Detox လုပ်ဖို့ လိုအပ်နေပြီလား
လေ့လာချက်တွေအရဆိုရင်တော့ အောက်ပါ အခြေအနေတွေမှာ Digital Detox လုပ်ဖို့ လိုအပ်ပါတယ်တဲ့။
- ဖုန်းကို ရှာမတွေ့ရုံနဲ့တင် စိတ်သောကများနေတာ ဒါမှမဟုတ် စိတ်ဖိစီးနေတာ၊
- အားနေရင် ဖုန်းပဲကြည့်နေမိတာ၊ ဖုန်းတကိုင်ကိုင်ဖြစ်နေတတ်တာ၊
- ဆိုရှယ်မီဒီယာ အသုံးပြုပြီးတိုင်း အလိုမကျ၊ စိတ်ဓာတ်ကျ၊ ဝမ်းနည်း၊ သောကများတာတွေထဲက တစ်ခုခုကို ခံစားရတတ်တာ၊
- သင့်ရဲ့ ဆိုရှယ်မီဒီယာက Post ၊ Comment ၊ Like နဲ့ Share တွေအပေါ် ခံစားချက်လွန်ကဲနေတတ်တာ အလေးထားလွန်းနေတာ၊
- တစ်စုံတစ်ယောက်က ကိုယ့်ဖုန်း ဒါမှမဟုတ် ကိုယ်ပိုင်ဆိုင်တဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုခုကို စစ်ဆေးမှာ၊ ရယူသုံးစွဲမှာကို စိုးရိမ်ကြောက်လန့်နေတတ်တာ၊
- မိုးလင်းလည်း ဖုန်းကိုစကိုင် မိုးချုပ်လည်း ဖုန်းသုံးပြီးမှ အိပ်တာမျိုး အလေ့အကျင့်ရှိနေတာ၊
- တစ်ခုခုလုပ်တော့မယ်ဆိုရင် ကိစ္စကို အာရုံမစိုက်ခင် ဖုန်းအရင်ကြည့်နေတတ်တာ၊ စတာတွေပါပဲ။

ထိရောက်တဲ့ Detox ဖြစ်အောင် ဘယ်လိုလုပ်မလဲ
တကယ်တမ်း Detox လုပ်တယ်ဆိုတာက ဒစ်ဂျစ်တယ်ထုတ်ကုန်နဲ့ နည်းပညာတိုင်းကို အဆက်အသွယ်ဖြတ်စေတာပါ။ ဒါပေမယ့် ဒီကနေ့ခေတ်မှာ လုပ်ငန်းခွင့်ကိစ္စရပ်တွေနဲ့ လူမှုဘဝနေထိုင်မှုပုံစံတွေကြောင့် ၁၀၀% အပြည့်အဝ အဆက်အသွယ်ဖြတ်ဖို့က သိပ်တော့ မလွယ်ကူလှပါဘူး။
Detox ဆိုတာကလည်း ဒစ်ဂျစ်တယ်ထုတ်ကုန်တွေနဲ့ ဆိုရှယ်မီဒီယာတွေကို အချိန်အတိုင်းအတာတစ်ခုအထိ အဆက်အသွယ်ဖြတ်ထားတာကို ဆိုလိုတာမဟုတ်လား။ ဒါကြောင့် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး Detox လုပ်နိုင်ပါတယ်။
လက်တွေ့ဆန်ပါစေ – ဖြစ်နိုင်ခြေရှိတာမျိုးကို စဉ်းစားပြီးလုပ်ပါ။ ကိုယ်လုပ်နိုင်သလောက်ကို ချိန်ညှိမလုပ်ရင် မအောင်မြင်ဖို့ များပါတယ်။
ကိုယ်လုပ်နိုင်တဲ့ အချိန်ပမာဏကို သတ်မှတ်ပါ – နေ့စဉ် နာရီပိုင်းလား၊ ဒါမှမဟုတ် ၁ ရက်လောက် တစ်နေကုန်လုပ်လိုက်မှာလား။ သတ်မှတ်ဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် အောက်ပါအချိန်တွေဟာ သင့်အတွက် Digital Detox လုပ်ဖို့ အကောင်းဆုံး အချိန်တွေ ဖြစ်ပါတယ်။
- အစာစားချိန်၊
- အိပ်ယာဝင်ချိန်၊ အိပ်ယာထချိန်၊
- လုပ်ငန်းခွင်ထဲရောက်နေချိန်၊
- မိသားစုကို အချိန်ပေးနေချိန် တွေပါပဲ။
ဒါ့အပြင် တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေ၊ အထီးကျန်မှုတွေကို ကောင်းကောင်းဖြေဖျောက်နိုင်ပါလိမ့်မယ်။
အနှောင့်အယှက်တွေကို ဖယ်ရှားပါ – မဖြစ်မနေ ဒစ်ဂျစ်တယ်ထုတ်ကုန်တွေကို အသုံးပြုရဖို့ ကြုံလာရင် ကိုယ်သုံးရမယ့်ကိစ္စထက် ကျော်လွန်ပြီးမသုံးဖြစ်အောင် ရှိသမျှ Noti တိုင်းကို ပိတ်ထားပါ။
အလုပ်ဖြစ်အောင်လုပ်ပါ – ဖြစ်နိုင်ရင် ဘာခြွင်းချက်မှ မထားပါနဲ့။ ခြွင်းချက်တွေထားပြီး လုပ်နေမယ်ဆိုရင် ထိရောက်မှာမဟုတ်သလို အလုပ်ဖြစ်လို့လည်း ခက်ပါတယ်။
ပတ်ဝန်းကျင်ကို အသိပေးပါ – လျှို့လျှို့ဝှက်ဝှက်နဲ့ မလုပ်ပါနဲ့။ ကိုယ် ဒီလိုလုပ်နေတယ်ဆိုတာကို ပတ်ဝန်းကျင်၊ အသိမိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို အသိပေးပါ။ ဒါမှ သူတို့ကလည်း ကိုယ့်ကို ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။
ဖြစ်နိုင်ရင် ဆိုရှယ်မီဒီယာ App တွေကို ဖျက်ချထားပါ – ဆိုရှယ်မီဒီယာ App တွေကို ဖျက်ချထားရင် ပိုအလုပ်ဖြစ်ပါတယ်။
မှတ်တမ်းတင်ပါ – ကိုယ်ဘယ်လောက်လုပ်နိုင်တယ်၊ ဘယ်လိုအကျိုးရှိလာတယ်ဆိုတာကို စာအုပ်နဲ့ မှတ်တမ်းတင်ထားပါ။
အထက်ပါနည်းလမ်းတွေက Digital Detox လုပ်ရာမှာ ပိုပြီး ထိရောက်စေဖို့ ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။