home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

လူကြီးမိဘတွေကို အာဟာရနဲ့ ကန်တော့တော့မယ်ဆိုရင်

မိုးတွေအကြိုက်ရွာလို့ ပတ်ဝန်းကျင်က စိမ်းလန်းစိုပြေခဲ့တဲ့ ကာလပတ်ကို ကုန်ဆုံးလို့ မိုးလေ ကင်းလွတ်ပြီး သီတင်းကျွတ်ကာလရောက်လာပြီဆိုရင်မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုဓလေ့အတိုင်း လူကြီးမိဘတွေကို ကန်တော့ကြတယ်။ အဝေးရောက်နေတဲ့သားသမီးတွေက မိဘတွေရှိရာ ဖိုးဖိုးဖွားဖွားတွေရှိရာဆီကို အရောက်ပြန်လာပြီး ကန်တော့ကြတယ်။ ဒါကမြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုပေါ့။

သီတင်းကျွတ်ပြီ မိုးလေးကင်းလွတ်ပြီဆိုရင် မီးပုံးလွှတ်တယ်။ မီးထွန်းတယ်။ လူကြီးတွေကို ကန်တော့တယ် မုန့်ဖိုးတောင်းကြတယ်ဆိုတာတွေက ကလေးဘဝကတည်းက လုပ်လာခဲ့တဲ့ သီတင်းကျွတ်ရဲ့ အလေ့အထတွေပါ။ ကလေးတွေစုပြီး အတူတူဆော့ရတာလည်းပျော်စရာကောင်းခဲ့တဲ့ ငယ်ဘဝရဲ့ သီတင်းကျွတ်အမှတ်တရတွေပေါ့။ သီတင်းကျွတ်လွမ်းချင်းလေးပြီးတော့ သီတင်းကျွတ်ကန်တော့မယ့် ကိစ္စလေးပြောကြရအောင်။

မေ့ထားလို့မရတဲ့ အရာတစ်ခု

ကိုယ်တွေကိုယ်တိုင်က အလုပ်ခွင်ဝင်နေပြီဆိုရင် ကိုယ့်ကိုမွေးဖွားပျိုးထောင်ခဲ့တဲ့မေမေဖေဖေတို့က အသက်ကြီးနေပြီဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒီတော့သီတင်းကျွတ်ကန်တော့တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုက အသက်အရွယ်ကြီးရင့်လာတဲ့ဖေဖေမေမေတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်အောင်ကန်တော့မယ့်ကိစ္စပါ။ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ခန္ဓါကိုယ်က အင်အားတွေယုတ်လျော့လာမှာ အသေအချာပါ။ ဒီတော့ဖေဖေမေမေတို့ိကို အားအင်ပြည့်နေစေဖို့ အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးဖို့လိုမယ်ဆိုတာကမေ့ထားလို့ မရတဲ့အရာတစ်ခုပေါ့။

ဖေဖေမေမေတို့ကို အာဟာရပြည့်ဝစေဖို့ ဘာတွေနဲ့ ကန်တော့မလဲ

အသက်အရွယ်ကြီးရင့်လာတဲ့မေမေဖေဖေတို့ရဲ့ အာဟာရလိုအပ်ချက်က ကိုယ်တွေထက်ပိုမြင့်လာနေမှာအသေအချာပါ။နောက်တစ်ချက်ရှိတာက အသက်အရွယ်ကြောင့် အရိုးတွေကလည်း အရမ်းမသန်မာတော့ဘူး။ သွားတွေရဲ့ ကြံ့ခိုင်မှုကလည်း နည်းလာပြီ စားလိုက်ရင် သွားနာတာ၊ ဝါးမရတာနဲ့ မစားတဲ့အရာတွေကလည်း များလာမယ်။ အာဟာရလိုအပ်ချက်ကလည်း များလာမယ်။ ဒီတော့ လိုအပ်မယ့် အာဟာရလိုအပ်ချက်ကိုပြည့်မီအောင်ဖြည့်ဖို့ဆိုရင်ဖေဖေမေမေတို့နဲ့အသင့်တော်ဆုံး အာဟာရကိုရွေးချယ်ပေးရမှာက သားသမီးတွေရဲ့တာဝန်ပါ။

အာဟာရ လိုအပ်ချက်ကို အကောင်းဆုံးဖြည့်စွမ်းဖို့က

အသက်အရွယ်ကြီးရင့်လာတဲ့မေမေဖေဖေတို့အတွက် အာဟာရလိုအပ်ချက်ပြည့်မီဖို့ဆိုရင် တစ်နေ့တာမှာ မနက်စာ၊နေ့လယ်စာ၊ အဆာပြေ စားစရာ နဲ့ ညစာတို့ကိုပြင်ဆင်ပေးဖို့လိုမှာပါ။

မနက်စာအနေနဲ့က နွားနို့အပါအဝင် အခြား အာဟာရဖြစ်စေမယ့် သောက်စရာ၊ပေါင်မုန့်၊ ကြက်ဥ တို့အပြင်မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ မုန့်ဟင်းခါး၊ အသုပ်၊ ထမင်းကြော်စတာတွေပေါ့။

နေ့လယ်စာအနေနဲ့ကတော့ ထမင်းနဲ့ အသားဟင်းတစ်မျိုး၊ အသီးအရွက်ကြော်၊ စွပ်ပြုတ်၊ ငါးတစ်မျိုးမျိုး နဲ့ ပဲတစ်မျိုးမျိုးပါဝင်အောင်ပြင်ဆင်ပေးပါ။ ဒါမှ ပရိုတင်းနဲ့ ဗီတာမင် သတ္တုဓါတ်လုံလောက်ပြည့်ဝအောင်ရရှိမှာပါ။

နေ့ခင်း အဆာပြေအနေနဲ့ကတော့ ပန်းသီး အပါအဝင် သစ်သီးတစ်မျိုးမျိုး၊ အသီးဖျော်ရည်တစ်မျိုးမျိုး၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ပေါင်မုန့်၊ ကွတ်ကီး စသဖြင့်ပြင်ဆင်ပေးလို့ရပါတယ်။ အဆီထုတ်ထားတဲ့ ဒိန်ချဉ်ကိုပြင်ဆင်ပေးလို့လည်းရပါတယ်။

ညစာအနေနဲ့ကတော့ ထမင်း၊ အသီးအရွက်ကြော် တစ်မျိုးမျိုး၊ အသားဟင်း တစ်ခွက်၊ ငါးတစ်မျိုးမျိုးနဲ့ အရည်သောက်ဟင်းတစ်မျိုးမျိုးပြင်ဆင်ပေးပါ။

ဒီလိုလေးဂရုတစိုက်ပြင်ဆင်ပေးမှဖေဖေမေမေတို့ကို လိုအပ်တဲ့ အာဟာရတွေပြည့်ဝစေမှာပါ။တကယ်လို့မေမေဖေဖေတို့က အစားကောင်းကောင်းမစားဘူး ဆိုရင်ဖြည့်စွက်အာဟာရတွေကို တစ်နေ့ကို တစ်ကြိမ်ကနေ နှစ်ကြိမ်လောက်အထိထည့်သွင်းပြင်ဆင်ပေးလို့ရပါသေးတယ်။ ဒါမှ လိုအပ်တဲ့ အာဟာရတွေကိုပြည့်ဝအောင်ဖြည့်ပေးနိုင်မှာကိုး။ ဒီတော့ဖေဖေမေမေတို့ကို လိုအပ်တဲ့ အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်နေစေဖို့ အာဟာရတွေနဲ့ ကန်တော့လိုက်ပါလို့ အကြံပေးပါရစေ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ တစ်ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။