“တိုင်းရင်းဆေးတွေက စစ်မှန်ရင် တကယ်စွမ်းတယ်နော်။ အနောက်တိုင်းဆေးပညာ မပေါ်ခင်ကတည်းက အတည်တကျအခိုင်အမာရှိခဲ့တာပဲ”
“ ဟုတ်တယ်ဆို …. တချို့တွေက လက်မခံချင်ကြဘူး ဆရာမရဲ့။ ကျွန်မတို့ကပဲ ခေတ်နောက်ကျနေသလိုလို နဲ့ အထင်သေးချင်ကြတာ”
ဆရာဝန်ကပါ သူ့ဘက်ပါပြီဆိုပြီး ဝမ်းသာအားရ ထောက်ခံတာ။
“ ကျွန်မပြောပါတယ်။ စစ်မှန်ရင် စွမ်းပါတယ် လို့။ ဒါပေမဲ့ ကိုယ်သိထားတဲ့ တိုင်းရင်းဆေးနည်းက စစ်မှန်တယ် မစစ်မှန်ဘူး ဘယ်သူအတိအကျ သိလဲ…. ခွဲခြားနိုင်လဲ။”
စကားဝိုင်းက ရုတ်တရပ် ငြိမ်ကျသွားသည်။ ဒီလိုအချိန် ပြောချင်တာလေးဖိပြောမှ။
“ တိုင်းရင်းဆေးနည်း အများစုက သဘာဝသစ်ဖုသစ်ဥ၊ သစ်ပင်နွယ်ပင်တွေကိုအခြေခံပြီး ဖော်စပ်ကြတာလေ။ အဲ့လိုဖော်စပ်တဲ့နေရာမှာ ပြုတ်တာတစ်ခုထဲ မဟုတ်ဘူးလေ…. ရေခမ်းကြိုတာ ၊အနှစ်တိုက်တာ၊ ပြာချတာ၊ အခြောက်ခံတာ၊ ကြိတ်တာ စသည်ဖြင့် အများကြီးရှိတယ်။ ဘယ်ရောဂါအတွက် ဘယ်အပင် ဘယ်အသီးကို ဘယ်လိုလုပ်ပြီး ဘယ်လောက်ပမာဏထည့်မယ်ဆိုတဲ့ ဖော်နည်းကျတော့ တကယ်နားလည်တတ်ကျွမ်းတဲ့ တိုင်းရင်းဆေးပညာရှင်မှပဲ သိမှာလေ။
ကျွန်မ တိုင်းရင်းဆေးပင် စာအုပ်တွေ လေ့လာဖူးပါတယ်။ ဆေးပင်တစ်မျိုးထဲမှာတောင် အရွက်ပေးတဲ့အာနိသင် အခေါက်ကရတဲ့အာနိသင်၊ အသီးအပွင့်ရဲ့အာနိသင်၊ အမြစ်ရဲ့အာနိသင် မတူကြပါဘူး။ ထည့်ရတဲ့ပမာဏပေါ်လိုက်ပြီးလည်း အာနိသင်ကွဲပါတယ်။ ပြုလုပ်ပုံ ဖော်နည်းပေါ်လိုက်ပြီးလည်း အာနိသင်ကွဲပါတယ်။ ဆေးပင်တစ်မျိုးထဲမှာတင် အသီးကင်းကသာ အာနိသင်ရှိပြီး တစ်ပင်လုံး အဆိပ်ဖြစ်နေတာမျိုးရှိနိုင်သလို ပမာဏ အနည်းအများကွာတာနဲ့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အထိ ဒုက္ခပေးတတ်တဲ့ဟာတွေလည်း ရှိပါသေးတယ်။ နေလှန်းပြာချရမယ့် ကိစ္စကို ပြုတ်တိုက်မိရင်လည်း ဘာအကျိုးမှမရှိတဲ့အပြင် ဒုက္ခတောင်ရောက်နိုင်တယ်။ အပင်အားလုံးက သဘာဝက လာတာပဲ … ဘယ်လိုလုပ်စားစား ကိုယ့်ကိုယ်ထဲမှာ ဘေးကင်းတာပဲ လို့ယူဆထားလို့မရဘူးလေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။