home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နှလုံးထိခိုက်မှု (Heart Attack) ဖြစ်ပြီးချိန် လိုက်နာသင့်သော နေထိုင်မှုပုံစံများ

နှလုံးထိခိုက်မှု (Heart Attack) ဖြစ်ပြီးချိန် လိုက်နာသင့်သော နေထိုင်မှုပုံစံများ

နှလုံးထိခိုက်မှု (heart attack)ဟာ လူတိုင်း ကိုယ်တိုင်ဖြစ်စေ၊ မိမိဝန်းကျင်မှာဖြစ်စေ ကြုံတွေ့ဖူးတဲ့ ပြဿနာဖြစ်ပါတယ်။ များသောအားဖြင့် နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့် ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ နှလုံးထိခိုက်မှုဖြစ်ပွားပြီးချိန်မှာလည်း အစားအသောက် အနေအထိုင်ကို ဆင်ခြင်ပြီး နေသွားရမှာ ဖြစ်ပါတယ်။

နေထိုင်မှုပုံစံကို စနစ်တကျ နေထိုင်စားသောက်ခြင်းအားဖြင့် နောက်တကြိမ် heart attack ထပ်မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။

အောက်ပါအချက်တွေကတော့ နေ့စဉ် ဘယ်လိုမျိုး နေထိုင်စားသောက်သင့်သလဲ ဆိုတာပါပဲ။

၁။ အစားအသောက်ဂရုစိုက်ပါ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ခြင်းဟာ နှလုံးနဲ့သွေးကြော ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အဓိကကတော့ တနေ့တာမှာ ကယ်လိုရီ ဘယ်လောက်စားသောက်ဖြစ်သလဲ ဆိုတာ မှတ်ထားပေးဖို့ ဖြစ်ပါတယ်။ အခုအခါမှာ စမတ်ဖုန်းတွေမှာ ကယ်လိုရီတွက်တဲ့ စနစ်တွေ ပါဝင်နေပြီဖြစ်ပါတယ်။ တနေ့တာမှာ ကယ်လိုရီ ဘယ်လောက်စားသောက်မိသလဲ တွက်ချက်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးသင့်ပါတယ်။

အာဟာရဓာတ်သိပ်မပါဘဲ ကယ်လိုရီများတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။ ပြည့်ဝဆီ၊ ပုံပြောင်းဆီ၊ ဆား၊ သကြား (သို့) အချိုဓာတ်ကဲတဲ့ အစားအစာတွေကို လျှော့ချရပါမယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာများမှာ ဆိုဒီယမ်နဲ့ သကြားဓာတ် လွန်ကဲတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ အရက်ကိုလည်း သင့်တင့်သလောက်ပဲ သောက်သုံးသင့်ပါတယ်။

အဲ့ဒီအစား အသီးအရွက်များ၊၊ အဆီနည်းသော နို့ထွက်ပစ္စည်းများ၊ ပရိုတိန်းများ၊ ကျန်းမာရေးနဲ့ ညီညွတ်သောအဆီများ စတာတွေကိုပဲ စားသုံးသင့်ပါတယ်။

၂။ ပိုပြီးလှုပ်ရှားပါ

နှလုံးကျန်းမာရေးကို ကောင်းစေတဲ့ Cardio လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။ အဆိုပါလေ့ကျင့်ခန်းများဟာ သင့်နှလုံးကို သန်မာစေပြီး သွေးတိုးကျစေပါတယ်။ ကိုလက်စထရောကိုလည်း ကျစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း ကျဆင်းစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။

အမေရိကန်နှလုံးဆေးပညာအသင်းကြီးအနေနဲ့ အသင့်အတင့် အားသုံးရတဲ့ လေ့ကျင့်ခန်းမျိုးကို တပတ်မှာ မိနစ် ၁၅၀ ဖြစ်စေ၊ ပြင်းထန်စွာ လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းမျိုးကို တပတ်မှာ ၇၅ မိနစ်ဖြစ်စေ ပြုလုပ်ပေးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ လမ်းလျောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။

၃။ စိတ်နဲ့ကိုယ် သတိကပ်ပါ

အကောင်းမြင်စိတ်၊ အပြုသဘောဆောင်တဲ့စိတ်ဟာ ကျန်းမာရေးကို ဘက်ပေါင်းစုံက အထောက်အကူပြုပါတယ်။ မိမိရဲ့စားသောက်နေထိုင်ပုံအပေါ် အပြုသဘောဆောင် လက်ခံခြင်းဟာ နှလုံးထိခိုက်ခြင်းဖြစ်ပြီးနောက် ကုသရာမှာ အထောက်အကူပြုပါတယ်။

Heart attack ကို ကြုံပြီးချိန်မှာ စိတ်ခံစားမှုပိုင်းဆိုင်ရာ အများအပြား ကြုံနိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း စတာတွေ တွေ့နိုင်ပါတယ်။ အဆိုပါ စိတ်ခံစားချက်တွေဟာ ကျန်းမာရေးပြန်ကောင်းအောင် မိမိကိုယ်ကို ပြန်လည်တည်ဆောက်ရာမှာ အနှောက်အယှက် ဖြစ်စေပါတယ်။ မိမိစိတ်အခြေအနေကို သတိကပ်ပြီး ကြည့်ပါ။ လိုအပ်ရင် စိတ်ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးခြင်း ခံယူပါ။

၄။ ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းဟာ နှလုံးကျန်းမာရေးကို နည်းပေါင်းစုံနဲ့ ထိခိုက်စေပါတယ်။ သွေးကြောများရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။ အောက်ဆီဂျင်များတဲ့သွေးတွေကို ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေနဲ့ ကိုယ်တွင်းအင်္ဂါများဆီ ပို့ဆောင်ပေးနိုင်ခြင်းကနေ အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းဟာ နှလုံးရောဂါတွေ ဖြစ်စေပြီး heart attack လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

သင်ဟာ ဆေးလိပ်သောက်သူတဦးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးလိပ်ဖြတ်ပါ။ မိသားစုဝင်တွေမှာ ဆေးလိပ်သောက်တတ်သူရှိလည်း တဆင့်ခံအန္တရာယ်ရှိလို့ ဆေးလိပ်ငွေ့တွေကို ရှောင်ရှားသင့်ပါတယ်။

၅။ ကိုယ်အလေးချိန်ထိန်းသိမ်းပါ

ကိုယ်အလေးချိန်များနေရင် သင့်နှလုံးဟာ ပိုပြီးအားစိုက်ရပါတယ်။ ဒါဟာ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်လာစေပါတယ်။ သွေးတိုးရှိရင်၊ ကိုလက်စထရောများနေရင်၊ သွေးတွင်းသကြားဓာတ်များရင် ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ အစားအသောက် ဆင်ခြင်ခြင်း စတာတွေနဲ့ ကိုယ်အလေးချိန်းပြီး ဖြစ်နိုင်ခြေတွေကို လျှော့ချနိုင်ပါတယ်။

၆။ သွေးပေါင်ချိန်နှင့် ကိုလက်စထရော ပုံမှန်တိုင်းတာပါ

သွေးတိုးခြင်းဟာ နှလုံးနဲ့သွေးကြောတွေကို ထိခိုက်စေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ ဆားလျှော့စားခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း စတာတွေဟာ လက်တွေ့အသုံးဝင်ပါလိမ့်မယ်။

သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာ သင့်ပါတယ်။ မိမိသွေးပေါင်ချိန်ကို မှတ်တမ်းပြုလုပ်ထားပြီး ဆရာဝန်ဆီမှာ ပြသတိုင်ပင်သင့်ပါတယ်။ ကိုလက်စထရောပမာဏကို သိရအောင် သွေးဖောက်စစ်ဆေးခြင်းမျိုးကို သူ့အချိန်နဲ့သူ စစ်ဆေးရပါမယ်။ ကိုလက်စထရောများနေရင် ဆရာဝန်ဟာ ကိုလက်စထရောကျဆေး ညွှန်ကောင်းညွှန်ပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။