backup og meta

ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ စိတ်ဝေဒနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ စိတ်ဝေဒနာ

    တချို့က ပိန်ချင်ကြတယ်၊ တချို့ကျ ဝချင်ကြတယ်။ လူတွေရဲ့ စိတ်က ဆန်းကျယ်တယ်ပဲ ဆိုရမှာပါ။ တစ်ခါတစ်လေကျရင် ကိုယ့်ခန္ဓာကိုယ်က ပုံမှန်ဖြစ်နေပေမယ့် ပိန်လွန်းတယ်၊ ဝလွန်းတယ်လို့ ထင်နေတာမျိုးလည်းရှိတယ်။

    ဒီလောက်ဆို စိတ်နဲ့ ကိုယ်အလေးချိန် ဆက်စပ်မှုရှိတယ်ဆိုတာကို နားလည်လောက်ရောပေါ့။ လူတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေဟာ ကိုယ်အလေးချိန်နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ဆေးပညာရှင်တွေက ယူဆထားကြတာကြာပါပြီ။

    ဒီကနေ့ခေတ်လို ပိန်မှ လှမယ်ဆိုတဲ့ အယူအဆ ကြီးစိုးတဲ့ ခေတ်မျိုးမှာဆိုရင် ကိုယ်အလေးချိန် လျှော့ချမှုမလုပ်ခင် စိတ်ပိုင်းဆိုင်ရာ အရလည်း မာကျောအားကောင်းနေဖို့ လိုအပ်ကြောင်း သတိပေးမှုတွေ ရှိနေပါတယ်။

    ယျေဘုယျအားဖြင့်တော့ ကိုယ်အလေးချိန်ကို လျှော့ချပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီ အရောက်သွားနိုင်တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးပွားစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာကတော့ ဒီလုပ်ငန်းစဉ်ဟာ အသွား နှစ်ဖက်ပါတဲ့ ဓားသွားတစ်ခုဆိုတာကိုပါပဲ။

    အသွားနှစ်ဖက်ပါတဲ့ ဓား

    မီဒီယာတွေနဲ့ တီဗီ၊ ရုပ်သံ၊ မဂ္ဂဇင်း၊ သတင်းစာ၊ စာစောင်စတဲ့ အရာတွေမှာ ဝိတ်ကျရင် စိတ်ကျန်းမာမယ်လို့ ခိုင်ခိုင်မာမာပြောဆိုကြတယ်။ ဒီအချက်တွေက လူတွေရဲ့ ခေါင်းထဲမှာ စွဲမြဲနေတတ်တယ်။

    တကယ်တမ်းမှာ ကိုယ်အလေးချိန် လျှော့ချလိုက်တာက လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ကောင်းမွန်သွားစေမှာလားဆိုတာကြီးက ဖြေရခက်လှပါတယ်။

    လူအတော်များများဟာ လေ့ကျင့်ခန်းတွေ အပြင်းအထန်ပြုလုပ်ပြီး ကိုယ်အလေးချိန် လျှော့ချလိုက်တဲ့အခါ စိတ်ဖိစီးမှုကို လျော့ကျသွားစေတယ်၊ ပိုကျန်းမာလာစေတယ်လို့ သိနားလည်ထားပါတယ်။ ဒီအချက်က မှန်ကန်မှုရှိပါတယ်။

    ဒါပေမယ့် ပြဿနာတွေက နောက်ပိုင်းမှာမှ စတင်လာတာဖြစ်ပါတယ်။ ရုတ်တရက်ပိန်သွားသူတစ်ယောက်ဟာ သူပိန်သွားတဲ့အတွက် ကျေနပ်ပျော်ရွှင်မှု ရလာတယ်။ ပတ်ဝန်းကျင်က သူ့အပေါ် ပြောင်းလဲ ဆက်ဆံလာတာကို နှစ်သက်လက်ခံလာတယ်။

    ဒါပေမယ့် လူတွေက သူ ပိန်နေတယ်ဆိုတာကို အသိအမှတ်မပြုမှာကို စိုးရိမ်တဲ့စိတ်ခံစားချက်မျိုး ပြင်းပြင်းထန်ထန် စွဲကပ်နေတတ်တာကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ကိုယ်အလေးချိန် အပြင်းအထန် လျှော့ချလိုက်သူတိုင်းဟာ သူတို့ ဒီအောင်မြင်မှုကို ရယူနိုင်ခဲ့တယ်ဆိုတာကို လူတွေ သိစေချင်တတ်ကြတယ်။ အဲ့ဒီ အခြေအနေကို အသိအမှတ်ပြုတာ၊ လက်ခံတာ၊ ချီးမွမ်းတာမျိုးကို ခံချင်တတ်ကြတာ သဘာဝဖြစ်ပါတယ်။

    ဒါပေမယ့် ဒီလို တုန့်ပြန်မှုမျိုး မရတဲ့အခါ၊ ဒါမှမဟုတ် ရနေလျက်နဲ့ လျော့သွားတဲ့အခါမျိုးမှာ သူတို့ စိတ်ဓာတ်စကျတော့တာပါပဲ။ လူတိုင်းက သင်ပိန်သွားတာကို တစ်သက်လုံး ချီးမွမ်းနေမှာမဟုတ်ပါဘူး။ တစ်ချိန်ချိန်မှာ ချီးမွမ်းသံတွေ၊ အသိအမှတ်ပြုသံတွေ ရပ်တန့်သွားမှာဖြစ်ပြီးတော့ သင့်ကို ပုံမှန်လူတစ်ယောက်လိုပဲ ဆက်ဆံကြတော့မှာပါ။ ဒီအချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်လာရတတ်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များ

    ကိုယ်အလေးချိန် လျှော့ချလိုက်သူတိုင်း အားလုံးနီးပါးဟာ ပြန်ဝလာမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒီအချက်ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာတတ်ပါတယ်။

    သူ့တို့ကို လူတွေက ပြန်ဝလာတယ်လို့ ထင်မြင်ယူဆမှာကို ကြောက်ရွံ့နေတတ်ကြပြီး အဲဒီစိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းကြီးက သူတို့ရဲ့ အတွင်းစိတ်ထဲမှ ခိုင်ခိုင်မာမာအမြစ်တွယ်နေတတ်ပါတယ်။

    ကိုယ်အလေးချိန်တိုးလာတာ ဒါမှမဟုတ် ကိုယ်အလေးချိန် မြင့်တက်လာတယ်လို့ ယူဆခံရတာကို ကျရှုံးမှုလို့ တချို့က ခံစားတတ်ကြပါတယ်။ ဒီလိုတွေးထင်လာပြီဆိုရင် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုတွေဖြစ်လာဖို့ အလွန်နီးစပ်လာနေတဲ့ လက္ခဏာဖြစ်ပါတယ်။

    ရုတ်တရက် ပြင်းပြင်းထန်ထန် ကိုယ်အလေးချိန် လျှော့ချလိုက်တဲ့အခါ စားသောက်မှုပုံစံပြောင်းလဲသွားတတ်ပြီး အစားအသောက်မူမမှန်တာမျိုး (eating disordered behavior) ဖြစ်လာတတ်ပါတယ်။ ပိုမိုပြင်းထန်လာတဲ့အခါ ကိုယ်အလေးချိန် တက်လာမှာကြောက်ပြီး အစားအသောက်တွေ အလွန်အမင်းလျှော့ချစားသောက်တဲ့ စိတ်ဝေဒနာ (atypical anorexia) တစ်မျိုး စွဲကပ်သွားပါတယ်။

    ဝိတ်ချရုံနဲ့ စိတ်ငြိမ်းချမ်းမှုကို မရနိုင်

    ကိုယ်အလေးချိန် လျှော့ချတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်ဆန်တဲ့ ရည်မှန်းချက်နဲ့ အချိန်ယူပြီး လုပ်ဆောင်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အရရော စိတ်ပိုင်းဆိုင်ရာအရပါ သေချာအချိန်ယူပြင်ဆင်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။

    ရေတိုဖြတ်လမ်းနည်းတွေသုံးပြီး ကာလတိုအတွင်းမှာ အလွန်အမင်းဝိတ်ချတာဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

    အစားအသောက် တစ်စုံတစ်ရာ စားခါနီးတိုင်း ပူပင်စိုးရွံ့နေတာ၊ ကိုယ့်ကိုယ် ဝလာတယ်လို့ သူများပြောလာမှာကို တွေးတော့ ထိတ်လန့်နေတာမျိုးတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေဆိုတာ နားလည်ထားဖို့ လိုအပ်ပါတယ်။

    ဒီလိုစိတ်ခံစားချက်တွေနဲ့ ကြာမြင့်စွာ နေထိုင်လာတဲ့အခါ ပူပင်သောကတွေ ပိုမိုစုဝေးလာတတ်ပြီး လုပ်ငန်းခွင်၊ လူမှုဘဝနဲ့ မိသားစု ဖိအားတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာလို အဖြစ်များတဲ့ စိတ်ဝေဒနာတွေ စွဲကပ်လာပါတော့တယ်။

    ဒါကြောင့် လေ့ကျင့်ခန်းတွေလုပ်ပြီး အစားအသောက်တွေကို ဆင်ခြင်တာဟာ စိတ်ကျန်းမာရေးကို အထောက်အကူပြုတာမှန်ပေမယ့် ပြင်းပြင်းထန်ထန်ဝိတ်ချတာကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ဆိုရတာပါ။

    တကယ်လို့ သင်က ဝိတ်ချချင်တယ်ဆိုရင် ဖြည်းဖြည်းချင်းစပါ။ ကိုယ်၊ စိတ် ကျန်းမာအောင် ဂရုစိုက်ပါ။ အစားအသောက်ကို သမမျှတစွာစားပါ။ အချိန်ယူပါ။ ဒီလိုဆိုရင်ဖြင့် ဘေးအန္တရာယ်ကင်းကင်းနဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်မှာပါ။ ဒီလိုမှဟုတ်ပဲ အထိန်းအကွပ်မရှိ ပြုမူမိမယ်ဆိုရင်တော့ စိတ်ဝေဒနာစွဲကပ်တာသာ အဖတ်တင်ပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement