backup og meta

သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း ၅ သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 21/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း ၅ သွယ်

    သွေးတိုးတယ်ဆိုတာက နှလုံးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ် ရှိတဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်။ ကမ္ဘာ တလွှားမှာ သွေးတိုးရောဂါ ခံစားနေရသူဦးရေက ၁ ဘီလျံလောက် ရှိနေပြီး သွေးတိုးရောဂါကို ဂရုတစိုက် ထိန်းသိမ်းမှု မရှိဘူး ဆိုရင် နှလုံးရောဂါ နဲ့ လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒီတော့ သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း တွေကို ကြည့်လိုက်ရအောင်နော်။

    သွေးပေါင်ချိန်က ရက်သတ္တပတ်တော်တော်ကြာတဲ့အထိ အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ မှာတန့် နေမယ်ဆိုရင် သွေးတိုးရောဂါဖြစ်နေပြီဆိုရပါမယ်။

    ဘဝနေထိုင်မှုပုံစံက သွေးတိုးရောဂါကိုကုသရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သွေးတိုးတာကို ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံနဲ့ ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင် ဆေးကုသမှုခံယူရမယ့် အနေအထားကို ရှောင်ရှားလျှော့ချနိုင်မှာဖြစ်ပါတယ်။

    သွေးတိုးရောဂါ ဖြစ်နိုင်ခြေများစေတဲ့ အချက်များ

  • ဆားအစားများတာ
  • သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုနည်းတာ
  • လုံလောက်တဲ့ကိုယ်လက်လှုပ်ရှားမှုမရှိတာ
  • အဝလွန်တာ
  • အရက်အလွန်အကျွံသောက်သုံးတာ
  • ဆေးလိပ်သောက်တာ
  • သွေးတိုးရောဂါ မျိုးရိုးရှိတာ
  • ဆီးချိုရောဂါရှိတာ
  • စိတ်ဖိစီးမှုများတာ
  • သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း ၅ သွယ်

    သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့ နည်းလမ်း ၅မျိုးကိုဖော်ပြပေးလိုပါတယ်။

    (၁) လမ်းလျှောက်ပါ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

    ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက သွေးတိုးကျစေမယ့် အကောင်းဆုံးသောနည်းလမ်းတွေထဲက တစ်ခုပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမှုက နှလုံးကျန်းမာသန်စွမ်းစေဖို့ အထောက်အကူပြုပေးနိုင်သလို သွေးကြောတွေထဲက သွေးဖိအားကို ကျဆင်းစေနိုင်ဖို့အတွက် နှလုံးသွေးညှစ်ထုတ်မှုကိုပိုမိုကောင်းမွန်စေပါတယ်။

    သွေးတိုးကျစေဖို့နဲ့ နှလုံးကျန်းမာသန်စွမ်းစေဖို့အတွက် တစ်ပတ်ကို မိနစ် ၁၅၀ လောက်လမ်းလျှောက်ပေးတာနဲ့ ၇၅ မိနစ် လောက် ပြေးတာမျိုးလုပ်ဆောင်ပေးပါ။

    (၂) ကျန်းမာရေးနဲ့ညီညွတ်မျှတစွာစားသုံးပေးပါ။

    ကောက်နှံတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းတွေ စားပေးတာ၊ ပြည့်ဝဆီနဲ့ ကိုလက်စထရေတွေကို လျှော့စားတာက သွေးတိုးကျအောင်အထောက်အကူပြုပါတယ်။

    ပိုတက်ဆီယမ်ကလည်း သွေးတိုးကျစေနိုင်တာကြောင့် နေ့စဉ် စားသုံးတဲ့အစားအသောက်တွေထဲမှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင်ထည့်သွင်းစားသုံးပေးပါ။ ချောကလက်အနက်ရောင်စားသုံးပေးတာကလည်း သွေးတိုးကျစေနိုင်ပါတယ်။

    (၃) ဆိုဒီယမ်(ဆား) စားသုံးမှုလျှော့ပါ။

    ဆား စားသုံးမှုက သွေးတိုးတာ၊ နှလုံးရောဂါနဲ့ လေဖြတ်တာလိုမျိုး ဝေဒနာတွေနဲ့ ဆက်စပ်နေပါတယ်။ သွေးတိုးရှိနေတယ်ဆိုရင် ဆားလျှော့စားပါ။ သိသာတဲ့ တိုးတက်မှု တွေ့ရှိရပါလိမ့်မယ်။

    (၄) ကိုယ်အလေးချိန်လျှော့ပါ။

    အရမ်းဝနေရင် ကိုယ်အလေးချိန် ကျသွားအောင် လုပ်ဆောင်ကြည့်လိုက်ပါ။ ကိုယ်အလေးချိန် ကျသွားတဲ့အခါ နှလုံးကျန်းမာရေးက သိသိသာသာ တိုးတက်ကောင်းမွန်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

    ကိုယ်အလေးချိန် လျှော့ချမှုက သွေးကြောတွေရဲ့ကျုံ့မှုဆန့်မှုကို ပိုမိုကောင်းမွန်စေမှာဖြစ်ပြီး သွေးတိုးတာကိုလည်း သိသိသာသာ ကျဆင်းစေမှာဖြစ်ပါတယ်။

    (၅) စိတ်ဖိစီးမှုကို ထိန်းချုပ်ဖြေရှင်းနိုင်ဖို့လုပ်ဆောင်ပါ။

    စိတ်ဖိစီးတာက သွေးတိုးစေတဲ့ အဓိက အကြောင်းရင်းခံ တစ်ရပ် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို တာရှည် ခံစားလာရတဲ့အခါ နှလုံးခုန်နှုန်းကမြန်လာပြီး သွေးကြောတွေ တင်းကျပ်လာပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ အရက် အလွန်အကျွံ သောက်သုံးတာ၊ ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိတဲ့ အစားအသောက်တွေကို စားသုံးတာလိုမျိုး သွေးတိုးစေနိုင်တဲ့ အပြုအမူတွေကို ပိုမို လုပ်ဆောင်မိလာ နိုင်ပါတယ်။

    လေ့လာမှု တော်တော်များများမှာ စိတ်ဖိစီးမှုကို ဖြေလျော့တာက သွေးတိုးကျစေနိုင် တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သွေးတိုးကျစေဖို့အတွက် စိတ်ဖိစီးမှု ပြေလျော့သွားအောင် လုပ်ဆောင်နိုင်မယ့် အခြေခံ ကျတဲ့ အချက် ၂ ချက် ကတော့ သီချင်း အေးအေးလေးတွေ နားထောင်ပေးတာနဲ့ အလုပ်လုပ်ရာမှာ မနိုင်ဝန်ထမ်းတာမျိုး မလုပ်မိဖို့ပဲ ဖြစ်ပါတယ်။

    အထက်ပါ အချက်တွေကို လုပ်ဆောင်ကြည့်ပြီး သွေးတိုးကျအောင်လုပ်ဆောင်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 21/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement