သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

COVID-19 ဗိုင်းရပ်စ် ကို ရင်ဆိုင်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ

    COVID-19 ဗိုင်းရပ်စ် ကို ရင်ဆိုင်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ

    တရုတ်နိုင်ငံ ဝူဟန်မြို့ရဲ့ သားငါး ပင်လယ်စာဈေးတစ်ခုမှ အခြေခံကာ နိုင်ငံပေါင်း ၁၀ နိုင်ငံ လောက်ထိ ပျံ့နှံ့လျက်ရှိပြီး လူ ၂၇၀၀ ကျော်ကူးစက်ခြင်းခံနေရတဲ့ ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကိုCOVID-19 ဗိုင်းရပ်စ် ဟု အမည်ပေးခဲ့ပြီးဖြစ်ပါတယ်။ ၂၀၀၂ မှာဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှုန်း ၁၅ ရာခိုင်နှုန်းထိရှိခဲ့တဲ့ SARS (ပြင်းထန်အဆုတ်ရောင်ရောဂါပိုး) နှင့် ၂၀၁၂ မှာဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှုန်း ၃၆ ရာခိုင်နှုန်းရှိခဲ့တဲ့ MERS (အရှေ့လယ်ပိုင်းဒေသ ပြင်းထန်အဆုတ်ရောင်ရောဂါပိုး) တို့နှင့် အုပ်စုတူပြီး ကူးစက်မှုနှုန်းပိုမိုမြန်ဆန်သည်ဟု ယူဆထားခြင်းခံရပါတယ်။ ဒီ ဗိုင်းရပ်စ်ဟာ စတင်တွေ့ရှိတဲ့ ၂၀၁၉ နှစ်ကုန်ကနေ ယခုချိန်ထိ သေဆုံးသူ ၈၀ ဦးရှိသွားပြီဖြစ်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်စုထဲမှဖြစ်သော်လည်း မျိုးရိုးဗီဇအသစ်ဖြစ်တဲ့အတွက် သိပ္ပံပညာရှင်များ၊ ဆရာဝန်များ အခက်တွေ့နေရခြင်းမှာ တိကျသေချာတဲ့ ရင်းမြစ်၊ ရောဂါလက္ခဏာနှင့် ရောဂါကိုရှာဖွေ အတည်ပြုဖို့ နည်းလမ်းတွေ ခက်ခဲနေတာကြောင့်ဖြစ်ပါတယ်။
    တရုတ်နိုင်ငံတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာပါ ကူးစက်ခံရသူအရေအတွက် တရိပ်ရိပ်တက်လာတာနဲ့အမျှ COVID-19 ဗိုင်းရပ်စ်နဲ့ တိုက်ပွဲဝင်ဖို့အတွက် နည်းလမ်းတွေကို ရှာဖွေရမှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ COVID-19 ဗိုင်းရပ်စ် ဘယ်လောက်လွယ်လွယ်ကူကူ ကူးစက်နိုင်လဲဆိုတာကို မသိခြင်း။

    ဗိုင်းရပ်စ်ပိုးတစ်ခုကို ထိန်းချုပ်ဖို့ဆိုရင် ဒီမေးခွန်းတွေမှာ အဖြေရှိရပါတယ်။
    -ရောဂါပျိုးချိန် (incubation period) ဘယ်လောက်ကြာလဲ။
    -ရောဂါလက္ခဏာ စပြတဲ့ချိန်မှာ စတင် ကူးစက်နိုင်တာလား။
    -ရောဂါလက္ခဏာ မပြသေးတဲ့ ကူးစက်ခံရတဲ့သူကနေ တဆင့်ရော ကူးစက်နိုင်သလား။
    -ရောဂါလက္ခဏာပြတာ ဆိုးလေလေ ကူးစက်နိုင်စွမ်း ပိုများလေလား။ (SARS ဟာ ရောဂါလက္ခဏာပြပြီးရင် ကူးစက်နိုင်စွမ်းလျော့နည်းသွားပါတယ်။ Ebola ကတော့ ရောဂါလက္ခဏာစပြတာနဲ့ ပိုပြီး ကူးစက်နိုင်ပါတယ်။)
    ဒီမေးခွန်းတွေအတွက် အဖြေမရှိသရွေ့တော့ COVID-19 ကို ထိန်းချုပ်ဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။

    ၂။ ပြင်းထန်သော အဆုတ်ရောင်ခြင်းကို ထိန်းချုပ်ဖို့ ခက်ခဲခြင်း။

    SARS တို့ MERS တို့လိုမျိုး COVID-19 ရဲ့ အဓိက ရောဂါလက္ခဏာမှာ ပြင်းထန်တဲ့ အဆုတ်ရောင်ခြင်း (Pneumonia) ဖြစ်တယ်။ ဆေးပညာအရ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပုံမှန် အဆုတ်ရောင်ခြင်းဟာ လွယ်လွယ်ကူကူနဲ့ ပျောက်ကင်းနိုင်တဲ့အတွက် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်လာတဲ့အခါမှာ ပဋ္ဋိဇီဝဆေးမရှိပါဘူး။ ဒါတင်မကဘူး၊ COVID-19 ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကြောင့် ကိုယ်ခံအားကျဆင်းသွားတဲ့အခါ နောက်ထပ် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါဟာ ထပ်ဆင့် ဝင်ရောက်လာတတ်တဲ့အတွက် ထိန်းချုပ်ရတာပိုမိုခက်ခဲလာပါတယ်။ ဒါကို မထိန်းချုပ်နိုင်ရင် ရောဂါပိုးဟာ သွေးထဲရောက်သွားပြီး သွေးဆိပ်တက်ခြင်း၊ ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းတွေ ဖြစ်ရာမှ သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။

    ၃။ ရောဂါနောက်ဆက်တွဲအခြေအနေတွေကို ထိန်းချုပ်ဖို့ခက်ခဲခြင်း

    အဆုတ်ရောင်ခြင်း ပိုဆိုးလာတာနဲ့ အဆုတ်တစ်ရှူးတွေ ပျက်စီးယိုယွင်းခြင်း ဖြစ်ပါတယ်။ အဆုတ်တစ်ရှူးတွေ ပျက်စီးယိုယွင်းခြင်းကြောင့် ခန္ဓာကိုယ်မှာ အောက်ဆီဂျင်မလုံလောက်တဲ့အတွက် လူနာတွေကို အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွေ့ရပြီး အောက်ဆီဂျင်စက်တွေနဲ့ အဆိုးဆုံးအခြေအနေတွေမှာ အသက်ရှူစက်တွေတပ်ထားပေးရပါတယ်။
    တရုတ်လိုမျိုး နိုင်ငံကြီးတွေမှာတောင် အထူးကြပ်မတ်ကုသဆောင် (Intensive Care Unit) တွေဟာ လူအမြောက်အမြားကို တစ်ပြိုင်တည်း ကုသဖို့အတွက် အခက်အခဲအများကြီး ကြုံတွေ့ရပါတယ်။

    ၄။ ရောဂါလက္ခဏာတွေကို ခွဲခြားဖို့ခက်ခဲခြင်း

    လေဆိပ်တွေ၊ ကားဂိတ်တွေ၊ နယ်စပ်တွေ၊ ပြည်ဝင်ဂိတ်တွေ၊ ဆေးရုံတွေမှာ အဖျားတိုင်းပြီး ရောဂါပိုး ကူးစက်ခံနေရ၊ မရဆုံးဖြတ်ပါတယ်။
    အဖျားတက်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ရိုးရိုးရာသီဖျားကစလို့ ကိုယ်ဝန်သည်တွေမှာပါ ခန္ဓာကိုယ်အပူချိန်တက်နေနိုင်ပါတယ်။

    ဒါကြောင့် ရောဂါရှိ၊မရှိဆုံးဖြတ်တဲ့နေရာမှာ false positives လို့ခေါ်တဲ့ (ရောဂါမရှိဘဲရှိတယ်လို့ယူဆခံရခြင်း) တွေအများကြီးပါလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဖျားရှိတဲ့သူတိုင်းကို ရောဂါရှိမရှိစစ်ဆေးအတည်ပြုဖို့ ထိန်းချုပ်ထားတဲ့အတွက် လူအင်အား၊ စက်ပစ္စည်းကိရိယာအင်အား၊ အချိန် မလောက်ငှမှုတွေကို ကြုံတွေ့ရပါတယ်။ (တရုတ်နိုင်ငံမှာ ဆေးဝန်ထမ်းများမှာ ဆေးရုံမှာ ၂၄ နာရီ ဂျူတီတွေကို ဆက်တိုက်ဆင်းနေရပြီး ပင်စင်ယူပြီးသား ဆရာဝန်တွေကပါ ကူညီနေရပါတယ်။)

    ပိုဆိုးတာက ရောဂါလက္ခဏာဟာ ကူးစက်ခံရပြီး ၁၀ ရက်-၁၄ ရက်မှာမှ စပြတာဖြစ်နိုင်တဲ့အတွက် အဖျားမရှိတိုင်း ရောဂါမရှိဟု သတ်မှတ်လို့မရပါဘူး။ ရောဂါလက္ခဏာကလည်း ပုံမှန် အဖျားကြီးတာ၊ ချောင်းဆိုးတာမျိုးနဲ့ မဟုတ်ဘဲ ဝမ်းလျှောနေတဲ့သူကို ဓာတ်မှန်ရိုက်၊ ရင်ဘတ်ကွန်ပျူတာ ဓာတ်မှန် (CT chest) ရိုက်ကြည့်လိုက်မှ ရောဂါရှိကြောင်း ပေါ်လာသူတွေလည်း ရှိပါတယ်။
    ထောင်၊သောင်း၊ သိန်းချီတဲ့ လူထုကို ရောဂါရှိမရှိ စစ်ဆေးဖို့ဆိုတာ ဒီရောဂါပိုးကို ဆက်ပြီး မပျံ့အောင် ထိန်းချုပ်ဖို့ လိုအပ်တဲ့လုပ်ဆောင်ချက်ဖြစ်ပေမယ့် လက်တွေ့မှာတော့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။

    ၅။ တခြားရောဂါအခံရှိနေသော သူများ ကူးစက်ခံရခြင်း

    ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ တခြား ကိုယ်ခံအားကျဆင်းစေနိုင်တဲ့ နှလုံးရောဂါ တို့လို ရောဂါအခံရှိပြီးသူတွေမှာ ရောဂါပိုမိုကူးစက်နိုင်သလို၊ ပိုပြင်းထန်တာကိုလည်း တွေ့ရပါတယ်။
    COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးရသူတွေမှာ အသက်ကြီးပိုင်းသူများနှင့် ရောဂါအခံရှိပြီးသူ အများစုပါဝင်တာကိုလည်း တွေ့ရပါတယ်။
    မြွေ၊ လင်းနို့ကနေ စတင်ကူးစက်တယ်လို့ ယူဆခံထားရတဲ့ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးရိုးဗီဇပြောင်းလဲနိုင်စွမ်းရှိတယ်လို့လည်း သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။

    စစချင်းမှာ တိရစ္ဆာန်ကနေ လူကိုပဲ ကူးစက်နိုင်တယ်လို့ ကြေငြာထားပေမယ့် နောက်ပိုင်း ဝူဟန်မြို့ အသားဈေး၊ ငါးဈေးနဲ့ မသက်ဆိုင်တဲ့သူတွေပါ ကူးစက်ခံရတာကို တွေ့ရှိရတဲ့အခါ လူလူချင်းကူးစက်နိုင်တယ်လို့ သိရတာဖြစ်ပါတယ်။
    ဆေးပညာအရ စိန်ခေါ်မှုတွေအပြင် စိတ်ပူပန်၊ စိတ်လှုပ်ရှားလွယ်ဖြစ်နေတဲ့ လူတွေရဲ့ စိတ်ကို အခွင့်ကောင်းယူပြီး သတင်းအမှားတွေကို ဖြန့်နေတဲ့ အွန်လိုင်းမီဒီယာတွေဟာလည်း စိန်ခေါ်မှုတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် တိကျသေချာတဲ့ အင်တာနေရှင်နယ် သတင်းဝက်ဆိုဒ်၊ အဖွဲ့အစည်းမှ ထုတ်ပြန်တဲ့ သတင်းတွေပဲ အတည်ယူပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ Hello Sayarwon Facebook page, ဝက်ဆိုဒ်ကနေလည်း COVID-19 ဗိုင်းရပ်စ်ရဲ့ နောက်ဆုံးအခြေအနေ သတင်းတွေကို နေ့စဉ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Yee Mon Lwin မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။