backup og meta

ဒီရောဂါအခံတွေ ကိုယ့်မှာရှိနေရင် COVID-19 ကိုသတိထားပါ


Ye Zon Aung မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီရောဂါအခံတွေ ကိုယ့်မှာရှိနေရင် COVID-19 ကိုသတိထားပါ

    COVID-19 ဟာ ကူးစက်နှုန်းမြန်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သေဆုံးနှုန်းနဲ့ ထိခိုက်မှုနှုန်းကတော့ ထင်မှတ်ထားသလောက် မမြင့်မားပါဘူး။ တိကျခိုင်မာတဲ့ ကုထုံးမပေါ်သေးပေမယ့် ကိုယ်ခံအားစနစ်ဟာ ဒီရောဂါကို ကောင်းကောင်းတွန်းလှန်နိုင်ပါတယ်။

    လက်ရှိမှာ ကူးစက်ခံခဲ့ရသူ ၄၂၁၄၁၃ ဦး (ကမ္ဘာ့လူဦးရေရဲ့ ၀ ဒဿမ ၀၀၅၄%)၊ သေဆုံးသူ ၁၈၈၁၀ ဦး (၀ ဒဿမ ၀၀၀၂၄%/ ရောဂါကူးစက်ခံရသူအရေအတွက်ရဲ့ ၄.၅%) နဲ့ အပြည့်အဝ ပြန်လည်သက်သာလာသူ ၁၀၈၃၈၈ (ရောဂါကူးစက်ခံရသူအရေအတွက်ရဲ့ ၂၆%) တို့ရှိနေပြီဖြစ်ပါတယ်။

    ဒါ့အပြင် လက်ကျန် လူနာအရေအတွက်က ၂၉၄၂၁၅ ဦးဖြစ်ပြီးတော့ အခြေအနေပြင်းထန်ခြင်းမရှိသူက ၂၈၀၉၄၆ ဦး (လက်ကျန်လူနာအရေအတွက်ရဲ့ ၉၅%) နဲ့ ပြင်းထန်စွာ ဝေဒနာခံစားနေရသူအရေအတွက်က ၁၃၂၆၉ ဦး (လက်ကျန်လူနာအရေအတွက်ရဲ့ ၅%) ရှိပါတယ်။

    အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဒီရောဂါရဲ့ အခြေအနေကို ခြုံငုံသုံးသပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိအချိန်အထိ အဆိုပါရောဂါကူးစက်ခံရသူတွေထဲကနေ အသက်ဆုံးရှုံးသွားသူတွေဟာ အချက် ၂ ချက်ကြောင်း အဓိက ထိခိုက်ခဲ့ကြရတာဖြစ်ပါတယ်။

    ဒါတွေကဘာတွေလဲဆိုတော့ အသက်အရွယ်ကြီးရင့်တာနဲ့ နဂိုမူလကတည်းက နာတာရှည် ရောဂါအခံတစ်စုံတစ်ရာရှိနေတာတွေပါပဲ။ COVID-19 ဟာ အသက်အရွယ်အလိုက် ထိခိုက်နိုင်ခြေမတူပဲ အသက် ၈၀ အထက်တွေ သေဆုံးနိုင်ခြေက ၂၁.၉% ၊ ၇၀-၇၉ အရွယ်တွေ သေဆုံးနိုင်ခြေက ၈% ၊ ၆၀-၆၉ အရွယ်တွေ သေဆုံးနိုင်ခြေက ၃.၆% ၊ ၅၀-၅၉ အရွယ်တွေ သေဆုံးနိုင်ခြေက ၁.၃% ၊ ၄၀-၄၉ အရွယ်တွေ သေဆုံးနိုင်ခြေက ဝ.၄% ၊ ၃၀-၃၉ အရွယ်တွေ သေဆုံးနိုင်ခြေက ဝ.၂% ၊ ၂၀-၂၉ အရွယ်တွေ သေဆုံးနိုင်ခြေက ဝ.၂% ၊ ၁၀-၁၉ အရွယ်တွေ သေဆုံးနိုင်ခြေက ဝ.၂% နဲ့ ဝ-၉ အရွယ်တွေ သေဆုံးနိုင်ခြေက ဝ.၂% တို့ဖြစ်ပါတယ်။

    ဒီဆောင်းပါးမှာ အဓိကပြောချင်တာကတော့ COVID-19 ကူးစက်ခံရချိန်၊ ဒါမှမဟုတ် အဆိုပါ ရောဂါကပ်ဆိုး မိမိတို့ ဒေသဝန်းကျင်ကို ရောက်ရှိနေချိန်မှာ သတိထားဖို့လိုအပ်တဲ့ မူလအခံ နာတာရှည် ရောဂါတွေအကြောင်း ဖြစ်ပါတယ်။

