အိပ်ချိန်မှန်ပြီး အိပ်ရေးဝဖို့က နာရီ alarmပေးထားပြီး အတင်းဝင်အိပ်ရုံနဲ့၊ အိပ်ရာထဲလှိမ့်နေရုံနဲ့မရပါဘူး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်လို့ အစားအသောက်က အရေးပါတယ်ဆိုတာ သိရင် ပိုအဆင်ပြေပါလိမ့်မယ်။ အိပ်ရေးဝဖို့ ဘာကိုဆောင်သင့်လဲ၊ ဘာကိုရှောင်သင့်လဲ ဆိုတာ သိရအောင် ဆက်ပြီးဖတ်ကြည့်ပါဦး။
ညအိပ်ခါနီး နွားနို့ပူပူလေးသောက်ရင် ကောင်းကောင်း အိပ်ပျော်တယ်လို့ပြောလေ့ရှိကြတယ်။ ဘာလို့လဲသိလား။ နို့ထွက်ပစ္စည်းတွေမှာtryptophan ပါဝင်လို့ဖြစ်ပါတယ်။tryptophan ဆိုတာ အိပ်စက်ခြင်းကို အထောက်အကူပေးတဲ့ဓါတ်ပစ္စည်းဖြစ်ပြီး အစေ့အဆန်တွေ၊ ငှက်ပျောသီး၊ ပျားရည်နဲ့ ကြက်ဥတို့မှာလည်း ပါဝင်တတ်ပါတယ်။
ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကသွေးထဲမှာtryptophan ကိုတိုးစေပါတယ်။ ဒါ့ကြောင့်ကွေကာနဲ့ နို့၊ အစေ့အဆန်နဲ့ခရက်ကာ၊ပေါင်မုန့်နဲ့ချိစ် အတွဲအစပ်တွေလိုမျိုးကို ညဘက်စားသုံးရင် ပိုအိပ်ပျော်စေပါတယ်။
အိပ်မပျော်တတ်ဘူးဆိုရင် အိပ်ရာဝင်ခါနီးမှာ အဆာပြေတစ်ခုခုစားခြင်းက အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် နည်းနည်းပဲစားသင့်ပါတယ်နော်။ များခဲ့ရင် အစာကြေဖို့မလွယ်သလို အဆီတက်တာလည်းများပါလိမ့်မယ်။ ဒါဆို အိပ်ပျော်ဖို့ ပိုတောင်ခက်စေနိုင်ပါတယ်။
နေ့ဘက်မှာဖြစ်ဖြစ်၊ ညဘက်မှာဖြစ်ဖြစ် အဆီများတာတွေမကြာခဏစားတတ်သူတွေက ပိုဝလာမယ်၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ခက်တယ်လို့ သုတေသနတွေ့ရှိချက်တွေကဆိုပါတယ်။ အဆီများတော့ အစာမကြေ၊ အိပ်မပျော်၊ အစာခြေစနစ်ပြဿနာတွေရှိလာနိုင်တယ်။
ညနေပိုင်းမှာကော်ဖီသောက်ရင် ညကျသိပ်အိပ်မပျော်တော့ဘူးမလား။ ကဖင်းဓါတ်ဟာတော်တန်ရုံပမာဏလောက်နဲ့တင် အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါပေမယ့်ကော်ဖီနဲ့လက်ဖက်ရည်ကိုပဲသတိထားနေလို့မရပါဘူး။ချောကလက်၊ ကိုလာနဲ့ လက်ဖက်သုပ်တို့မှာ လည်း ကဖင်းပါဝင်ပါတယ်နော်။ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင်တော့ မအိပ်ခင် ၄ နာရီကနေ ၆ နာရီအလိုတည်းက ကဖင်းကိုရှောင်သင့်ပါတယ်။
အကိုက်အခဲပျောက်ဆေး၊ အဆီကျဆေးတွေ၊ ဆီးဆေးတွေနဲ့ အအေးမိပျောက်ဆေးတွေမှာ ကဖင်းဓါတ်တွေပါဝင်တတ်ပါတယ်။ တချို့ဆိုကော်ဖီတစ်ခွက်ထက်တောင် ကဖင်းပိုများနေတတ်ပါတယ်။ ညညအိပ်မရဖြစ်နေတယ်ဆို ကိုယ်သောက်သုံးနေတဲ့ဆေးဝါးကြောင့်များလားဆိုတာ တစ်ချက်ထည့်စဉ်းစားပေးပါ။
မူးရင် ဘာမှမသိတော့ဘဲ အိပ်ပျော်သွားရောလို့ ထင်ကြပေမယ့် တကယ်တမ်းကျ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့က မဖြစ်နိုင်ပါဘူး။ ကိုယ်ကမသိပေမယ့် ဟိုလှိမ့်ဒီလှိမ့်၊အငြိမ်မနေဘဲ အိပ်တာမို့ အိပ်ရေးဝမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အိပ်ပျော်ချင်တယ်ဆို သောက်မယ့်အချိန်ကို အိပ်ရာမဝင်ခင် ၄ နာရီ သို့မဟုတ် ၆ နာရီလောက်တော့ခြားပါ။
ပရိုတင်းဓါတ်ကို တစ်နေ့တာမှာလိုအပ်တာမှန်ပေမယ့် အိပ်ရာဝင်ခါနီးမှာတော့ များများမစားသင့်ပါဘူး။ ပရိုတင်းကိုချေဖျက်ဖို့ခက်ခဲပြီး အမိုင်နိုအက်စစ်tyrosine ပါဝင်လို့ ဦးနှောက်ကိုလှုပ်ရှားမှုပိုများစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်မှာ ပရိုတင်းများတာတွေသိပ်မစားပါနဲ့။
ဆေးလိပ်သောက်သူတွေရဲ့အကျင့်ကဆေးလိပ်လေးဖွာရှိုက်ရင်း အတွေးနယ်ချဲ့တာပါပဲ။ အနားယူချိန်၊ စိတ်ကိုဖြေလျှော့ချိန်မှာဆေးလိပ်ကိုအားကိုးတတ်ကြပါတယ်။ ဆေးလိပ်ရဲ့ Nicotine ဆိုတာ ကဖင်းလိုပဲ နိုးကြားစေတဲ့အာနိသင်ရှိပါတယ်။ အိပ်ခါနီး ဆေးလိပ်လေးဖွာပြီး အတွေးများတာ၊ ညလယ် တရေးနိုးမှာဆေးလိပ်ထသောက်တာမျိုးရှောင်ပါ။
Hello ဆရာဝန်ရဲ့ စာဖတ်သူတို့ အိပ်ရေးဝဝနဲ့ အိပ်မက်လှလှမက်ပါစေနော်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။