backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဘယ်သူတွေမှာ သွေးကြောထုံးရောဂါ ပိုဖြစ်တတ်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘယ်သူတွေမှာ သွေးကြောထုံးရောဂါ ပိုဖြစ်တတ်သလဲ

သွေးပြန်ကြောနံရံတွေနဲ့ သွေးကြောအဆို့ရှင်တွေအားနည်းရင် ခံစားရမယ့် သွေးကြောထုံးရောဂါပိုဖြစ်နိုင်သူတွေ က ဘယ်သူတွေလဲဆိုတာ လေ့လာကြည့်ရအောင်နော်။

ခန္ဓာကိုယ်ထဲကနေရာအနှံ့ကို လိုအပ်တဲ့သွေးတွေပို့ဆောင်ပေးဖို့အတွက် သွေးကြောစနစ်ပါဝင်ပါတယ်။ ဒီစနစ် ကို သွေးလွှတ်ကြောတွေ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ သွေးပြန်ကြော(veins) တွေထဲမှာ တစ်ဖက်ပွင့်အဆို့ရှင်ငယ်လေးတွေပါပြီး သွေးပြန်ကြောကို ဖြတ်သန်းသွားတဲ့သွေးတွေ နောက်ပြန် ပြန်မဝင်လာနိုင်အောင် ပိတ်ဆို့ ပေးပါတယ်။ သွေးပြန်ကြောနံရံတွေပုံမှန်ထက်ကျယ်ပြန့်လာတဲ့အခါမှာ ဒီအဆို့ရှင်လေးတွေလည်းအားနည်းလာပြီး သွေးကိုသေချာလုံအောင် မပိတ်နိုင်တော့ဘဲ သွေးယိုစိမ့်တာ ၊ သွေးနောက်ပြန်စီးတာတွေ ဖြစ်လာစေပါတယ်။ အချိန်ကြာလေ သွေးပြန်ကြောထဲမှာ သွေးတွေပိုစုပုံလာလေ ဖြစ်ပြီး သွေးပြန်ကြောတွေ ပုံမှန်ထက် ဖောင်းကားရောင်ကိုင်းလာပါတော့တယ်။ ဒါကို သွေးကြောထုံးရောဂါ (varicose veins) လို့ခေါ်ဆိုပါတယ်။

ဘယ်အချက်တွေက သွေးပြန်ကြောနံရံတွေကို ကျယ်ပြန့်လာစေသလဲ၊ ဘာကြောင့် သွေးကြောထဲက အဆို့ရှင် တွေကိုအားနည်းလာစေသလဲဆိုတာ အခုချိန်ထိ လေ့လာနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သော သူတွေက တခြားသူတွေထက် သွေးကြောထုံးရောဂါ ပိုဖြစ်တတ်တာကို တွေ့ရပါတယ်။ ဘယ်သူတွေလဲဆိုရင်

အမျိုးသမီးတွေ – သွေးကြောထုံးရောဂါခံစားရသူတွေကို လေ့လာကြည့်တဲ့အခါမှာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်ပွားနိုင်တာကိုတွေ့ရပါတယ်။ အမျိုးသမီးတွေကိုယ်က ထွက်တဲ့ဟော်မုန်းတချို့က သွေးပြန်ကြောနံရံတွေကို အားနည်းစေတာကြောင့် ဒီလိုဖြစ်ရတယ်လို့ ယူဆထားကြပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာချိန်နဲ့ သွေးဆုံးချိန်မှာ ထွက်တဲ့ဟော်မုန်းတွေက အဓိကအခန်းကဏ္ဍမှာ ပါဝင်နေနိုင်ပါတယ်။

မျိုးရိုးရှိသူတွေ – တခြားရောဂါအများစုလိုပဲ သွေးကြောထုံးရောဂါက မျိုးရိုးလိုက်တတ်တဲ့သဘောရှိတာ တွေ့ရပါတယ်။ ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်မှာ သွေးကြောထုံးရောဂါခံစားရဖူးရင် ကိုယ့်မှာလည်း တခြားသူတွေထက် သွေးကြောထုံးရောဂါဖြစ်နိုင်ချေ ပိုများတာကို သတိရသင့်ပါတယ်။

အသက်ကြီးသူတွေ – အသက်ကြီးလေ ရောဂါဘယတွေပိုဝင်နိုင်လေပါပဲ။ အသက်ကြီးလာတဲ့အတွက် သွေးကြောနံရံတွေ ပိုအားနည်းလာပြီး ပိုကျယ်ပြန့်လာပါတယ်။ ဒါ့ကြောင့် သွေးကြောထုံးရောဂါပိုခံစားရနိုင်ပါတယ်။

အဝလွန်သူတွေ – ကိုယ်အလေးချိန်တက်လာလေ ကိုယ်တွင်းက သွေးပြန်ကြောတွေအပေါ် ဖိအားပိုသက်ရောက်လာလေဖြစ်တဲ့အတွက်  နှလုံးဆီသွေးပြန်ပို့နိုင်အောင် သွေးကြောတွေပိုအလုပ်လုပ်ရပါတယ်။ သွေးကြောတွေနဲ့အတူ အဆို့ရှင်တွေပါ အလုပ်ပိုလုပ်ရပြီး အချိန်ကြာလာတဲ့အခါ ၂ ခုစလုံး အားနည်းလာပါတော့တယ်။ ဒါ့ကြောင့် အဝလွန်သူတွေမှာ သွေးကြောထုံးရောဂါ ပိုတွေ့ရတာဖြစ်ပါတယ်။

အချိန်ကြာမြင့်စွာ မတ်တတ်ရပ် အလုပ်လုပ်ရသူတွေ – အချိန်ကြာကြာမတ်တတ်ရပ်ရလေ သွေးကြောတွေကနေ နှလုံးဆီသွေးပြန်ပို့ပေးဖို့ ခက်ခဲလာပြီး အလုပ်ပိုလုပ်ရပါတယ်။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါ သွေးပြန်ကြောရော၊ အဆို့ရှင်တွေပါ အားနည်းလာပါတော့တယ်။

ကိုယ်ဝန်ဆောင်တွေ – ကိုယ်ဝန်ရှိချိန်မှာ မိခင်အတွက်ရော ကလေးအတွက်ပါ သွေးလုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ဖို့ သွေးပြန်ကြောတွေပိုအလုပ်လုပ်ရပါတယ်။ နောက်ပြီး အပေါ်မှာပြောခဲ့သလို ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကိုယ်ကထွက်တဲ့ဟော်မုန်းတွေကြောင့် သွေးပြန်ကြောနံရံတွေ ပိုပျော့ပျောင်းလာ စေတဲ့အတွက် သွေးကြောထုံးရောဂါဖြစ်နိုင်ချေ ပိုမြင့်တက်လာပါတယ်။ နောက်ပြီး ကြီးမားကျယ်ပြန်လာတဲ့ သားအိမ်က တင်ပါးဆုံကွင်းနေရာပေါ်ဖိအားသက်ရောက်တဲ့အတွက်လည်း သွေးကြောထုံးဝေဒနာပိုဖြစ်နိုင် ပါတယ်။ သွေးကြောထုံးဝေဒနာက ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များပေမဲ့ မိခင်အများစုကတော့ ကလေးမွေးပြီးတဲ့အခါမှာ ဝေဒနာသက်သာသွားလေ့ရှိပါတယ်။

ဒီလိုအုပ်စုထဲပါဝင်သူတွေအပြင် သွေးကြောထုံးရောဂါဖြစ်နိုင်တဲ့ ရှားရှားပါးပါးသူတချို့လည်း ရှိပါသေးတယ်။ သွေးကြောထဲမှာ သွေးခဲပိတ်ဝေဒနာခံစားရဖူးသူတွေ၊ တင်ပါးဆုံကွင်းအစိတ်အပိုင်းတွေမှာ အလုံးအကျိတ်တည်ဖူးသူတွေနဲ့ သွေးကြောတည်ဆောက်ပုံမမှန်သူတွေ ဆိုလည်း တခြားသူတွေထက် သွေးကြောထုံးဝေဒနာပိုခံစားရတတ်တာကို တွေ့ရှိရပါတယ်။

ရေးသားသူ – Dr.Htoo Tint

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement