backup og meta

တန်ဆေးလွန်ဘေး


Arkar Hein မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တန်ဆေးလွန်ဘေး

    “လူနာရဲ့အနေအထားကတော့တော်တော်လေးစိုးရိမ်နေရပါတယ်။ အသည်းရော ကျောက်ကပ်ပါ မကောင်းတော့ဘူး။ ကျောက်ကပ်ကို ရက်တိုင်းဆေးနေဖို့လိုပါဦးမယ်။”

    “အသက်ရှုတဲ့ပုံစံကရော ဆရာရယ်”

    “လူနာက ကျောက်ကပ်ထိထားပြီး ဆီးလုံးဝမထွက်တော့အဆုတ်မှာ ရေတွေ ပြည့်ပြီး မောနေတာ၊ အဲ့ဒါကြောင့်လည်း ကျောက်ကပ်ဆေးနေရတာ၊ ပြီးတော့အသက်ရှူစက်နဲ့ပါကူပေးနေရတာပါ။”

    “အခြေအနေကောင်းနိုင်ပါ့မလားဆရာ”

    “အမှန်အတိုင်းပြောရရင်တော့အခြေအနေက မကောင်းတဲ့ဘက်ကို ပိုများနေနိုင်ပါတယ်။ ပြောရတာ စိတ်တော့မကောင်းပါဘူး။” ဒေါက်တာကျော်ဆက်ရှင်းပြနေသည်။

    “ခုလောက်ထိအခြေအနေဆိုးသွားတာ သူ့ကိုတိုက်ထားတဲ့အရွက်ကိုကျိုပြီးသောက်လိုက်တာကြောင့်ဖြစ်နိုင်ပါတယ်။ နဂိုဝင်တဲ့ပိုးက အဲ့လောက်ဆိုးလေ့မရှိပါဘူး။ ဒါပေမယ့် အသည်းရောင်ပိုးကြောင့်အသည်းထိထားတဲ့အချိန်အဲ့အရွက်ကျိုတာထပ်သောက်လိုက်တော့ပိုဆိုးသွားတာ။”

    “ကျွန်တော်တို့က သူများစီးပွားရေး ကိုဖျက်လိုဖျက်ဆီးလုပ်ချင်လို့ပြောတာမဟုတ်ပါဘူး။ အပင်လိုမျိုးက ရတဲ့ပစ္စည်းတွေက သဘာဝဆိုတာ မှန်ပေမယ့်အရွက်တစ်ရွက်မှာ လိုချင်တဲ့ ဆေးဓါတ်ပမာဏဘယ်လောက်ပါလဲဆိုတာမျိုးက အတိအကျ သိပ်တွက်လို့မရဘူး။ အဲ့တော့ ဘေးထွက်ဆိုးကျိုးက များချင်လည်းများမယ်။ ဆေးအာနိသင်ကလည်း များချင်လည်းများမယ်။ နည်းချင်လည်း နည်းမယ်။ ပြောရခက်တယ်။”

    “ပြီးတော့တချို့ပစ္စည်းတွေက ဆေးမဟုတ်ဘူး။ ဓါတ်စာပါလို့ပြောပြီးလာရောင်းနေတာတွေ ကြုံဖူးကောင်း ကြုံဖူးလိမ့်ပါမယ်။ ဓါတ်စာလို့ပြောပြီး ဟိုရောဂါပျောက်တယ်၊ ဒီရောဂါပျောက်တယ်ပြောနေတာတွေလည်း ကြုံဖူးပါလိမ့်မယ်။ ပြီးတော့ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူးဆိုပြီး လာလာပြောနေတာတွေလည်း တွေ့ဖူးလိမ့်မယ်။ တကယ်တမ်းက ဘေးထွက် ဆိုးကျိုးရှိ၊ မရှိဆိုတာ သေချာတဲ့သုတေသနလုပ်ထားတာတွေ ရှိမှသေချာပေါက်ပြောလို့ရမှာ။”

    ……………..

    လူနာရှင်များကိုရှင်းပြပြီး ဒေါက်တာကျော်တစ်ယောက်သက်ပြင်းအရှည်ကြီးချမိသည်။ တကယ်ဆိုလူနာက အသက်၂၅ နှစ်ကျော်ကျော်၊ အသည်းရောင်အသားဝါဖြစ်သည်။ အသည်းရောင် အေပိုးဖြစ်သည်။ အသည်းရောင်အေပိုးသည်ပုံမှန်အားဖြင့်သူ့ဘာသာ သက်သာပျောက်ကင်းသွားတတ်သောပိုးဖြစ်သည်။ နာတာရှည်ဖြစ်လေ့ရှိသည့်ပိုးမျိုးမဟုတ်။

    အသည်းထိခိုက်သည်ဆိုသော်လည်း အလွန်အမင်းပြင်းထန်သော အခြေအနေဖြစ်ခဲသည်။ သို့သော် ဒီလူနာ အလှည့်တွင်ကျ အိမ်နီးချင်းက ညွှန်လိုက်သည့်အသည်းအတွက်ကောင်းသည်ဟုဆိုသော အရွက်ကိုကျိုပြီး သောက်သုံးလိုက်သည်။ ဆရာဝန်က တွေ့ကရာဆေးမသောက်ရန် မှာလိုက်သော်လည်း အိမ်နီးချင်းက ညွှန်းသည်ကိုပိုယုံကြည်ပြီး သောက်လိုက်သည်။ ထိုအရွက်များ ကျိုသောက်ပြီး နောက်၂ ရက်လောက်နေတော့အသားတွေ ပိုဝါလာသည်။ နောက်ပိုင်း ဆီးပါမထွက်တော့ဘဲ ဆေးရုံရောက်လာခြင်းဖြစ်သည်။

    ……………………………..

    အင်္ဂလိပ်ဆေးမဟုတ်လို့လက်မခံတာလား။

    ဆေးဖက်ဝင်သည်ဟုဆိုသော အရွက်၊ ဆေးမြီးတို၊ ဓါတ်စာ စသည်တို့ကိုသောက်သင့်၊မသင့်မေးလိုက်လျှင်ဆရာဝန်အများစုက မသောက်စေချင်ပါဟုသာ ဖြေကြမည်ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ ဆရာဝန်များက သူတို့သင်ထားသော အင်္ဂလိပ်ဆေးမဟုတ်၍ လက်မခံခြင်းဖြစ်သည်ဟုအများက ထင်လေ့ရှိသည်။

    အင်္ဂလိပ်ဆေးများကိုဆရာဝန်များအနေဖြင့်အတိအကျ ညွှန်နိုင်ခြင်းသည်အဓိကအားဖြင့် ဆေးတစ်လုံးတွင်ဆေးဓါတ်ပမာဏမည်မျှရှိသည်ကိုအတိအကျ တွက်ထားနိုင်ခြင်း၊ ထိုဆေးများ၏ ရေတိုရေရှည်ဘေးထွက်ဆိုးကျိုးများနှင့်ကောင်းကျိုးများကိုအတိအကျ လေ့လာထားသည့် သုတေသနများရှိခြင်းကြောင့်ပင်ဖြစ်သည်။

    အရွက်များကိုကျိုသောက်ခြင်း၊ ဆေးမြီးတိုများသုံးစွဲခြင်း၏ အဓိကပြဿနာမှာ အပေါ်တွင်ဖော်ပြခဲ့သလို ဆေးဓါတ်ပမာဏကိုအတိအကျ တွက်ချက်၍ မရခြင်းပင်ဖြစ်သည်။ ထို့အပြင်ရေတိုရေရှည်ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများကိုလည်း အတိအကျလေ့လာထားသော သုတေသန နည်းပါးခြင်းသည်လည်း ညွှန်ရခက်စေသော အချက်များထဲတွင်ပါဝင်သည်။

    ………………………..

    တချို့ဓါတ်စာ အဖြစ်အမည်ခံရောင်းချနေကြသည့်ပစ္စည်းတစ်ချို့ကိုလေ့လာကြည့်လျှင် ဘယ်ရောဂါများကိုပျောက်ကင်းသည်၊ ဘယ်သူတွေကတော့ဘာရောဂါတွေ ပျောက်ကုန်ကြပြီ စသည်ဖြင့်ကြော်ငြာရောင်းချနေကြသည်ကိုတွေ့ဖူးကြပေလိမ့်မည်။ ဘာဘေးထွက်ဆိုးကျိုးရှိသလဲမေးလျှင်ဘာမှမရှိပါဟု ပြန်လည်ဖြေကြားလေ့ရှိကြပါသည်။

    အဆိုပါ ပစ္စည်းများကိုဆေးအဖြစ်အမည်မခံဘဲ ဓါတ်စာ အဖြစ်သာ အမည်ခံ ရောင်းချနေကြသည်မှာ အမှန်တကယ်တွင်တော့ရောဂါများကိုတကယ်တမ်းပျောက်ကင်းပါသည်၊ ဘေးထွက်ဆိုးကျိုးမရှိပါဟူသည့်ခိုင်လုံသော သုတေသနများ မရှိသေးခြင်းကြောင့်ဖြစ်သည်။ ထိုသို့ သုတေသနမရှိသည့်ပစ္စည်းများကိုဆေးအဖြစ်အမည်တပ်၍ မရခြင်းကြောင့်ဖြစ်သည်။

    ဓါတ်စာများသည်လည်းရောဂါကုသမှုတွင်တစ်ခန်းတစ်ကဏ္ဍ မှပါနေသည်မှာ မှန်သော်လည်း ဓါတ်စာ ရောင်းသူများ၏ အလွန်အမင်းကြော်ငြာမှုများကြောင့်ဆေးဝါးများနှင့်တွဲဖက်ပြီး စနစ်တကျ တွဲဖက်ကုသမှုခံယူရမည့်အစား ဓါတ်စာ ကိုသာ စားနေပြီး ဆေးဝါးများ မသောက်သုံးတော့ခြင်းကြောင့်ရောဂါပိုဆိုးလာသည့်အဖြစ်များကိုလည်း တွေ့ရှိဖူးပါသည်။ ထို့အပြင် တန်ဆေးလွန်ဘေးဆိုသကဲ့သို့တကယ်ကောင်းသည့်ပစ္စည်းသည်ပင်လိုအပ်သည်ထက်ပိုမို

    စားသောက်မိပါက ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာတတ်ရာ ဓါတ်စာကိုလိုအပ်သည့် ပမာဏထက်ပိုမိုပြီး စားခြင်း၊ အချိန်ကာလ အကန့်အသတ်မရှိစားခြင်းများကြောင့် ဘေးထွက်ဆိုးကျိုးများ ဝင်လာသည်ကိုလည်း တွေ့ရှိဖူးပါသည်။

    …………………….

    တစ်ခါတရံစိတ်မကောင်းဖွယ်တွေ့ရှိရသည်မှာ ဆရာဝန်မှညွှန်ကြားသည့်ဆေးကိုတော့ ပုံမှန်မသောက်ဘဲ နီးစပ်ရာ ပတ်ဝန်းကျင်မှညွှန်သမျှ၊ လာရောင်းသူအပြောကောင်းသမျှ ဆေးမြီးတို ဓါတ်စာများကိုသာ သောက်သုံးနေကြသူများကိုတွေ့ရှိနေရတတ်ပါသည်။ တစ်ခါတရံ တကယ်ကောင်းသည့်တိုင်းရင်းဆေးများ၊ ဓါတ်စာများကိုပင်အတိုင်းအဆမရှိသုံးစွဲမိသည့်အခါ ဘေးထွက်ဆိုးကျိုးများပေါ်ပေါက်လာရသည်ကိုလည်းတွေ့ရှိရပါသည်။ အထူးသဖြင့်

    အထက်လူနာကဲ့သို့ကျောက်ကပ်အသည်းစသည်ထိခိုက်သွားသည့်လူနာများကို မကြာခဏတွေ့ရှိနေရပါသည်။

    အင်္ဂလိပ်ဆေးများတွင်လည်း အသည်းမကောင်းသော လူနာတွင်မသုံးရသောဆေး၊ ကျောက်ကပ်မကောင်းသောလူနာတွင်မသုံးရသောဆေး၊ နှလုံးမကောင်းသော လူနာတွင် မသုံးရသောဆေးစသဖြင့်ရှိကြပါသည်။ ထို့ကြောင့်လည်း ဆေးများကိုဆရာဝန်များ၏ ညွှန်ကြားချက်မဟုတ်ဘဲ ပတ်ဝန်းကျင်မှပြောကြ ညွှန်ကြသလိုသောက်သုံးပါကလည်း

    ဘေးထွက်ဆိုးကျိုးများကို ပိုမိုခံစားကြရနိုင်ပါသည်။ ဆေးကိုကောင်းသည်ထင်၍ ညွှန်ကြသူများအနေဖြင့်လည်း တစ်ခါတရံမိမိက စေတနာနှင့်လုပ်ပေးလိုက်သည်မှန်သော်လည်း တခြားသူနှင့်မသင့်တော်သည့်အခါ ဝေဒနာဖြစ်သွားတတ်သည်ကိုသတိပြုစေချင်ပါသည်။

    အချုပ်ဆိုသော်အသက်ကို ဉာဏ်စောင့်ဆိုသကဲ့သို့သူများစကားတွင်လမ်းမဆုံးစေဘဲ တကယ်တတ်ကျွမ်းနားလည်သော ဆရာဝန်များ သမားတော်များ၏ ညွှန်ကြားချက်များအတိုင်းသာ ရောဂါများကိုကုသမှုခံယူသင့်ပါကြောင်းတိုက်တွန်းလိုက်ရပါသည်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement