backup og meta

သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 17/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ

    နွေရာသီက လူအများစုအတွက်ပျော်ရွှင်စရာကောင်းသလို အပန်းဖြေလို့လည်းကောင်းတဲ့ ရာသီတစ်ခုပါ။ ဒါပေမယ့် လူကြီးတွေအတွက်တော့ ဒီလိုမဟုတ်ပါဘူး။ နွေရာသီရဲ့ အပူရှိန်က အမှုမဲ့အမှတ်မဲ့နေလိုက်မယ်ဆိုရင် အန္တရာယ်များတဲ့ အခြေအနေတွေတောင် ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ အပူရှိန်ပြင်းထန်တာကြောင့် ဖျားနာတာတွေ တော်တော်လေးဖြစ်နိုင်ပါတယ်။ လူကြီးတွေက နွေရာသီရဲ့ အပူဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။ အပူရှိန်အရမ်းပြင်းတာက အရွယ်သုံးပါးစလုံးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

    လူကြီးတွေဘာလို့ အပူဒဏ်ကိုမခံနိုင်ကြတာလဲ

    အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ စနစ်တွေက ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။ တဖြည်းဖြည်းချင်းနှေးလာနေပါတယ်။ ချွေးဂလင်းတွေနဲ့ ကိုယ်တွင်းသွေးလည်ပတ်မှုတွေကနေတဆင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်းကျဆင်းသွားတာက လူကြီးတွေ အပူဒဏ်ကိုမခံနိုင်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ခန္ဓာကိုယ်မှာ ကိုယ်ခံအားနည်းလာတာ၊ နှလုံးရောဂါခံစားနေရတာ၊ သောက်သုံးနေရတဲ့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် အပူဒဏ်ကို ခံနိုင်စွမ်းနည်းရတာမျိုးလည်း ရှိပါတယ်။

    သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ

    သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ ………. ပူပြင်းတဲ့နွေရာသီမှာ ကိုယ်ချစ်ရတဲ့ လူကြီးမိဘတွေကို ကျန်းမာစေဖို့အတွက် ဂရုစိုက်ပေးလို့ရတဲ့ နည်းလမ်းတွေကိုပြောပြပေးပါရစေ။

    အိမ်ထဲမှာအေးနေအောင်ထားပါ – တကယ်လို့ အိမ်မှာ လေအေးပေးစက်ရှိတယ်ဆိုရင် နွေရာသီရက်တွေမှာလေအေးပေးစက်ကို အချိန်ပြည့်ဖွင့်ထားပေးပါ။လေအေးပေးစက်မရှိဘူးဆိုရင် နေ့ခင်းဘက် အိမ်ထဲကို နေရောင်တိုက်ရိုက်မဝင်နိုင်အောင် ပြတင်းပေါက်မှန်တွေကို ကာထားပေးပြီး အိမ်ထဲမှာ အေးနေအောင်ထားပေးပါ။ ညဘက်မှ ပြတင်းတံခါးကို ဖွင့်ပြီး လေကောင်းလေသန့်ရအောင်လုပ်ပါ။ မျက်နှာကျက်မှာ ပန်ကာတပ်ထားတယ်ဆိုရင် ပန်ကာဖွင့်ပေးလိုက်ပါ။

    သက်သောင့်သက်သာရှိမယ့် အဝတ်အစားတွေ ဝတ်ပေးပါ –နွေရာသီမှာ အနက်ရောင်အထည်တွေ နဲ့ ထူထဲတဲ့အဝတ်အစားတွေကို မဝတ်ပေးပါနဲ့။ ချောင်ချောင်ချိချိပေါ့ပေါ့ပါးပါးဖြစ်မယ့် ချည်ထည်လေးတွေ လီနင်ထည်လေးတွေ ဝတ်ပေးပါ။ ချွေးစုပ်တဲ့အထည်မျိုးလေးတွေကို နွေရာသီဝတ်ဖို့ ပြင်ဆင်ပေးလိုက်ပါ။

    ရေဓာတ်ပြည့်နေအောင် ထားပေးပါ –ရေ၊ သစ်သီးဖျော်ရည်လိုမျိုး အရည်တွေကို တိုက်ပေးပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောပါတာတွေကို တတ်နိုင်သမျှမတိုက်ပါနဲ့။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက ခန္ဓာကိုယ်ရေဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ လိုအပ်ရင်း ဓာတ်ဆားတိုက်ပေးလို့ရပါတယ်။

    နေ့ခင်းနေပြင်းချိန်တွေ အိမ်ထဲမှာပဲနေခိုင်းပါ –နေ့တစ်နေ့တာမှာ မနက်ခင်း ၁၀ နာရီကနေ ညနေခင်း ၃ နာရီလောက်အထိက အပူချိန်အမြင့်ဆုံးပါ။ ဒီလိုအချိန်တွေမှာ အိမ်ထဲမှာနေတာက အကောင်းဆုံးပါ။ အပြင်ထွက်မယ်ဆိုရင်လည်း ချည်သားအင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်သွားဖို့လိုပါမယ်။ အရိပ်ရတဲ့နေရာတွေကနေ ဖြတ်သန်းသွားတာက အဆင်အပြေဆုံးဖြစ်မှာပါ။ နေလောင်ကာခရင်မ်လူးသွားဖို့လည်း မမေ့ပါနဲ့။

    လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့တကယ်လို့ လေ့ကျင့်ခန်းကို အပြင်မှာလုပ်တတ်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင် မနက်ခင်း စောစောပိုင်းလေး ဒါမှမဟုတ် ညနေနေအေးချိန်လောက်မှ လုပ်ပါ။ အပူရှိန်မြင့်နေချိန်မှာ ချွေးအရမ်းထွက်စေမယ့် လှုပ်ရှားမှုတွေမလုပ်ပါနဲ့။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုးပဲ ပေးလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း တဆက်တည်း မလုပ်ဘဲ အနားယူပြီး ဖြည်းဖြည်းချင်းလုပ်ခိုင်းပါ။

    အစားအသောက်ဂရုစိုက်ပါသွေးတိုးရှိတယ်ဆိုရင် အငန်များတဲ့ အစားအစာတွေကို မစားမိဖို့ သတိထားဖို့လိုပါမယ်။ နွေအရမ်းပူတဲ့အခါ သွေးတက်စေနိုင်တဲ့ အစားအစာတွေ၊ အငန်ဓာတ်နဲ့ အစပ်ကဲတဲ့အစားအစာတွေ၊ အဆီများတာမျိုးတွေကို မကျွေးမိဖို့ သတိထားရပါမယ်။

    ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို သိထားပါ –အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို အလွယ်တကူရနိုင်မယ့် နေရာမှာထားပါ။

    သိထားရမယ့်အချက်လေးများ

    • ရာသီဥတု အခြေအနေနဲ့ ကိုက်ညီအောင်ဝတ်ဆင်ပေးပါ။
    • အပူချိန်က အရမ်းပူနေတဲ့အခါ အပြင်မထွက်မိအောင် သတိထားပေးပါ။ အပူကြာင့် ဖျားနာတာမျိုးဖြစ်နေတဲ့ လက္ခဏာတစ်ခုခုရှိနေလားဆိုတာကိုသေချာဂရုစိုက်စောင့်ကြည့်ပါ။
    • ရေငတ်မှ ရေသောက်တာမျိုးမလုပ်ပါနဲ့။ ရေငတ်ချိန်မှသောက်မယ်ဆိုရင် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေလောက်ပါပြီ။
    • သွားလေရာကို ရေဗူးယူသွားပေးလိုက်ပါ။
    • ရေဓာတ်ဖြည့်ပေးနိုင်မယ့် အစားအသောက်တွေဖြစ်တဲ့ သခွားသီး၊ မုန်လာဥဖြူ၊ ဖရဲသီး၊ စတော်ဘယ်ရီသီးလိုမျိုး အသီးတွေစားပေးပါ။

    နွေရာသီမှာ ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေက

    • ရေဓာတ်ခမ်းခြောက်တာ

    ရေဓာတ်ခမ်းခြောက်တာက နွေရာသီမှာ လူကြီးတွေအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ လူကြီးတွေက အသက်ကြီးလာတာနဲ့အမျှ ရေသောက်နည်းသွားတာကြောင့် ပူပြင်းတဲ့အချိန်မှာ အလွယ်တကူရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ နေပြင်းတဲ့အခါ ပုံမှန်ထက်ရေပိုသောက်ဖြစ်အောင် ဂရုစိုက်ပေးပါ။

    • ရာသီဥတုပူတာကြောင့်  ခြေကုန်လက်ပန်းကျတာ

    ရာသီဥတုပူပြင်းတာကြောင့် ခြေကုန်လက်ပန်းကျတာက အသက်အန္တရာယ်မရှိပေမယ့် နည်းနည်းတော့ပြင်းထန်ပါတယ်။ နေ့စဉ်ရက်ဆက်နေပူဒဏ်ခံရတဲ့အခါ ခန္ဓာကိုယ်က ဆားဓာတ်နဲ့ ရေဓာတ်ဆုံးရှုံးလာပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ညီးစီစီဖြစ်လာတာ၊ ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ မောပန်းနွမ်းနယ်တာ၊ အားနည်းလာတာ၊ အမြင်တွေဝါးလာတာ၊ အော့အန်တာ၊ နှလုံးခုန်မြန်လာတာ၊ ချွေးအရမ်းထွက်တာ၊ ခေါင်းထဲက ရိပ်တိပ်တိပ်နဲ့ မူးလာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

    • အပူလျှပ်တာ

    အပူလျှပ်တာက အပူဒဏ်ကြောင့်ဖြစ်တဲ့ အရမ်းပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခန္ဓာကိုယ်က သူ့ဘာသာအေးမြအောင်မလုပ်နိုင်တဲ့အခါ အပူလျှပ်တာ ဖြစ်လာပါတော့တယ်။ အပူလျှပ်တဲ့အခါ ခေါင်းကိုက်တာ၊ ရိပ်တိပ်တိပ်မူးတာ၊ စိတ်ရှုပ်ထွေးတာ၊ စိတ်ရှုပ်တာ၊ သတိလစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေဖြစ်လာရင်တော့ နီးစပ်ရာဆေးခန်းကို သွားရောက်ပြသတာ အကောင်းဆုံးဖြစ်မှာပါ။

    အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပြီး ပူပြင်းတဲ့နွေရာသီမှာချစ်ခင်ရတဲ့ လူကြီးမိဘတွေကို အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ မကြုံတွေ့အောင်လုပ်ဆောင်ပေးနိုင်ကြပါစေကြောင်း

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 17/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement