သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

COVID-19နဲ့ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများ

    COVID-19နဲ့ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများ

    ခုဆိုရင် တစ်ကမ္ဘာလုံးမှာ COVID-19 ကြောင့် သေတဲ့သူတွေလည်း သေ၊ ပြန်လာမယ်ပြောပြီး မလာနိုင်တော့တဲ့ သူတွေလည်း အများကြီး၊ မိသားစုနဲ့ ရက်ရှည်လများ ခွဲခွာနေရတဲ့ သူတွေ၊ အိမ်ထဲမှာပဲ ခြေချုပ်မိနေတဲ့သူတွေ၊ စီးပွားရေး ထိခိုက်ပြီး လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ သူတွေ၊ အလုပ်မဆင်းနိုင်တော့လို့ ငွေကြေးပြတ်တောက်သွားတဲ့ သူတွေ၊ ပြောရရင် နက်ဖြန်ဘာဖြစ်လာမယ်မှန်းတောင် မမှန်းရဲတော့ပါဘူး။ နိုင်ငံတကာကလည်း ဒီရောဂါက နှစ်ပေါက်ဦးမယ် ပြောထားတယ်။ ခုထိ ကာကွယ်ဆေးရော၊ ကုသဖို့ ဆေးရော မတွေ့သေးဘူး။ ကုန်ကုန်ပြောရရင် ဒီရောဂါနဲ့ ပတ်သတ်ပြီး လူတွေ မောပန်းနေကြပါပြီ။ စိတ် ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့။ မြန်မြန်ပြီးစေချင်ကြပါပြီ။ အားလုံးက ရောဂါနဲ့ ပတ်သတ်ပြီး ကာကွယ်ကုသနေတဲ့ အချိန်မှာ သူတို့ရဲ့ အတွင်းစိတ်မှာ ဒီရောဂါကြောင့် အမာရွတ်တွေ မကျန်စေချင်ပါဘူး။ ဒါကြောင့် နည်းလမ်းတချို့ကို ပြောပြပေးပါ့မယ်။

    စိတ် ဖိစီးမှုကို ကျော်လွှားခြင်း

    COVID-19 ကြောင့် လူတိုင်းမှာ ကြောက်လန့်မှုတွေ၊ စိုးရိမ်မှုတွေ အပြည့်ပါပဲ။ ဒီစိတ်ဖိစီးမှုတွေကို ကျော်လွှားပြီး သင်ရော၊ သင့်မိသားစုရော၊ သင့်ပတ်ဝန်းကျင်ရော ကြံ့ကြံ့ခံရအောင်လား။

    ဘယ်လိုစိတ်ဖိစီးမှုတွေ ခံကြရမှာလဲ။

    • ပုံမှန်ရှင်သန်နေရာကနေ အသက်ရှင်ဖို့ ရုန်းကန်နေရတယ်ဆိုတဲ့ ခံစားချက်မျိုး
    • ကိုယ့်ကိုယ်ကို စိုးရိမ်တာ
    • ကိုယ်ချစ်ရတဲ့သူတွေကို ဆုံးရှုံးမှာ စိုးရိမ်တာ
    • မျှော်လင့်ချက် မဲ့သလို ခံစားရတာ
    • ငွေကြေးအဆင်မပြေတာ
    • အလုပ်အဆင်မပြေတာ
    • အထီးကျန်တာ စတာတွေပဲဖြစ်ပါတယ်။

    လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ဖိစီးမှုကို တုံ့ပြန်ပုံခြင်းမတူပါဘူး။

    ပြင်းပြင်းထန်ထန် တုံ့ပြန်ကြတဲ့ သူတွေကတော့

    • အသက်ကြီးတဲ့ သူတွေ၊ နာတာရှည် ရောဂါအခံရှိတဲ့ သူတွေ
    • ကလေးငယ်တွေ
    • COVID-19 ကို ရှေ့တန်းက ခုခံနေတဲ့သူတွေ (ဥပမာ ဆရာဝန်၊ သူနာပြု)
    • နဂိုတည်းက စိတ်ရောဂါအခံရှိတဲ့ သူတွေ၊ ဆေးစွဲနေတဲ့သူတွေ

    ဒီလို ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ ရနိုင်တဲ့ စိတ်ဖိစီးမှုတွေကတော့

    • ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့ သူတွေရဲ့ ကျန်းမာရေးကို စိုးရိမ်တာ
    • အအိပ်ပျက်၊ အစားပျက်တာ
    • အာရုံစူးစိုက်လို့ မရဘဲ တစ်ချိန်လုံး ဒီရောဂါကိုပဲ စိတ်ရောက်နေတာ
    • ရောဂါအခံရှိတဲ့သူတွေက သူတို့ရောဂါအတွက် စိုးရိမ်လာတာ
    • စိတ်ဖိစီးမှုတွေ များပြီး အရက်သောက်တာ၊ ဆေးသုံးတာ

    ကဲ အဲ့တော့ ဘာလုပ်ကြမလဲ။

    ခု လုပ်စရာလည်းမရှိ အိမ်ထဲမှာပဲ နေနေရတာဆိုတော့ ဖုန်းတွေ၊ TVတွေကို ခဏခဏကြည့်ဖြစ်ပါလိမ့်မယ်။ ဒီမှာ ဒီကပ်ရောဂါသတင်းကို ခဏခဏကြားရ၊ ဟိုမှာ တွေ့ပြန်ပြီ၊ ဒီမှာ တွေ့ပြန်ပြီ ဆိုပြီး ကြာလာရင် စိတ်ဓာတ်ကျလာပါလိမ့်မယ်။ ဒီတော့

    • ဖုန်းတွေ၊ TVတွေကနေ ခဏလောက် အနားပေးပါ။ ခဏခဏကြားနေရတာက ပိုပြီး စိတ်ရှုပ်စေပါတယ်။ ကောလာဟလတွေ၊ သတင်းမှားတွေကြောင့်လည်း ပိုပြီး စိုးရိမ်ရပါတယ်။ သေချာတဲ့ သတင်းကိုပဲ နားစွင့်နေပါ။
    • ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ အရင်က အလုပ်များလို့ ပစ်ထားခဲ့မိသမျှ ခုတိုးပြီး ဂရုစိုက်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။ တရားထိုင်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အရင်က မနက်ကို မထချင်ဘဲ ရုံးတက်ခဲ့ရသမျှ ခုအတိုးချပြီး နားပါ။ အစားကောင်းကောင်းစားပါ။
    • အရင်က ကိုယ်အချိန်မရလို့ မလုပ်ခဲ့ရတာတွေကို လုပ်ကြည့်ပါ။
    • မိသားစုကို အချိန်ပေးပါ။ စကားပြောပါ။
    • မတွေ့ရတာကြာတဲ့ သူငယ်ချင်းဆီကို ဖုန်းဆက်ပါ။ ကိုယ်ခံစားရတာတွေ သူခံစားရတာတွေ ဖလှယ်ပါ။ ဒါမှ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာသိပြီး စိတ်ဖိစီးမှု သက်သာမှာပါ။

    ကလေးရှိတဲ့ မိဘတွေအတွက်ရော

    လူကြီးတွေကတော့ ဟိုတွေး ဒီတွေးနဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်နိုင်ပေမယ့် ကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ လူကြီးတွေကလည်း ပြာနေမယ်။ အရင်လို ကျောင်းလည်း မသွားရတော့ဘူး။ သူငယ်ချင်းတွေနဲ့လည်း မတွေ့ရတော့ဘူးဆိုပြီး စိတ်ဖိစီးနေမှာပါ။ ပါးစပ်ကဖွင့်မပြောပေမယ့် ဒါမျိုးလေးတွေ လုပ်ပြတတ်ပါတယ်။

    • အကြောင်းမရှိ ငိုယိုဂျီကျတာ
    • အရင်က အကျင့်ဆိုးတွေ ပြန်ပေါ်တာတာ (အိပ်ရာထဲ ရှူးပေါက်ချတာ)
    • မစား မအိပ်တာ
    • ကောင်းကောင်း မဆော့တာ့ဘဲ ငိုင်နေတာ
    • ဖျားသလို နာသလို ဖြစ်တာ

    ဒါကြောင့် မိဘတွေက အရင် တည်တည်ငြိမ်ငြိမ်နေပြရမှာပါ။ ကလေးကို ဆူတာ ရိုက်တာလည်း မလုပ်ရပါဘူး။ သူတို့ ခံစားရတာကို မေးမြန်းပြီး နားလည်ပေးရမှာပါ။

    ရှေ့တန်း တိုက်စစ်မှူးတွေ အတွက်ရော

    ရှေ့တန်းမှာ ကုသမှု ပေးနေတဲ့ ဆရာဝန်၊ သူနာပြုတွေ၊ ဆေးပညာရှင်တွေက စိတ်ဖိစီးမှု အများဆုံးနေမှာပါ။ သူများတွေက ရောဂါရှင်တွေနဲ့ ဝေးဝေးနေတဲ့ အချိန်မှာ သူတို့က နီးနီးနေရမှာပါ။ ဒါကြောင့်

    • ဆေးကုနေချိန်အတွင်းမှာလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ There is no emergency in pandemic ပါ။
    • မိသားစုကိုလည်း စိတ်မပူဖို့ ပြောပါ။ အချိန်ရတိုင်း ကိုယ်အဆင်ပြေနေကြောင်း ဖုန်းဆက်ပါ။
    • ကိုယ်ရော စိတ်ပါ ပင်ပန်းလာလို့ မခံနိုင်တော့ရင် အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့။ ကိုယ့်နောက်မှာ ကိုယ့်ကို စိတ်ပူနေတဲ့သူတွေ ရှိတယ်ဆိုတာ သတိရပါ။

    Quarantine အလုပ်ခံရတဲ့သူတွေ

    တကယ်တော့ Quarantine လုပ်တယ်ဆိုတာ သင်ကနေ သူများကို ရောဂါကူးနိုင်ချေရှိတယ်လို့ (ရောဂါလက္ခဏာမရှိပေမယ့်) ပညာရှင်တွေက ယူဆတဲ့အတွက် ပတ်ဝန်းကျင်နဲ့ ၁၄ရက် သီးသန့်ခွဲထားတာပါ။ အပြစ်လုပ်လို့ ချုပ်ထားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒါနဲ့ပတ်သတ်ပြီး စိတ်သောကရောက်တာတွေ၊ ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေ မလုပ်ပါနဲ့။ ဒါက ကျန်းမာရေး လုပ်ထုံးလုပ်နည်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်တာက သင်ချစ်တဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ကို ကာကွယ်နေတာပဲလို့ တွေးပြီး ဂုဏ်ယူလိုက်ပါ။

    နောက်ပြီး ခုတလောမှာ ပြည်တော်ပြန်တွေနဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်မှာ “သူတို့ပြန်လာလို့ ရောဂါတွေပါလာတာ” လို့ အပြစ်တင်တာ တွေ့ရပါတယ်။ ဒီလို အပြစ်တင်လိုက်တာက ပြဿနာတွေကို မပြေလည်စေပါဘူး။ နိုင်ငံတကာမှာ ဖြစ်နေတဲ့ အတွက် ဘယ်သူ့မှာမဆို ရောဂါပိုးရှိနေနိုင်ပါတယ်။ သူတို့လည်း ရှိနေစေချင်တာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အရေးကြုံလို့ မိသားစုဆီပြန်လာတဲ့ သူတွေပဲ။

    Patient zeroဆို ပိုတောင်ဆိုးပါသေးတယ်။ သူ့ကို အပြစ်တင်တာ၊ ခွဲခြားဆက်ဆံတာတွေ မလုပ်သင့်ပါဘူး။ ဒါက နောင်အခါမှာ ရောဂါလက္ခဏာပြသူတွေ၊ ပြည်တော်ပြန်တွေကို Quarantine လုပ်ဖို့ ခက်ခဲသွားမှာပါ။ “ငါ့ကို ဆဲတော့မှာပဲ။ အပြစ်တင်တော့မှာပဲ” ဆိုပြီး ကုသမှုမခံယူရင်၊ Quarantineအလုပ်မခံဘဲ နှုတ်ဆိတ်နေမယ်ဆိုရင် ပိုဆိုးသွားပါမယ်။ လုပ်သင့်တာက သူတို့ကို Quarantine ရဲ့ ကောင်းကျိုးတွေကို ပြောပြီး Quarantine အလုပ်ခံတဲ့သူတွေကို ချီးကျုးပေးရမှာပါ။ သူတို့နဲ့ သူတို့မိသားစုကို ခွဲခြားမဆက်ဆံဖို့၊ အပြစ်မတင်ဖို့ပါ။

    လွန်ခဲ့တဲ့လက အမေရိကမှာ အာရှသားတွေကို COVID-19 က သူတို့ကြောင့် ဖြစ်ရတာဆိုပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုတွေများပြီး မဆိုင်တဲ့သူတွေကိုပါ ဒုက္ခပေးနေတာကို တွေ့ရပါတယ်။ COVID-19 အလွန်မှာ ဒီလို ခွဲခြားဆက်ဆံခံရမှုတွေ မရှိဖို့ မျှော်လင့်ပါတယ်။ အစက ဝူဟန်မြို့မှာ စတွေ့တာမို့လို့ ဝူဟန်ဗိုင်းရပ်စ်လို့ ခေါ်ကြပေမယ့် ဒီနာမည်ကိုကြားတိုင်း ဝူဟန်မြို့သားတွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာရမှာစိုးလို့ COVID-19 လို့ပဲ ခေါ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ နင်တို့ကြောင့် ဖြစ်တာ၊ နင်တို့ အစားသရမ်းလို့ ဖြစ်တာဆိုတဲ့ စွပ်စွဲမှုတွေ မရှိစေချင်ပါဘူး။

    COVID-19 အလွန် အိပ်မက်ဆိုးများ

    မြန်မာနိုင်ငံအတွက်တော့ COVID-19 က ဒုတိယ နာဂစ်လိုပါပဲ။ တစ်ခါခံဖူးထားလို့ သတိကြီးကြီးထားတတ်နေပါပြီ။ ဒါ ဝမ်းသာစရာပါ။ COVID-19 အလွန်မှာ ကိုယ့်ရဲ့ စိတ်မှာ ခံစားရတာတွေ ရှိနေမယ်ဆိုရင် စိတ်ရောဂါဆရာဝန်နဲ့ ပြဖို့ ဝန်မလေးပါနဲ့။ မရှက်ပါနဲ့။ လူတစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်မတူပါဘူး။ ဒီခေတ်ကြီးမှာ စိတ်ရောဂါဆရာဝန်နဲ့ပြတာ အထူးအဆန်း မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးက ကိုယ်ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ ဂရုစိုက်ဖို့ လိုကို လိုပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Htet Htet Zaw Win မှ ရေးသားသည်။ 14/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: