backup og meta

အိပ်ရာမဝင်ခင် စာဖတ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရာမဝင်ခင် စာဖတ်ပါ

    အိပ်ရာမဝင်ခင် စာဖတ်ခြင်းဟာ အိပ်စက်ခြင်းကို အကျိုးပြုနိုင်တယ်ဆိုတာကို တော်တော်များများ ဖတ်ဖူးမှတ်ဖူးကြပါတယ်။ ဒါပေမယ့် လူအတော်များများမသိကြတာတော့ အိပ်ရာမဝင်ခင် စာဖတ်ခြင်းဟာ အိပ်စက်ခြင်းတစ်ခုတည်းကိုသာ အကျိုးပြုတာမဟုတ်ပါဘူး။ တခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးအများအပြားကိုလည်း ဆောင်ယူလာပေးနိုင်ပါတယ်။

    Tesla ရဲ့ CEO (အမှုဆောင် အရာရှိချုပ်) ဖြစ်တဲ့ အီလွန် မတ်စ်ဟာ အိပ်ရာမဝင်ခင်မှာ စာဖတ်တဲ့ အလေ့အထရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဒုံးပျံတွေတည်ဆောက်ဖို့ စာအုပ်တွေဖတ်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အဲ့လိုလေ့လာဖို့ အိပ်ရာမဝင်ခင် အချိန်တွေမှာ စာဖတ်ခဲ့တာပါ။

    ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေထဲမှာ အိပ်ရာမဝင်ခင် စာဖတ်ကြသူတွေအမြောက်အများရှိပါတယ်။ Facebook ရဲ့ မာ့ခ် ဇက်ကာဘတ်တို့၊ ဝါရင် ဘတ်ဖတ်တို့လည်း ဒီလို အလေ့အထမျိုးတွေ ရှိကြပါတယ်။ ဝါရင် ဘတ်ဖတ်ဆိုရင် တစ်နှစ်မှာ စာအုပ် ၆၀ ဖတ်လေ့ရှိပြီးတော့ အဲ့ဒီစာအုပ်အားလုံးကို ညပိုင်းတွေမှာ ဖတ်ကြတာပါ။

    ဒီလို အလုပ်များလှတဲ့ ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေတောင်မှ ညအိပ်ရာဝင်ခါနီးကာလတွေမှာ အချိန်ပေးပြီး စာအုပ်ဖတ်ရှုကြပါတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ပြီး ကပ်ညှိလာတဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို စာဖတ်ခြင်းနဲ့ ဆေးကြောချလိုက်တာပါပဲ။ ပြီးရင် ကောင်းမွန်စွာ အနားယူအိပ်စက်ပြီး နောက်တစ်နေ့မနက်မှာ လန်းဆန်းတက်ကြွစွာနဲ့ နောက်ထပ် နေ့သစ်တစ်နေ့ကို ပြန်လည်စတင်နိုင်မှာဖြစ်ပါတယ်။

    တချို့ကတော့ ဆိုကြပါလိမ့်မယ်။ အိပ်ရာမဝင်ခင် စာဖတ်တာက လူကို ပိုအိပ်ချင်စေတယ်၊ မျက်စိထိခိုက်နိုင်တယ်၊ ပင်ပန်းနေပြီး ဘာမှမလုပ်ချင်တော့ဘူး၊ စသဖြင့်ပေါ့။ ကြိုးစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အိပ်ယာဝင်ခါနီးစာဖတ်ရှုတာဟာ ကောင်းမွန်စွာ အိပ်စက်နိုင်အောင် အထောက်အကူပြုရုံတင်မကပါဘူး၊ တခြားအကျိုးကျေးဇူးတွေကိုလည်း ပေးနိုင်ပါသေးတယ်။

    စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်

    စိတ်ဖိစီးမှု (Stress) တွေဟာ လူတွေကို ဒုက္ခအလွန်ပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဖြစ်ပါတယ်။ စိတ်ဖိစီးမှု ခံစားနေရသူတွေဟာ တစ်နေ့တာလုံး စိတ်ပင်ပန်းဆင်းတဲ့ ခံစားချက်မျိုးနဲ့ ရုံးကန်နေရတတ်ပါတယ်။ အိပ်ယာမဝင်ခင်မှာ စာဖတ်ပေးမယ်ဆိုရင် ဒီပြဿနာကို အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

    စာဖတ်ခြင်းကြောင့် အသိပညာ ဗဟုသုတတွေ၊ ခံစားချက်တွေရသလို စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    လေ့လာချက်တွေအရဆိုရင် ၆ မိနစ်လောက် အချိန်ပေးစာဖတ်မယ်ဆိုရင်တောင်မှ ကိုယ့်မှာရှိနေတဲ့ စိတ်ဖိစီးမှုတွေရဲ့ ၆၈ ရာခိုင်နှုန်းအထိကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ စာအုပ်ပါအကြောင်းအရာက အဓိက မဟုတ်ပါဘူး။ ဖတ်ရှုနေတဲ့ စာအုပ်အပေါ် စိတ်ဝင်စားမှုကသာ အဓိကဖြစ်ပါတယ်တဲ့။

    ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်ပေးတယ်

    စာဖတ်တဲ့အခါ အချက်အလက်အသစ်တွေ၊ ကိုယ်မသိသေးတဲ့ အသိပညာအသစ်တွေကို ရရှိမှာဖြစ်ပြီးတော့ ဒီအချက်တွေက လူတွေကို ပိုမိုထက်မြက်လာစေဖို့ အထောက်အကူပြုပါတယ်။ ပိုပြီး လေ့လာလေလေ ပိုပြီး ထက်မြက်ထူးချွန်လာလေလေပေါ့။

    ဒီနေရာမှာ အချက်အလက်တွေ တစ်ပုံတစ်ပင်နဲ့ စာအုပ်အထူကြီးတွေချည်း ဖတ်ရှုရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘာစာအုပ်မဆို ဖတ်ရှုလို့ရပါတယ်။ စိတ်ကူးယဉ်ဆန်းကြယ်ဝတ္တုတွေ ဖတ်ရှုရင်တောင်မှပဲ စကားလုံးအသစ်တွေ၊ ဝါကျအထားအသိုတွေကို လေ့လာခွင့်ရနိုင်တာမို့ သင့်ဦးနှောက်ကို အကျိုးပြုနေမှာဖြစ်ပါတယ်။

    ဖြတ်ထိုးဉာဏ် ထက်သန်လာစေမယ်

    ကိစ္စ တစ်စုံတစ်ရာကို တဒင်္ဂအတွင်း လျှပ်တစ်ပြက် ဆုံးဖြတ်၊ စီမံနိုင်စွမ်းဟာ ဖြတ်ထိုးဉာဏ်ဖြစ်ပါတယ်။ စာအုပ်ဖတ်ရှုခြင်းဟာ လူတွေရဲ့ ဦးနှောက်တွေကို တိုးတက်လာအောင်၊ ပိုမိုကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်လာနိုင်အောင် ပြင်ဆင်ပေးပါတယ်။ အတွေ့အကြုံသစ်တွေ၊ သတင်းအချက်အလက်သစ်တွေ၊ အသိပညာသစ်တွေကို ထိတွေ့ခွင့် လေ့လာခွင့်ပေးနိုင်မှာဖြစ်ပါတယ်။

    ဒါကြောင့် မတူညီတဲ့ အမြင်တွေ၊ ရှုထောင့်တွေကို ပိုမိုစဉ်းစားလာနိုင်မှာဖြစ်ပြီးတော့ ပြဿနာတွေကိုလည်း ယျထာဘူတ ကျကျနဲ့ အလျင်မြန်ဆုံး ချဉ်းကပ်သုံးသပ်နိုင်မှာဖြစ်ပါတယ်။

    ကောင်းမွန်စွာ အိပ်ပျော်စေမယ်

    အိပ်ရာဝင်ခါနီးမှာ စာဖတ်ပေးရင် အိပ်စက်မှုကို အထောက်အကူပြုနိုင်တယ်ဆိုတာကို သိပ္ပံဆိုင်ရာ သက်သေပြချက်အမျိုးမျိုးနဲ့ ခေတ်အဆက်ဆက် ပညာရှင်ကြီးတွေက ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။ တကယ်လည်း အိပ်ယာဝင်ခါနီး စာအုပ်ဖတ်ရင် အိပ်လို့ သိပ်ကောင်းတယ်မဟုတ်လား။

    သတိထားရမှာကတော့ စာအုပ်ကို ကိုင်ဖတ်တာမျိုးကိုသာ ပြုလုပ်သင့်ပြီးတော့ စမတ်ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်၊ e-Book Reader စတဲ့အရာတွေနဲ့ ဖတ်ရှုတာမျိုးတွေတော့ မပြုလုပ်သင့်ပါဘူး။ ဒီလို Electronic Device တွေက ထွက်ရှိတဲ့ Blue LED Light ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

    တစ်ခုရှိတာက ကိုယ်က အရမ်းလေးတဲ့စာတွေကို သိပ်မကြိုက်တတ်ရင် သိပ်ပြီးပျင်းစရာကောင်းတဲ့ စာအုပ်မျိုးတွေကို ရှောင်သင့်ပါတယ်။ နို့မို့ဆိုရင် စာအုပ်ဖတ်တာက အိပ်ကောင်းရုံတင်မဟုတ်ပဲ ပိုမြန်မြန်အိပ်စေမယ့် အကျိုးသက်ရောက်မှုပါ ထပ်တိုးလာမှာမို့လို့ပါ။

