backup og meta

ကိုယ်ရောစိတ်ပါ အနားရအောင် ဘယ်လိုအနားယူမလဲ

ကိုယ်ရောစိတ်ပါ အနားရအောင် ဘယ်လိုအနားယူမလဲ

ယနေ့လူမှုအဖွဲ့အစည်းဟာ အပြိုင်အဆိုင်ပိုများပြီး စိတ်ဖိစီးမှုတွေနဲ့ နေ့စဉ်ကြုံတွေ့နေရပါတယ်။ လုပ်ငန်းခွင်မှာဖြစ်စေ၊ ကျောင်းစာသင်ခန်းမှာဖြစ်စေ၊ မိသားစုတွင်းမှာဖြစ်စေ ဖြေရှင်းစရာ တပုံတပင်နဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းစရာတွေ များပါတယ်။ တစ်ခါတရံမှာ မိမိကိုယ်တိုင်အတွက်တောင် အချိန်မပေးနိုင်တာ ဖြစ်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ ပါဝင်ဆောင်ရွက်စရာ ကိစ္စတွေ မည်သို့ပင် များနေစေကာမူ မိမိရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအတွက်လည်း အချိန်ပေးသင့်ပါတယ်။

အနားယူသင့်တဲ့ အချိန်မှာ အနားမယူဘဲ ဆက်တိုက်အလုပ်လုပ်နေခြင်းဟာ စိတ်ရောကိုယ်ပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုလည်း ပိုများလာနိုင်ပါတယ်။ ကြာလာရင် ပင်ပန်းနွမ်းနယ်လွန်းပြီး ဘာမှဆက်မလုပ်နိုင်တော့တဲ့ အခြေအနေ (burnout)၊ ဦးနှောက်ထိုင်းသွားပြီး တွေးတောဆင်ခြင်ခြင်း၊ အာရုံစူးစိုက်ခြင်း မပြုနိုင်တော့တဲ့ အခြေအနေ (brain fog) တွေ ကြုံလာနိုင်ပါတယ်။

ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြလိုတာကတော့ သင့်အနေနဲ့ ကိုယ်ရောစိတ်ပါ အနားရအောင် ကျင့်သုံးသင့်တဲ့ နည်းလမ်းအချို့ ဖြစ်ပါတယ်။

ကိုယ်ရောစိတ်ပါ အနားရအောင် ဘယ်လိုအနားယူမလဲ

သင့်အနေနဲ့ ပင်လယ်ကမ်းခြေ ဒါမှမဟုတ် တောင်ပေါ်အပန်းဖြေစခန်းကိုသွားနိုင်မှ မဟုတ်ပါဘူး။ နေ့စဉ် လှုပ်ရှားသွားလာနေရင်းကလည်း အနားယူချိန်ထားနိုင်ပါတယ်။ အချိန်မရဘူးဆိုရင်တောင် မိနစ်အနည်းငယ်တော့ ယူသင့်ပါတယ်။ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပါပဲ။

အသက်ရှူပါ

အသက်ရှူလေ့ကျင့်ခန်းဟာ အရိုးရှင်းဆုံးလ့ကျင့်ခန်းတွေမှာ ပါဝင်ပေမယ့် သင့်ကို စိတ်ရောကိုယ်ပါ လန်းဆန်းစေမှာ အမှန်ပါပဲ။ ဒီလေ့ကျင့်ခန်းအတွက် ဖြစ်နိုင်ရင် တိတ်ဆိတ်အေးချမ်းတဲ့ နေရာကို ရွေးပါ။ မျက်စိမှိတ်ထားပြီး ထိုင်ခုံမှာ သက်သောင့်သက်သာမှီထိုင်ပါ။ ဒါမှမဟုတ် အိပ်ရာပေါ်၊ ဆိုဖာပေါ်၊ ကြမ်းပြင်ပေါ် လဲလျောင်းပါ။

ဗိုက်ပေါ်ကို လက်နှစ်ဖက်ယှက်တင်ပါ။ သုံးစက္ကန့်လောက် အချိန်ယူပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းပါ။ ပြီးရင် သုံးစက္ကန့်လောက် အချိန်ယူပြီး အသက်ပြန်ရှူထုတ်ပါ။ အသက်ရှူသွင်းရှူထုတ်လုပ်နေချိန်မှာ ဗိုက်က ဖောင်းလိုက်ပိန်လိုက်ဖြစ်နေတာကို အာရုံပြုပါ။ ရှူသွင်းရှူထုတ်ကို အနည်းဆုံး ၅ကြိမ်ခန့် ပြုလုပ်ပါ။

တင်းကြပ်မှုတွေ ဖြေလျှော့ပါ။

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ရှိနေချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ဖိစီးတင်းကြပ်မှုတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒိအတွက် ဖြေလျော့မှုတွေ ပြုလုပ်ပါ။ ကိုယ်ခန္ဓာရှိ ကြွက်သားတွေကို ဖြေလျှော့ဖို့ သင့်တော်ရာတနေရာမှာ လဲလျောင်းပါ။ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်နေရာရာကို အားယူပြီးတင်းလိုက်ပါ။

ဥပမာ လက်သီးများဆုပ်ပြီး လက်ကို တင်းလိုက်ပါ။ ဒါမှမဟုတ် ခြေထောက်ကြွက်သားများကို တင်းလိုက်ပါ။ ပြီးရင် ဖြည်းဖြည်းချင်း ပြန်လျှော့ပါ။ ခေါင်းကနေ ခြေဖျားထိ ကြွက်သားတွေကို အဆိုပါနည်းနလမ်းနဲ့ တင်းလိုက်၊ ဖြေလျှော့လိုက် ပြုလုပ်ပါ။

သဘာဝတရားနဲ့ နီးစပ်အောင်လုပ်ပါ

ကွန်ပျူတာရှေ့ကနေ ခဏထပါ။ ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်ပန်းမာန်တွေကို ကြည့်ရှုပါ။ အပင်ရေလောင်းပါ။ ပန်းပွင့်များကို ကိုင်တွယ်ကြည့်ပါ။ ခြံထဲဆင်းပြီး လမ်းလျှောက်ပါ။ သင်ဟာ တိုက်ခန်းနဲ့ နေသူတစ်ယောက်ဆိုရင်တော့ အခန်းတွင်းမှာ စိုက်နိုင်တဲ့ သစ်ပင်ငယ်လေးတွေ စိုက်ပျိုးထားနိုင်ပါတယ်။ ပတ်ဝန်းကျင်ကလေကို ရှူရှိုက်ပြီး လမ်းလျှောက်ပါ။

သင့်ရဲ့အောင်မြင်မှုတွေ၊ ကောင်းတဲ့အချက်တွေကိုချရေးပါ

လူအများဟာ စိတ်ဖိစီးလာချိန်မှာ အပြုသဘောထက် အပျက်သဘောကို ပိုမိုအာရုံစိုက်မိတတ်ပါတယ်။ သင့်မှာ ဘယ်လိုကျွမ်းကျင်မှုတွေ ရှိနေသလဲ၊ တခြားသူတွေထက် သင်ဘာတွေ ပိုမိုသာလွန်နေသလဲ၊ အဆင်ပြေနေသလဲ ချရေးပါ။ သင်ကူညီလိုက်လို့ တခြားသူတွေ အဆင်ပြေသွားတဲ့ ဖြစ်ရပ်တွေရှိရင်လည်း ချရေးပါ။

စိတ်ကူးယဉ်ပါ

တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ နေပြီး သင့်ကို စိတ်ချမ်းမြေ့မှုပေးနိုင်မယ့် နေရာဒေသများကို ပုံဖော်ပါ။ သင်သွားဖူးတဲ့ ခရီးတွေ၊ နေရာဒေသတွေ ဖြစ်နိုင်သလို ဓာတ်ပုံများ၊ ဗီဒီယိုထဲမှာ မြင်တွေ့ပြီး သင်သွားရောက်လည်ပတ်လိုတဲ့ နေရာတွေလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ကမ်းခြေ၊ တောင်ပေါ်စခန်း၊ ပန်းခင်း စသဖြင့် တနေရာရာကို ရောက်ရှိသလို ပုံဖော်ခံစားပါ။ ဒီနည်းလမ်းဟာ သင့်ကို စိတ်ရောကိုယ်ပါ အပန်းပြေစေပါလိမ့်မယ်။

ဝါသနာအတွက် အချိန်ပေးပါ

သင့်အနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်နဲ့ ဝါသနာအကြား ထပ်တူမကျရင် စိတ်ဖိစီးမှု ပိုများနိုင်ပါတယ်။ တနေ့တာအလုပ်တွေကို ခဏရပ်ပြီး သင့်ဝါသနာအတွက် အချိန်ဖဲ့ပေးပါ။ စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ခရီးထွက်ခြင်း၊ အပင်စိုက်ခြင်း၊ ဘောလုံးကန်ခြင်း စသဖြင့် သင်ဝါသနာပါတဲ့ အရာတစ်ခုခုကို ပြုလုပ်နေချိန်မှာ သင့်အနေနဲ့ စိတ်အပန်းပြေစေပါလိမ့်မယ်။

အကျိုးကျေးဇူးများ

အထက်ပါနည်းလမ်းတွေကို လုပ်ဆောင်ရတာဟာ ရိုးရှင်းပေမယ့် သင့်ကို စိတ်ရောကိုယ်ပါ ပြေလျော့စေမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေအတွက် အချိန်မပေးချင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဒုံးဒုံးချပြီးသာ အနားယူဖြေလျှော့ပါ။ သင့်အနေနဲ့ ပိုမိုရှင်းလင်းစွာ တွေးခေါ်နိုင်ပြီး ဆုံးဖြတ်ချက်တွေချနိုင်ခြင်း၊ နောင်ကြုံလာမယ့် စိတ်ဖိစီးမှုများကို ရင်ဆိုင်နိုင်ခြင်း၊ မိမိနေ့စဉ်ဘဝကို ပိုပြီး အကောင်းမြင်လာခြင်း၊ ကျန်းမာရေးပိုကောင်းလာခြင်း စတဲ့အကျိုးကျေးဇူးတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/stress/how-to-relax Accessed Date 29 September 2020

ယခုပုံစံ

24/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ

ကာလကြာရှည် စိတ်ဖိစီးခြင်းဟာ သင့်ကိုယ်ခန္ဓာအပေါ် ဘယ်လိုသက်ရောက်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement