home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

COVID-19 ရဲ့ နောက်ဆက်တွဲလှိုင်းလုံးက စိတ်ရောဂါစွဲကပ်မှုလား

COVID-19 ရဲ့ နောက်ဆက်တွဲလှိုင်းလုံးက စိတ်ရောဂါစွဲကပ်မှုလား

မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်ခံရသူ များလာနေပြီမို့ နေအိမ်ကနေ အပြင်ကို မထွက်ကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ပြီး သတိပေးထားကြရတဲ့အထိပါပဲ။ သင်္ကြန်ပွဲတော်ကြီးဟာလည်း COVID-19 ကြောင့် ဖျက်သိမ်းလိုက်ရပြီမဟုတ်လား။

ခုလို ရောဂါဆိုးကြီး ပျံ့နှံ့လာတော့ လူတွေလည်း အပြင်မထွက်ရ ဘာမထွက်ရ၊ ဟိုမသွားရ ဒီမသွားရနဲ့ စိတ်ကျဉ်းကျပ်ဖွယ် စိတ်ညစ်ညူးဖွယ် အချိန်တွေနဲ့ ရင်ဆိုင်လာကြရပါတယ်။ လူဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုကြတဲ့အခါ ပေါင်းသင်းဆက်ဆံရေးသတ္တဝါလို့ ဆိုကြတယ်မဟုတ်လား။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ လှုပ်ရှားသက်ဝင်နေဖို့ လိုအပ်တယ်မဟုတ်လား။ ဒါကြောင့်လည်း ခုလို အပြင်မထွက်ပဲ နေအိမ်ထဲမှာပဲ နေထိုင်ဖို့ တားမြစ်ခံထားရချိန်မှာ လူအများစုမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်ကြရတာပါ။

လူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်လာနေကြရတာကတော့အမှန်ပဲဖြစ်နေပြီးတော့ အထီးကျန်တာ၊ ပူပင်သောကများတာနဲ့ စိတ်ပင်ပန်းဆင်းရဲတာတွေကို အနည်းနဲ့အများဆိုသလို ကြုံနေကြရပါတယ်။ ရောဂါကြောင့် ပူပင်ရတဲ့သောကနဲ့ အပြင်ထွက်ခွင့်မရချိန်မှာ ရင်ဆိုင်ရတဲ့ စိတ်ညစ်ညူးမှုတွေကြောင့် ခုလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်လာရတာဖြစ်ပါတယ်။

ဘော့စတွန်တက္ကသိုလ်၊ အများပြည်သူဆိုင်ရာ ကျန်းမာရေးကျောင်းက ရောဂါဗေဒပညာရှင်တွေရဲ့ လေ့လာချက်တွေအရဆိုရင်တော့ ခုလို လနဲ့ချီပြီး နေအိမ်အတွင်းကနေ အပြင်မထွက်ဖို့ တားမြစ်ခံထားရတာဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပိုမိုဆိုးရွားလာစေနိုင်ပြီး စိတ်ဝေဒနာစွဲကပ်မှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာစေလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ကပ်ဘေးရဲ့ နောက်ထပ် လှိုင်းလုံး

လနဲ့ချီကြာ Isolation အလုပ်ခံထားရမှုတွေကြောင့် စိတ်ဝေဒနာခံစားရသူ အရေအတွက်ဟာ အလွန်အမင်းမြင့်တက်လာနိုင်ပြီး ဒီအခြေအနေဟာ COVID ကပ်ဘေးရဲ့ နောက်ထပ်ရိုက်ခတ်လာမယ့် လှိုင်းလုံးဖြစ်လိမ့်မယ်လို့ အဆိုပါ သုတေသနရလဒ်မှာ ဖော်ပြထားပါတယ်။

ဒီလို ကာလရှည်ကြာ အိမ်တွင်းအောင်းနေမယ်ဆိုရင် လူတွေအနေနဲ့ –

  • စိတ်ဓာတ်ကျလာတာ၊
  • စိတ်ဆိုး၊ ဒေါသထွက်လွယ်လာတာ၊
  • အိပ်မပျော်တာ၊
  • စိုးရိမ်ပူပန်စိတ်တွေ တိုးပွားလာတာ၊
  • ရည်ရွယ်ချက်ပျောက်ဆုံးတာ၊
  • အလိုလို ဝမ်းနည်းနေတတ်တာ စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့်လည်း နေအိမ်အတွင်းကနေ အပြင်မထွက်ဖို့ တားမြစ်ခံထားရတာ၊ တခြားသော လူနေမှုဘဝဆိုင်ရာ အပြုအမူတွေကို တားမြစ်ပိတ်ပင်ခံထားရတာတွေဟာ လူတွေရဲ့ စိတ်ကို စိတ်ဒဏ်ရာအဖြစ် ထိခိုက်စေလိမ့်မယ်လို့ မြို့ရွာတွေကို ပိတ်ပင်မှုစတင်ချိန်တွေကတည်းက ပညာရှင်တွေက သတိပေး ပြောဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပိုမိုပြင်းထန်တဲ့သတိပေးချက်တွေ ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံအလိုက် အစိုးရတွေကလည်း စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ဖြေလျှော့ပေးဖို့ အပြင်းအထန်ကြိုးပမ်းနေကြပြီး စိတ်ဝေဒနာဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ပေးသွားမယ်လို့ အသီးသီး ကြေညာချက်တွေ ထုတ်ပြန်နေကြပါတယ်။

ဘော့စ်တွန် တက္ကသိုလ်က ပညာရှင်တွေရဲ့ အဆိုအရဆိုရင်တော့ မရေရာမှုတွေနဲ့ နေထိုင်နေရတဲ့ ဘဝအခြေအနေနဲ့ ဆိုးရွားလှတဲ သတင်းဆိုးတွေကိုသာ နေတိုင်းကြားသိနေရမှုတွေဟာ လူတွေရဲ့ အတွင်းစိတ်က ပူပင်သောကကို ထုထည်ပမာဏကြီးမားအောင် အင်နဲ့အားနဲ့ မြှင့်တင်ပေးနေတယ်လို့ ဆိုထားပါတယ်။

ပုံမှန်အခြေအနေ ပြန်ဖြစ်ပါ့မလား

အခြေအနေတွေအားလုံးတည်ငြိမ်ပြီး သာမန်ဘဝကို ပြန်လည်ရောက်ရှိချိန်မှာတောင်မှ သူတို့အနေနဲ့ ပုံမှန်စိတ်အခြေအနေပြန်ဖြစ်ဖို့ အထောက်အပံ့အကူအညီတွေလိုအပ်လိမ့်မယ်လို့ ဆိုထားပါတယ်။

လတ်တလော အခြေအနေတွေမှာတော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပုံမှန်အနေအထားမှာ ထိန်းသိမ်းထားနိုင်ဖို့ အထီးကျန်ခြင်းကို ဖြေဖျောက်နိုင်တဲ့ နည်းလမ်းတစ်ချို့ကို အသုံးချပြီး ပြင်ဆင်ထားလို့ရပါတယ်။

ဒီနည်းလမ်းတွေကတော့ –

  • စိတ်ကြိုက် ရုပ်ရှင်တွေ၊ စီးရီးတွေကို အတိုးချကြည့်တာ၊
  • စိတ်ကြိုက် လေ့ကျင့်ခန်းတွေ လုပ်တာ၊
  • စာဖတ်တာ၊
  • နေ့စဉ် နေအိမ်ကို သန့်ရှင်းရေးလုပ်တာ
  • ရေမှန်မှန်ချိုးတာ၊
  • ဟင်းအမယ်သစ်လေးတွေ ချက်ပြုတ်လုပ်ကိုင်ကြည့်တာ၊
  • ဝါသနာအသစ်တွေ လေ့လာတာ၊
  • ဂိမ်းဆော့တာ၊
  • သီချင်းနားထောင်တာ၊ သီချင်းအော်ဆိုတာ
  • ချစ်ရတဲ့သူတွေ၊ မိတ်ဆွေသင်္ဂဟတွေနဲ့ Online ကနေတဆင့် အဆက်အသွယ်မပြတ်အောင် နေထိုင်တာ၊
  • အာဟာရပြည့်ဝစွာ အစား စားအသောက်တာ … စတာတွေပါပဲ။

တချို့များဆိုရင် ရက်ထပ်နှစ်နဲ့ တိုက်တဲ့ သင်္ကြန်ကာလကို ကြုံရမှာမို့ အပြတ်ကဲဖို့ ပြင်ဆင်ထားပြီးမှ ခုတော့ အိမ်တွင်းအောင်းနေရလို့ စိတ်ညစ်နေကြရသလို နိုင်ငံတာမှာဆိုလဲ ဆုမ်ခရမ်၊ အီစတာစတဲ့ အားလပ်ရက်တွေနဲ့ လွဲချော်ကြလို့ စိတ်ညစ်နေကြရသူတွေ တပုံတပင်ရယ်ပါ။ ဒါပေမယ့်လည်း တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာကြီးမို့ ဘယ်သူမှ ဘာမှမတတ်နိုင်ကြဘူးလေ။

ဒါပေမယ့်လည်း ဒီကပ်ဘေးကို ကာကွယ်နိုင်ဖို့ လူချင်း ထိတွေ့မှု လျှော့ချဖို့၊ အိမ်ပြင်ကို တတ်နိုင်သမျှ မထွက်ဖို့၊ လက်ပုံမှန်ဆေးဖို့ စတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် ခုလို အိမ်တွင်းအောင်းနေပြီး နေနေရတာဟာ စိတ်ဖိစီးမှုအပါအဝင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံရစေနိုင်တာမို့ COVID-19 ကိုသာမက မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း ဂရုစိုက်ကြဖို့ တိုက်တွန်းပါရစေ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 12/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။