backup og meta

အမျိုးသမီးကျန်းမာရေး – ကိုလက်စထရောနှင့် ထရိုင်ဂလစ်စထရိုက်အဆီဓာတ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးကျန်းမာရေး – ကိုလက်စထရောနှင့် ထရိုင်ဂလစ်စထရိုက်အဆီဓာတ်များ

    ကိုလက်စထရော ဆိုတာ ကျွန်တော်တို့ရဲ့ သွေးနဲ့ ခန္ဓာကိုယ်ဆဲလ်တွေထဲက ဖယောင်းသဏ္ဍာန် စေးပျစ်ပျစ် အဆီဓာတ်တစ်မျိုးကို ခေါ်တာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သွေးတွင်းကိုလက်စထရော ပမာဏများခြင်းက နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်ပွားနိုင်ခြေကို မြင့်စေတယ်ဆိုတာကိုတော့ အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့  ကိုလက်စထရောနှင့် ထရိုင်ဂလစ်စထရိုက်အဆီဓာတ်များ က အမျိုးသမီးကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။

    အမျိုးသမီးကျန်းမာရေးအတွက် ကိုလက်စထရောရဲ့ ကောင်းကျိုးများ

    ကိုလက်စထရောဟာ အာရုံကြောတွေကို ဝန်းရံထားတဲ့ အပေါ်လွှာတွေ တည်ဆောက်ခြင်း၊ အစာခြေလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ သည်းခြေအက်ဆစ်ထုတ်လုပ်ခြင်း၊ အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်း၊ တက်စတိုစတီရုန်းဟော်မုန်းများ ထုတ်လုပ်ခြင်း စတဲ့ လုပ်ငန်းစဉ်တွေမှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အထူးသဖြင့် တက်စတိုစတီရုန်းဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းနဲ့ ကျန်းမာရေးအတွက် အထူးလိုအပ်တဲ့အပြင် အရိုးသိပ်သည်းဆ ကောင်းမွန်ဖို့အတွက်လည်း အဓိကကျတဲ့ လိင်ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ တက်စတိုစတီရုန်း လျော့နည်းခြင်းက အရိုးမှာပါဝင်တဲ့သတ္တုဓါတ်ကို ကျဆင်းစေပြီး အရိုးပွရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

    ကိုလက်စထရော တက်ခြင်းရဲ့ အန္တရာယ်များ

    သွေးထဲမှာမပျော်ဝင်နိုင်တဲ့ အဆီဓာတ်တစ်မျိုးဖြစ်တဲ့ ကိုလက်စထရောဟာ lipoprotein လို့ခေါ်တဲ့ အသားဓါတ်မှာကပ်ပြီး သွေးထဲလှည့်လည်သွားလာနေတာ ဖြစ်ပါတယ်။ ကိုလက်စထရောကို သိပ်သည်းဆနည်းတဲ့ lipoprotein မှာပေါင်းစပ်တဲ့ LDL ကိုလက်စထရော (မကောင်းတဲ့ကိုလက်စထရော) နဲ့ သိပ်သည်းဆများတဲ့ lipoprotein မှာပေါင်းစပ်တဲ့ HDL ကိုလက်စထရော (ကောင်းတဲ့ကိုလက်စထရော) ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။

    လူ့အသည်းက နေ့စဉ် ကိုလက်စထရော ၁၀၀၀ မီလီဂရမ်နီးပါး သဘာဝအလျှောက် ထုတ်လုပ်ပေးပေမယ့် ကျွန်တော်တို့စားတဲ့ အစားသောက်တွေမှာလည်း ကိုလက်စထရော ပါဝင်နိုင်ပါတယ်။ ကိုလက်စထရောပမာဏများများ စားသုံးခြင်းအားဖြင့် လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ မျက်စိကွယ်ခြင်း စတဲ့ ရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။

    အထူးသဖြင့် သားဥအိမ်မှာရေအိတ်တည်နေသူ၊ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးနေသူ၊ ကိုယ်ဝန်ဆောင်စဉ် သွေးချိုဆီးချိုရောဂါဖြစ်နေသူ အမျိုးသမီးတွေမှာ ကိုလက်စထရောတက်နေရင် နှလုံးသွေးကြောရောဂါဖြစ်ဖို့ အလားအလာပိုများပါတယ်။ ရောဂါဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့ အခြားအခြေအနေတွေကတော့ မိသားစုရောဂါရာဇဝင်၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အသက်ကြီးခြင်း၊ အဝလွန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဘာလုပ်သင့်သလဲ

    အမျိုးသားကျန်းမာရေးအဖွဲ့အစည်း (National Institute of Health) ရဲ့အဆိုအရ အမျိုးသမီးတိုင်းဟာ အသက် ၂၀အရွယ်ကစပြီး ကိုလက်စထရောစစ်ဆေးမှု လုပ်ဆောင်သင့်တယ်လို့ သိရှိရပါတယ်။ ဘယ်နှလတစ်ကြိမ်၊ ဘယ်နှနှစ်တစ်ကြိမ် စစ်ဆေးသင့်တယ်ဆိုတာကိုတော့ အောက်ပါအချက်အလက်တွေပေါ်မူတည်ပြီး သင့်ဆရာဝန်က ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

    • ဆေးလိပ်သောက်ဖူးခြင်း
    • အရက်အလွန်အကျွံသောက်သုံးခြင်း
    • မိသားစုထဲမှာ နှလုံးသွေးကြောရောဂါ သို့မဟုတ် လေဖြတ်ရောဂါ ဖြစ်ဖူးခြင်း
    • သွေးတိုးရောဂါရှိခြင်း
    • အဝလွန်ခြင်း

    ရောဂါဖြစ်ပွားနိုင်ခြေနည်းတဲ့ အမျိုးသမီးတွေက ၃နှစ်မှ ၅နှစ်ခြားတစ်ကြိမ် ကိုလက်စထရော စစ်ဆေးရင် လုံလောက်ပေမယ့် ကိုလက်စထရောကျစေတဲ့ ဆေးဝါးတွေ မှီဝဲနေရတဲ့ အမျိုးသမီးတွေကတော့ ဒီထက်ပိုပြီး မကြာမကြာ စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။

    နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေနိမ့်တဲ့ အမျိုးသမီးတွေက စုစုပေါင်း ကိုလက်စထရော ၂၀၀ mg/dL အောက်၊ LDL ကိုလက်စထရော ၁၃၀ mg/dL အောက်နဲ့ HDL ကိုလက်စထရော ၅၀ mg/dL အနည်းဆုံးရှိသင့်တယ်လို့ ကျွမ်းကျင်သူပညာရှင်တွေက ဆိုထားပါတယ်။

    ရောဂါဖြစ်ဖို့ အကြောင်းရင်းများတဲ့ အမျိုးသမီးတွေကတော့ LDL ကိုလက်စထရော ပမာဏ ၇၀ mg/dL ထက်မတက်အောင် ထိန်းထားသင့်ပါတယ်။

    အမျိုးသမီးတွေအနေနဲ့ ကိုလက်စထရော ပမာဏ လျှော့ချဖို့နဲ့ အခြား ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။

    ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း၊ အစားအသောက်ပုံစံ ပြောင်းလဲခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ဆေးဝါးအကူအညီယူခြင်း စတာတွေထဲကမှ သင့်အတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းတွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုက်နာဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement