backup og meta

COVID-19 ကို ရင်ဆိုင်ဖို့ ဒီအချက်တွေကို လိုက်နာပါ


Ye Zon Aung မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 ကို ရင်ဆိုင်ဖို့ ဒီအချက်တွေကို လိုက်နာပါ

    ပြည်တွင်းမှာ COVID-19 ရောဂါကူးစက်ခံထားရတဲ့ လူနာတွေ တစ်နေ့တခြားများလာတာဖြစ်တဲ့အတွက် ဒေသခံလူထုအနေနဲ့ အရင်ကထက်ပိုပြီး မိမိနဲ့ မိမိပတ်ဝန်းကျင်ကို အလေးထား စောင့်ရှောက်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

    တစ်ကိုယ်ရေသန့်ရှင်းမှုပိုင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းတွေမှာ ပိုမိုအလေးအနက်ထားဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ ဖြစ်နိုင်ရင် Social Distancing နည်းလမ်းကိုအသုံးပြုပြီး ရောဂါကူးစက်မှုဘေးကို ကာကွယ်နိုင်ပါတယ်။

    တရုတ်၊ အီတလီ၊ အီရန်၊ စပိန်၊ တောင်ကိုရီးယားစတဲ့ တိုင်းပြည်တွေမှာ ရောဂါကူးစက်ပြန့်နှံ့မှု လျင်မြန်ခဲ့တာမို့ ဝေဒနာရှင်အရေအတွက် အရှိန်အဟုန်နဲ့ တိုးမြင့်သွားခဲ့ပြီး သေဆုံးမှုနှုန်းလည်း မြင့်မားခဲ့ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ သေဆုံးနှုန်းဟာ ၄.၄% သာရှိတာမို့ တခြားရောဂါကပ်ဘေးကြီးတွေနဲ့ နှိုင်းယှဉ်ရင် အတော်နည်းပါးတဲ့ ပမာဏဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း နိုင်ငံတချို့မှာ ရောဂါကူးစက်နှုန်းမြန်နေတာ၊ မိမိတို့တိုင်းပြည်က အများပြည်သူသုံး တက္ကဆီ၊ ကယ်ရီ၊ YBS စတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကလည်း ကူးစက်နိုင်ချေမြင့်မားနေတာတွေကြောင့် သတိကြီးကြီးထားပြီးနေထိုင်ဖို့ လိုအပ်နေတာတော့ အမှန်ပါ။

    ဒါကြောင့် ခုလိုအချိန်မှာ မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ရောဂါကူးစက်မှုမဖြစ်ပွားအောင် တားဆီးကာကွယ်နိုင်ဖို့ လိုအပ်နေပါတယ်။ ကာကွယ်မှုတွေပြုလုပ်နိုင်ဖို့ဆိုရင် လိုက်နာ စောင့်ထိမ်းရမယ့် နည်းလမ်းတွေရှိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အဆိုပါနည်းလမ်းတွေကို လိုက်နာပြီး ရောဂါကူးစက်နိုင်ချေကို ကာကွယ်နိုင်ပါတယ်။

    ဘာတွေ ဆောင်လို့ ဘာတွေ ရှောင်ကြမလဲ

    • DO – လက်ကို စင်ကြယ်စွာ ဆေးပါ။ အနည်းဆုံး စက္ကန့် ၂၀ လောက်ကြာအောင်ဆေးပါ။ ရေနဲ့ ဆပ်ပြာနဲ့ ဆေးတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါတွေမရနိုင်ရင်တော့ အယ်လ်ကိုဟော ၆၀% နဲ့အထက်ပါဝင်တဲ့ Hand Sanitizer/Hand Gel မျိုးနဲ့ ဆေးကျောသန့်စင်ပါ။ ဘယ်အချိန်တွေမှာ ဆေးရမလဲဆိုရင် အစားအစာမစားခင်၊ အိမ်သာသုံးပြီးချိန်၊ နှာချေ ချောင်းဆိုးပြုလုပ်ပြီးချိန်၊ လူအများအသုံးပြုထားတဲ့ ပစ္စည်းတွေကို ကိုင်တွယ်မိပြီးချိန်တွေမှာ အဓိက ဆေးကျောရမှာဖြစ်ပါတယ်။
    • DON’T – မျက်စိ၊ ပါးစပ်၊ နှာခေါင်း စတာတွေကို ထိကိုင်တာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ တကယ်လို့ ကိုယ့်မှာ ပိုးကပ်ငြိနေတယ်ဆိုရင် မျက်နှာအစိတ်အပိုင်းတွေကို ထိကိုင်မိတာက ရောဂါပိုးကိုယ်ထဲကို ဝင်ရောက်နိုင်ဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်စေနိုင်ပါတယ်။ နှာခေါင်းစည်းတပ်ဖို့လည်း မမေ့ပါနဲ့။
    • DO – ရောဂါလက္ခဏာတွေကို စစ်ဆေးနေပါ။ ချောင်းဆိုးတာ၊ နှာချေတာ၊ ဖျားတာ၊ နာတာ၊ အသက်ရှူရခက်တာတွေဟာ ရောဂါက္ခဏာတွေဖြစ်ပါတယ်။ ဒီအချက်တွေကိုယ့်မှာ ရှိနေတယ်ဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။
    • DO – အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ရှောင်ကြဉ်ပါ။ တကယ်လို့ မိမိတို့ရဲ့ အိမ်မှာ အသက် ၆၀ နဲ့ အထက်အရွယ် လူကြီးသူမတွေရှိနေရင် ပိုဂရုစိုက်ပေးပါ။ သူတို့ကို အပြင်မထွက်ပဲ နေအိမ်ထဲမှာပဲ နေထိုင်စေတာက အကောင်းဆုံးပါပဲ။ လူကြီးတွေဟာ ရောဂါကြောင့်ထိခိုက်နိုင်ချေမြင့်မားပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါစတဲ့ ဝေဒနာခံစားနေရသူတွေဟာ ပိုပြီးသတိထားနေထိုင်ဖို့ လိုအပ်ပါတယ်။
    • DON’T – နေမကောင်းရင် ဒါမှမဟုတ် နှာစေး၊ ချောင်းဆိုးတာမျိုး ဖြစ်နေရင် ခရီးလုံးဝမသွားပါနဲ့။ ဒီလိုအချိန်မျိုးမှာ ခရီးသွားတာဟာ မိမိကိုယ်တိုင်ကိုသာမက အများပြည်သူအတွက်ပါ အန္တရာယ်များတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။
    • DO – မိမိဟာ ရောဂါကူးစက်ခံရသူရှိတဲ့ တိုင်းပြည်၊ နေရာ၊ ဒေသက ပြန်လာသူဆိုရင် သတ်ဆိုင်ရာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း တိတိကျကျ လိုက်နာနေထိုင်ပါ။ မြန်မာပြည်မှာတော့ နေအိမ်အတွင်းမှာ ၁၄ ရက်ကြာ ကွာရန်တင်း လုပ်ပြီး နေထိုင်ဖို့ စည်းမျဉ်းသတ်မှတ်ထားပါတယ်။
    • DON’T – အကြောက်မလွန်ပါနဲ့။ ရောဂါကူးစက်မှုဟာ တချို့သောနိုင်ငံအနည်းငယ်လောက်မှာကလွဲပြီး နိုင်ငံအများစုမှာ ထင်သလောက် ကြောက်ဖို့ မကောင်းပါဘူး။ သေဆုံးနှုန်းကလည်း နည်းပါတယ်။ အလွန်အမင်းကြောက်ရွံ့တာမျိုး မဖြစ်ပါစေနဲ့။ သတိရချိန်တိုင်းမှာ လက်ဆေးပေးပါ။
    • DO – social distancing နည်းလမ်းနဲ့ နေထိုင်နိုင်အောင် ကြိုးစားနေထိုင်ပါ။ လူစုလူဝေးကို ရှောင်ပါ။ လူတစ်ဦးနဲ့ တစ်ဦးအကြား ၆ ပေလောက် အကွာကနေ ပြောဆိုဆက်ဆံပါ။
    • DON’T – တုပ်ကွေး တစ်မျိုးမျိုးခံစားရရင် စနစ်တကျ ကုသနိုင်ဖို့ ကြိုးစားပါ။ ကိုယ့်မှာ တုပ်ကွေးရှိနေတာကြောင့် ယုန်ထင်ကြောင်ထင် အထင်ခံရမှာကို မစိုးရိမ်ပါနဲ့။ ကျန်းမာရေးဌာနကို မဖြစ်မနေသွားပြီး အလျှင်အမြန်ပျောက်ကင်းအောင် ကုသပါ။
    • DO – ကျန်းမာရေးကို အထူးအလေးပေး ဂရုစိုက်ပါ။ ခုချိန်မှာ လေ့ကျင့်ခန်းအလွန်အမင်းလုပ်တာတွေ၊ Candle Light Dinner တွေ၊ အစားလျှော့ပြီး ဝိတ်ချတာတွေ ရပ်ပစ်ပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ အစားအစာကို ဝဝလင်လင်နဲ့ အာဟာရပြည့်ပြည့်ဝဝစားသောက်ဖို့ အရေးကြီးပါတယ်။
    • DON’T – အရာဝတ္ထုတွေကို ကိုင်တွယ်ရမှာကို မကြောက်ပါနဲ့။ ရောဂါပိုးဟာ မာကျောတဲ့ မျက်နှာပြင်တွေမှာ ကပ်ညှိနေနိုင်တာမှန်ပေမယ့် အရာရာကို အထိမကိုင်ရဘူးလို့ မသတ်မှတ်ထားပါဘူး။ တစ်စုံတစ်ခုကို ကိုင်တွယ်ပြီးတိုင်း ပုံမှန်လက်ဆေးပေးပြီး ဘေးရန်ကို ကာကွယ်နိုင်ပါတယ်။
    • DO – ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေရဲ့ ကျန်းမာရေး အခြေအနေကိုလည်း လေ့လာ အကဲခတ်ပါ။ ဘေးအန္တရာယ်ရှိတဲ့ ကျန်းမာရေးအခြေအနေမျိုးကို တွေ့မြင်ရရင် တာဝန်သိသိ သက်ဆိုင်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားပါ။

    နေမကောင်းဘူးလို့ ခံစားနေရချိန်မှာ လိုက်နာရမယ် Dos and Don’ts များ

  • DO – နေမကောင်းတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ၊ အသက်ရှူရ ခက်တာမျိုးတွေ ခံစားနေရရင် အကူအညီပေးနိုင်မယ့်သူကို ဦးစွာ ရှာဖွေပါ။ နီးစပ်ရာဆေးဆိုင်ကနေ ဆေးဝယ်သောက်တာမျိုးထက် ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး protocol အတိုင်း ကုသမှုခံယူပါ။
  • DON’T – ဆရာဝန်နဲ့ တွေ့ဆုံဖို့ မိမိဆန္ဒအလျောက် အပြင်ကို ထွက်မသွားပါနဲ့။ တက္ကစီ၊ YBS စတဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေနဲ့ သွားလာတာဟာ တခြားပြည်သူတွေအတွက်လည်း အန္တရာယ်ရှိနိုင်ပါတယ်။
  • DO – နှာစေး၊ ချောင်းဆိုးချိန်တွေမှာ လက်ကိုင်ပုဝါ ဒါမှမဟုတ် တစ်သျှူးစက္ကူစနဲ့ အကာအကွယ်ပြုလုပ်ဖြစ်တယ်ဆိုရင် ကိစ္စပြီးတာနဲ့ အဆိုပါ အစကို အမှိုက်ပုံးထဲကို လျှင်မြန်စွာ ထည့်ပြီး အမှိုက်ပုံးကို လုံခြုံစွာ ဖုံးပိတ်ထားပါ။
  • DON’T – ကိုယ့်မှာ ရောဂါသံသယရှိနေတယ်ဆိုရင် မိသားစုဝင်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်ဆက်ဆံမှုမျိုး ရှောင်ကျဉ်ပါ။ သီးခြားခွဲနေပါ။
  • DO – ကိုယ့်မှာ ဖျားတာနာတာ ခံစားနေရတယ်၊ ဒါမှမဟုတ် ရောဂါကူးစက်ခံထားရတယ်လို့ သံသယရှိနေတယ်ဆိုရင်တော့ မျက်နှာဖုံးတပ်ထားနိုင်ပါတယ်။ ဒါပေမယ့် နည်းမှန်လမ်းမှန်တပ်ဖို့ လိုအပ်သလို လမ်းညွှန်ချက်တွေကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။
  • DON’T – ကိုယ့်ဆန္ဒနဲ့ကိုယ် ပိုးသတ်ဆေးတွေ၊ ပဋိဇီဝဆေးတွေ မသောက်ပါနဲ့။ အဆိုပါဆေးတွေဟာ ဘက်တီးရီးယားတွေကို နှိမ်နင်းနိုင်တာမှန်ပေမယ့် COVID-19 ရောဂါကို ဖြစ်စေတဲ့ SARS-CoV-2 ရောဂါပိုးဟာ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ အမျိုးအစား တူညီမှုမရှိပါဘူး။
  • DO – နေအိမ်ကို စနစ်တကျ သန့်ရှင်းပေးနိုင်မယ့်သူ အိမ်မှာ ရှိပါစေ။ ရောဂါကို ကာကွယ်နိုင်ဖို့ရောဂါ ပိုးတွေ မပြန့်ပွားနိုင်ဖို့ရော နေအိမ်ကို စနစ်တကျ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။
  • DON’T – ဖျားနာနေရင် လမ်းဘေးဆေးဆိုင်တွေက စပ်ဆေးတွေ ဝယ်ယူသောက်သုံးတာမျိုး လုံးဝမလုပ်ပါနဲ့။
  • အထက်ပါနည်းလမ်းတွေဟာ ရောဂါကူးစက်လာနိုင်ချေကို ရာခိုင်နှုန်းအများအပြား လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ လက်ရှိမှာ COVID-19 ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးဝါးမျိုးကို တရားဝင်ထုတ်ဖော်ကြေညာနိုင်ခြင်းမရှိသေးပါဘူး။

    ဒါကြောင့် မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်ကို ကိုယ်တိုင်ကာကွယ်မှုပြုလုပ်တာကသာ ရောဂါကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ခုချိန်အထိ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်ချက်တွေအရဆိုရင်လည်း ဖြစ်မှကုတာထက် ကြိုတင်ကာကွယ်တာကသာ အကောင်းဆုံးနည်းလမ်းလို့ ဆိုထားတယ်မဟုတ်လား။

    [covid_19]

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement