Otazu (နယူးယောက် နည်းပညာဌာနမှ ဇီဝဆေးပညာ သိပ္ပံပညာရှင်) အဆိုအရ တီဘီကာကွယ်ဆေးထိုးဖို့ ပေါ်လစီချထားပြီး ထိုးထားတဲ့ နိုင်ငံတွေဟာ မထိုးထားတဲ့ နိုင်ငံတွေထက် COVID-19 ကြောင့် အသေအပျောက်နည်းတာကို တွေ့ရပါတယ်။ ဟိုးအရင်ကတည်းက ထိုးတဲ့ နိုင်ငံတွေဟာ အသေအပျောက်ပိုနည်းပြီး သက်ကြီးရွယ်အိုတွေကို COVID-19 ဒဏ်ကနေ ပြင်းပြင်းထန်ထန် မခံစားရအောင် ကာကွယ်နိုင်တာကို တွေ့ရပါတယ်တဲ့။
ဒါနဲ့ ဆန့်ကျင်ဖက် တီဘီ ကာကွယ်ဆေးထိုးဖို့ ပေါ်လစီမရှိတဲ့ နိုင်ငံ ဥပမာ အီတလီနဲ့ အမေရိကန်နိုင်ငံ (ဖွံ့ဖြိုးပြီးနိုင်ငံ)မှာ COVID-19 ဒဏ်ကို ကြီးကြီးမားမား ခံစားရတာ မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။
ဒီလို ဆက်စပ်မှုတွေ ရှိနေပေမယ့်လည်း တီဘီ ကာကွယ်ဆေးက တကယ်ပဲ COVID-19 အတွက် အလုပ်ဖြစ်ပါ့မလားဆိုတာ ဆက်လက် လေ့လာမှုတွေ လုပ်ရဦးမှာပါ။ ပညာရှင်တွေကတော့ ဒီဆေးက COVID-19 ကို မကာကွယ်နိုင်ရင်တောင် ရောဂါပြင်းထန်နှုန်းကို လျှော့ချဖို့၊ သေနှုန်းကို လျှော့ချဖို့ မျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ရော တီဘီ ကာကွယ်ဆေးရှိပြီလား။
မြန်မာနိုင်ငံမှာ ၁၉၇၈တည်းက တီဘီ ကာကွယ်ဆေးကို တိုးချဲ့ကာကွယ်ဆေးအစီအစဉ်မှာ စထည့်ပါတယ်။ ဒါကြောင့် တကယ်သာ ထိုးထားမယ်ဆိုရင် အသက် ၄၂နှစ်အောက်တွေ အကုန် ထိုးပြီးပါပြီ။ အလွယ်သိချင်ရင် ဘယ်ဘက်လက်မောင်းမှာ အမာရွတ်ကျန်မကျန် စစ်ကြည့်လိုက်ပါ။ ဒီကာကွယ်ဆေးက ထိုးတဲ့သူ တော်တော် များများမှာ အမာရွတ်ကျန်ပါတယ်။ ပြင်းထန်တီဘီကို ကာကွယ်ဖို့ ထိုးတဲ့ ကာကွယ်ဆေးအနေနဲ့ ပြောမယ်ဆိုရင် မွေးစမှာ ထိုးတာ အကောင်းဆုံးပါ။ လူကြီးဖြစ်မှဆိုရင် သိပ်အကျိုးမထူးပါဘူး။
COVID-19 အတွက်တော့ ခုထိ တိကျတဲ့ အဖြေကို မပေးနိုင်သေးပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဆေး ထိုးထားပြီးသားဆိုပြီး စိတ်ချမနေဘဲ လိုက်နာရမယ့် ကာကွယ်နည်းတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပြောတဲ့ နည်းလမ်းတွေကို လိုက်နာဖို့ လိုပါတယ်။
အနှစ်ချုပ်
ပြန်ချုပ်ရမယ် ဆိုရင် တီဘီကာကွယ်ဆေးကို COVID-19အတွက် သုံးနိုင်မလားလို့ စပြီး စမ်းနေကြပါပြီ။ ဒါလည်း အဖြေတစ်ခု ရဖို့ လနဲ့ချီ ကြာမှာပါ။ ဒါပေမယ့် တကယ့် COVID-19 ကာကွယ်ဆေးကို မထုတ်နိုင်ခင် စပ်ကြား ဒီဆေးက COVID-19ကြောင့် သေဆုံးနှုန်းကို လျှော့ချဖို့၊ ရောဂါပြင်းထန်နှုန်းကို လျှော့ချဖို့ အသက်ကယ်ဆေးဖြစ်မလားဆိုတာကို စောင့်ကြည့်နေကြပါတယ်။ ဒီဆေးနဲ့ တကယ့် ကာကွယ်ဆေး ထုတ်ဖို့ အချိန်ကို ဆွဲထားနိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။