    အောက်ပါ ရောဂါတွေ မိမိမှာ ရှိနေရင် COVID-19 ကပ်ဘေးကာလမှာ သတိထားနေထိုင်ပါ။

    ၁။ သွေးတိုး

    အီတလီနိုင်ငံမှာ COVDID-19 ကြောင့် အသက်ဆုံးရှုံးသွားရတဲ့ လူနာ ၇၆.၁% မှာ သွေးတိုးရောဂါ အခံရှိထားကြပါတယ်။ ရောဂါပိုးဟာ ကိုယ်ခံအားစနစ်ကို အားနည်းသွားစေတာမိုပြီး နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း နှောင့်ယှက်ပါသေးတယ်။ သွေးတိုးဝေဒနာဟာ နိုင်ငံတကာမှာသာမက မြန်မာပြည်မှာလည်း အဖြစ်များတဲ့ ရောဂါဝေဒနာမျိုးဖြစ်တာမို့ သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

    ၂။ နှလုံးရောဂါ

    COVID-19 ကြောင့် အသက်ပေးခဲ့ရတဲ့ လူနာတွေရဲ့ ၃ ပုံ ၁ ပုံမှာ နှလုံးနဲ့ ဆက်နွယ်တဲ့ ဝေဒနာ တစ်မျိုးမဟုတ်တစ်မျိုး ရှိနေတတ်ပါတယ်။ ဗိုင်းရပ်စ်ဟာ နှလုံးနဲ့သက်ဆိုင်တဲ့ အစိတ်အပိုင်းတွေကို တိုက်ခိုက်နိုင်ပြီး ရှိနေနှင့်ပြီးသား ရောဂါတွေကို ပိုဆိုးလာစေတာဖြစ်ပါတယ်။ Centers for Disease Control and Prevention နဲ့ American Heart Association တို့ကတော့ နှလုံးရောဂါရှိသူတွေ ပိုမိုသတိထားနေထိုင်ဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

    ၃။ နှလုံးခုန်နှုန်းမမှန်တာ

    နှလုံးရောဂါကြောင့် ထိခိုက်မှုက ၃ ပုံ ၁ ပုံရှိတယ်ဆိုရင် နှလုံးခုန်နှုန်းမမှန်တဲ့ဝေဒနာ (atrial fibrillation) ကလည်း ပေါ့သေးသေးမဟုတ်ပါဘူး။ သေဆုံးမှု ၄ ပုံ ၁ ပုံဟာ နှလုံးခုန်နှုန်းမမှန်တဲ့ ဝေဒနာနဲ့ ဆက်စပ်နေပါတယ်။ ဒီဝေဒနာဟာ လူသိနည်းပေမယ့် မသိမသာဖြစ်ပွားနေတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီဝေဒနာကြောင့် နှလုံးဖောက်ပြန်တာ၊ လေဖြတ်တာ၊ သွေးခဲတာတွေ ဆက်စပ်ဖြစ်ပွားနိုင်ပါတယ်။

    ၄။ ဆီးချို

    COVID-19 ကူးစက်ခံရမှုကြောင့် လူသေဆုံးမှုတွေထဲမှာ ဒုတိယ အန္တရာယ်အပေးနိုင်ဆုံး ရောဂါက ဆီးချိုရောဂါဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အသက်ဆုံးရှုံးခဲ့သူစုစုပေါင်းရဲ့ ၃၅.၅% မှာ ဆီးချိုဝေဒနာခံစားနေရပါတယ်။ ဆီးချိုရှိတိုင်း အသက်ဆုံးရှုံးနိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သတိထားဖို့ လိုအပ်တဲ့ အခြေအနေဖြစ်နေတာတော့ အမှန်ပါ။

    ၅။ ကင်ဆာ

    ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကင်ဆာရောဂါဖြစ်ပွားဖူးသူတွေ၊ ဒါမှမဟုတ် ကင်ဆာဝေဒါ ခံစားနေရသူတွေဟာ COVID-19 ကို သတိထားဖို့ လိုအပ်ပါတယ်။ အီတလီက COVID-19 ကြောင့် လူသေဆုံးမှုအားလုံးရဲ့ ၂၀.၃% မှာ အဆိုပါ ကင်ဆာပြဿနာတွေ ရှိနေခဲ့ကြပါတယ်။

    ၆။ နာတာရှည် ကျောက်ကပ်ရောဂါ

    National Kidney Foundation ရဲ့ ထုတ်ပြန်ထားချက်အရဆိုရင် နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသူတွေဟာလည်း COVID-19 ကူးစက်ခံရရင် အသက်အန္တရာယ်ထိခိုက်နိုင်ခြေမြင့်မားတယ်လို့ ဆိုပါတယ်။ သေဆုံးမှု စုစုပေါင်းရဲ့ ၁၈% ဟာ ကျောက်ကပ်ဝေဒနာခံစားနေရသူတွေဖြစ်ပါတယ်။

    ၇။ နာတာရှည် အဆုတ်ရောဂါ

    အဆုတ်ရေဝင်တာ၊ အဆုတ်ကင်ဆာ၊ အဆုတ်ရောင်တာလိုမျိုးဝေဒနာတွေကို နာတာရှည် ခံစားနေရသူတွေဟာ ပြင်ထန်အဆုတ်ရောင်ဝေဒနာဖြစ်တဲ့ COVID-19 ကို သတိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ သေဆုံးသူ ၁၃.၂% ဟာ အဆုတ်နဲ့သက်ဆိုင်တဲ့ ဝေဒနာတစ်မျိုးမဟုတ် တစ်မျိုး ခံစားနေရပြီး အဆုတ်ထိခိုက်မှုကြောင့် နှလုံးညှစ်အားကျတဲ့ ပြဿနာ၊ အဆုတ်သွေးကြောတွေ ထိခိုက်တဲ့ ပြဿနာတွေကိုပါ ဆက်လက် ခံစားရတတ်ပါတယ်။

    ၈။ လေသင်တုန်းဖြတ်ဝေဒနာ

    ဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေထဲမှာ လေသင်တုန်းဖြတ်တဲ့ ဝေဒနာခံစားနေရသူ ၉.၆% ရှိပါတယ်။ Stroke Association ကလည်း အသက်အရွယ်ကြီးရင့်ပြီး လေဖြတ်ဝေဒနာ ခံစားထားရတဲ့သူတွေဟာ ရောဂါကူးစက်ခံရရင် ပြန်လည်သက်သာလာဖို့ ရုံးကန်ရနိုင်တယ်လို့ ဆိုထားပါတယ်။

    ၉။ Dementia

    အံ့သြစရာကောင်းတာက သေဆုံးသူတွေရဲ့ ၆.၈% မှာ Dementia (မှတ်ဉာဏ်ဆုံးရှုံးမှု) ဝေဒနာရှိနေတာပါပဲ။ ၂၀၁၉ နှစ်လည်လောက်ကတည်းက Dementia ဟာ တခြားဝေဒနာတွေကို လက်ယက်ခေါ်နိုင်တယ်ဆိုတာကို Sanders-Brown Center on Aging က ဆေးပညာရှင်တွေက ထုတ်ဖော်နိုင်ခဲ့ပါတယ်။ COVID-19 ဝေဒနာ ခံစားနေရချိန် ဒါမှမဟုတ် ရောဂါလက္ခဏာတွေ ပြသနေချိန်မှာ Dementia ဝေဒနာ အခြေအနေပိုဆိုးလာတာမျိုးတော့ ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ဆေးဖို့ မေ့တာ၊ ကာကွယ်ဖို့ မေ့လျော့နေတာ စတဲ့အချက်တွေကသာ ဒီဝေဒနာသည်တွေကို ထိခိုက်စေတာဖြစ်ပါတယ်။

    ၁၀။ နာတာရှည်အသည်းရောဂါ

    အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ခံစားနေရသူတွေဟာလည်း COVID-19 အန္တရာယ်ကို သတိထားရမယ့် လူတွေဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ လူနာတွေရဲ့ ၃.၁% မှာ အသည်းဝေဒနာတစ်မျိုးမျိုး ရှိနေခဲ့ပါတယ်။

    အရေးအကြီးဆုံး သိထားသင့်တဲ့အချက်ကတော့ အထက်ပါဝေဒနာတွေ ရှိနေရုံနဲ့ မိမိဟာ COVID-19 ရောဂါ သေချာပေါက် ကူးစက်ခံရနိုင်တယ်၊ ဒီဝေဒနာကြောင့် ထိခိုက်နိုင်တယ်ဆိုတဲ့ သဘောမသက်ရောက်ပါဘူး။ ဒါပေမယ့် သာမာန်လူတွေထက် အခွင့်အလမ်းပိုများနေတာတော့ အမှန်ပါပဲ။

    ဒါကြောင့် မိမိမှာ ဒီလိုဝေဒနာမျိုးတွေ ရှိထားတယ်ဆိုရင် သာမန်လူတွေထက် ပိုဂရုစိုက်ဖို့၊ ကြိုတင်ကာကွယ်မှုတွေကို အလေးအနက်ထားပြုလုပ်ဖို့၊ ကိုယ်ခံအားစနစ်ကောင်းအောင် မြှင့်တင်ထားဖို့ ပိုလိုအပ်ပါတယ်။ ဒီလို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ရောဂါမကူးစက်အောင် တားဆီးနိုင်မှာဖြစ်သလို ကိုယ့်ရဲ့ မူလအခံ ကျန်းမာရေးအခြေအနေကိုပါ အထောက်အကူဖြစ်မှာဖြစ်ပါတယ်။

    [covid_19]

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement