်ပြည့်တယ်၊ နေကောင်းတယ်ဆိုရင် အိမ်ပေးပြန်ပါတယ်။ အများစုကို ထပ်မစစ်တော့ပါဘူး။
စစ်ရင်တော့ တွေ့ကောင်းတွေ့နိုင်ပါတယ်။ ပေါ့စတစ်ပြနိုင်ပါတယ်။ တချို့ဆို လနဲ့ချီပြီး ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဒါက ဗိုင်းရပ်စ်အပိုင်းအစတွေကြောင့် ပေါ့စတစ်ဖြစ်တယ်၊ ကူးနိုင်လောက်အောင် အားမရှိဘူးလို့ ပြောလို့ရပါတယ်။ ပိုပြီး သေချာချင်ရင်တော့ Cycle threshold စစ်လို့ ရပါတယ်။
နောက်တစ်ခုက Antibodyပါ။ အများစုက ကိုဗစ်ဖြစ်ပြီးရင် Test kitတွေနဲ့ Antibodyစစ်ကြပါတယ်။ Ig Mပေါ်ပြီ Ig G ထွက်ပြီ စသဖြင့် ပြောလေ့ရှိပါတယ်။ Antibody တွေက အရင်က ပိုးဝင်ဖူးတယ်ဆိုတာကိုပဲ ပြောပြနိုင်တာပါ။ Antibody ထွက်တာနဲ့ သူများကို မကူးနိုင်တော့ဘူး။ သက်သာလာပြီလို့ သတ်မှတ်လို့ မရပါဘူး။
ဥပမာ Ig M ဆိုရင် လက္ခဏာပြပြီး ၅ရက် ၁ပတ်လောက်နေရင် ထွက်တာဆိုတော့ Antibody ထွက်ပြီဆိုပြီး အဲ့ဒီအချိန် အပြင်ထွက်ရင် သူများကို ကူးမှာပါ။ ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် ခုခံအားက တိုက်ထုတ်လို့ အချိန်တန်ရင် Antibody က ထွက်မှာပါ။ ဒါပေမယ့် ဒါက သက်သာလာတယ်လို့ ပြောလို့မရပါဘူး။ Antibody ထွက်ပြီး အောက်ဆီဂျင် ရှူနေရတဲ့သူတွေလည်း ရှိပါတယ်။
ဒါကြောင့် ခြုံပြောရရင် အပြင်ပြန်ထွက်လို့ ရမရဆိုတာ ရောဂါဖြစ်တဲ့ရက်၊ လက္ခဏာတွေ သက်သာသလားဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ ဆေးတွေ စစ်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ သိစေချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။