    အာရုံစူးစိုက်မှု အားကောင်းလာမယ်

    ဘာအလုပ်ကိုပဲ လုပ်လုပ် အာရုံစူးစိုက်မှု အားကောင်းခြင်း၊ အားမကောင်းခြင်းဟာ အလုပ်ရဲ့ နောက်ဆုံးအဖြေကို ကွဲကွဲပြားပြားအဖြေထုတ်ပေးနိုင်တဲ့ အရေးပါမှုတစ်ခုဖြစ်ပါတယ်။ အာရုံစူးစိုက်မှု အားကောင်းတဲ့သူက တခြားသူတွေထက်ပိုပြီး ကိစ္စတိုင်းမှာ ပိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အိပ်ရာဝင်ခါနီးအချိန် စာဖတ်ပေးရင် ဒီလို အာရုံစူးစိုက်မှု အားကောင်းစေတဲ့ အကျိုးကျေးဇူးလည်း ရမှာဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ စိတ်ဖီစီးမှုများစေမယ့် Email တွေ၊ ဆိုရှယ်မီဒီယာအကောင့်တွေကို ကြည့်နေတာမျိုးထက် စာအုပ်ထဲက အခန်းငယ်တစ်ခန်းလောက်ကို ဖတ်လိုက်တာက ပိုအကျိုးရှိစေမှာဖြစ်ပါတယ်။ စာအုပ်ထဲက အကြောင်းအရာ၊ ဇာတ်လမ်း၊ ဇတ်ကောင်တွေအကြောင်းတွေကို နာရီပိုင်းအောင် အာရုံစူးစိုက်မှုရှိရှိဖတ်ပေးတာဟာ အစိတ်အာရုံကို မပျံ့လွင့်အောင် စုစည်းနိုင်တဲ့အလေ့အထကို ရစေတာမို့ပါ။

    စာနာ နားလည်စိတ် တိုးပွားလာမယ်

    လူတိုင်းက နေ့စဉ်လူနေမှုဘဝမှာ ကိုယ့်ကိုယ်ကို ကိုယ်သာ အာရုံစိုက်ပြီး အတ္တကြီးစွာ ဖြတ်သန်းကြလေ့ရှိပါတယ်။ စာအုပ်ဖတ်သူတွေကတော့ ဘဝအပေါ် ရှုမြင်ပုံမျိုး ပြောင်းလဲလာနိုင်ပြီး စာနာ နားလည်ပေးနိုင်မှု၊ သနားကြင်နာမှုတွေ၊ ကိုယ်ချင်းစာတရားတွေ ပိုမိုတိုးပွားလာနိုင်တာမို့ ကိုယ်တိုင်အတွက်သာမက လူတစ်ဖက်သားအတွက်ပါ အကျိုးရှိစေတဲ့ အချက်ဖြစ်ပါတယ်။

    ငြိမ်းချမ်း ကြည်လင်တဲ့ စိတ်ငြိမ်းချမ်းမှုမျိုး ခံစားရမယ်

    စာအုပ်ဖတ်ရှုခြင်းဟာ တိတ်ဆိတ်ပြီး ငြိမ်းချမ်းစေတယ်။ အထူးသဖြင့် အိပ်ရာဝင်ခါနီး အချိန်တွေမှာ စာအုပ်ဖတ်တာဟာ ဒီလို ခံစားချက်မျိုးကို ပိုရစေနိုင်ပါတယ်။ ရုပ်မြင်သံကြားကြည့်ရှုတာ၊ ရုပ်ရှင်ကြည့်တာ၊ တေးသီချင်းနားထောင်တာတွေဟာ ဆူညံမှု၊ ရှုပ်ထွေးမှုတွေကို ခံစားမိစေပါတယ်။ လက်ဖက်ရည်ကြမ်းလေးတစ်ခွက်နဲ့ စာအုပ်လေးတစ်အုပ်ကို အရသာခံဖတ်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံစားရမှာအမှန်ပါပဲ။

    အပန်းပြေစေတယ်

    လူတွေဟာ နေ့စဉ်နဲ့အမျှ စိတ်ပင်ပန်းစရာတွေ၊ စိတ်အာရုံနောက်စရာတွေနဲ့ ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။ ဒါတွေကို ရှောင်လွှဲနိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒီလို စိတ်နှလုံးပင်ပန်းစရာတွေကို အပန်းပြေအောင်တော့ လုပ်ယူလို့ရပါတယ်။ စာအုပ်ဖတ်တာပါပဲ။ စာဖတ်နေချိန်မှာ လူတွေဟာ သက်သောင့်သက်သာဖြစ်နေမယ်၊ စိတ်အေးချမ်းနေမယ်၊ ဒီစိတ်ခံစားချက်မျိုးဟာ နောက်ထပ် နာရီအနည်းငယ်အကြာအထိ ဆက်လက်သယ်ဆောင်သွားလို့ရပါတယ်။ ညအိပ်ရာဝင်ခါနီးမှာ စာအုပ်လေးဖတ်ပြီး စိတ်အပန်းပြေစွာ အနားယူထားတဲ့လူတစ်ယောက်ဟာ နောက်တစ်နေ့မနက်မှာလည်း လန်းလန်းဆန်းဆန်းနဲ့ တက်ကြွစွာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ စတင်နိုင်တော့မှာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement