backup og meta

စိတ်မလုံခြုံမှု ကင်းဝေးစေဖို့ နည်းလမ်း ၇ ရပ်


Ye Zon Aung မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်မလုံခြုံမှု ကင်းဝေးစေဖို့ နည်းလမ်း ၇ ရပ်

    တုန်လှုပ်ချောက်ချားတာမျိုး၊ စိတ်မလုံခြုံတာမျိုးကို စိတ်လှုပ်ရှားချိန်၊ ကြောက်ရွံ့ချိန်တွေမှာ လူတိုင်းနီးပါး ခံစားရတတ်တယ်။ အနည်းအများနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ်တော့ မူတည်မပေါ့။ ဒါပေမယ့် စိတ်ပူပင်တာ၊ စိတ်မလုံခြုံတာမျိုးတွေဟာ လူသားတိုင်းတစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ကြုံဆုံခံစားရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါ။

    ဆရာမက စာမေးချိန် မရတာကနေစလို့ မကောင်းတာတစ်ခုခုလုပ်ထားမိလို့၊ အမှားအယွင်းတစ်ခုခုကျူးလွန်မိထားလို့ စသဖြင့် အမျိုးမျိုးသော အကြောင်းတရားတွေကြောင့်စိတ်မလုံခြုံမှုကို ခံစားရနိုင်ပါတယ်။

    တစ်ဖက်သားက “မကြောက်ပါနဲ့ အဆင်ပြေသွားမှာပါ” လို့ အားပေးစကားပြောပေးရင် အားတက်လာတတ်ပေမယ့် တကယ့်အရင်းခံအကြောင်းတရားကို ပျောက်သွားစေချင်ရင်တော့ ကိုယ်တိုင်လုပ်ဖို့လိုအပ်မှာပါ။

    မလုံခြုံတဲ့စိတ်ခံစားချက်ဟာ တစ်ခါတရံမှာ သာမန်အတွေးစိတ်လေးတစ်ခုလိုပါပဲ။ ဒါပေမယ့် ဖွဲမီးလိုတငွေ့ငွေ့နဲ့သင့်ရဲ့ စိတ်အလျှင်ကို ထိပါးလာပါလိမ့်မယ်။ ဒါကြောင့် ဒီစိတ်ကိုတွန်းလှန်နိုင်ဖို့ လိုအပ်ပါတယ်။

    ဒါကြောင့် အကောင်းဆုံး အကြံဉာဏ် ၇ ချက်ကို ပြောပြပေးပါရစေ။

    ၁။ မိမိရဲ့ အကောင်းဘက်ခြမ်းကို လက်ခံယုံကြည်ပါ

    ကိုယ့်ကိုယ်ကို ယုံကြည်ပါဆိုတဲ့သဘောပါပဲ။ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ စိတ်နေသဘောထား၊ အပြုအမူနဲ့ အစိတ်အပိုင်းတွေ၊ အားသာချက်တွေကို ယုံကြည်၊ တွေးတောပြီး မလုံခြုံမှုဖြစ်စေတဲ့ စိတ်ကိုတိုက်ထုတ်ရမှာပေါ့။ ကောင်းတာတွေများများတွေ၊ အထူးသဖြင့် ကိုယ့်ရဲ့ ကောင်းမွန်တဲ့အချက်တွေကို တွေးပေးရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုကို မြှင့်တင်ပေးရင် စိတ်မလုံခြုံမှုကို လျော့ကျစေမှာပါ။

    ၂။ ကိုယ့်ကိုယ်ကို လေးစားပါ

    ကိုယ့်ကိုယ်ကိုမှ မလေးစားရင် ဘယ်သူမှ လေးစားမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အမြဲလေးစားနေဖို့ လိုအပ်ပါတယ်။ လေးစားတယ်ဆိုတာက လူတကာရှေ့မှာ ကိုယ်တော်ကြောင်းတတ်ကြောင်း ကြွားနေခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လုပ်ရပ်တိုင်း ဆုံးဖြတ်ချက်တိုင်းအပေါ် တန်ဖိုးထားပြီး တာဝန်ယူမှုနဲ့ ဂုဏ်ယူမှုရှိနေတာကို ဆိုလိုတာပါ။

    ၃။ သင့်ကို စိတ်မလုံခြုံစေမယ့် လူတွေကို ရှောင်ခွာပါ

    ကိုယ့်ကို အနိုင်ကျင့်နေတဲ့သူ၊ မလိုမုန်းတီးဖြစ်နေပြီး အမြဲ စိတ်အနှောင့်အယှက်ပေးနေသူတွေနဲ့ တတ်နိုင်သမျှ ခပ်ခွာခွာနေရင် ပိုပြီး စိတ်အနှောင့်အယှက်ကင်းတာပေါ့။ သူတို့နဲ့ မကြာခဏရင်ဆိုင်တွေ့နေတာကိုက စိတ်မလုံခြုံမှုကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို ထိပါးတဲ့အထိ ပုန်းအောင်းနေခိုင်းတာ မဟုတ်ဘူးဆိုတာကိုတော့ နားလည်စေချင်ပါတယ်။

    ၄။ ကိုယ့်ကို အားပေးမယ့်လူတွေကို စုစည်းထားပါ

    ကိုယ့်ဘေးနားမှာ ကိုယ့်ကို ပျော်စေမယ့်လူတွေချည်းရှိနေတယ်ဆိုရင် ပိုပြီးစိတ်ချမ်းသာမယ်မဟုတ်လား။ ကိုယ့်ကို ပျော်စေမယ့်လူတွေနဲ့ ပိုပေါင်းသင်း၊ ကိုယ့်ကို ကူညီချင် ဖေးမချင် အားပေးချင်တဲ့လူတွေနဲ့ များများပေါင်း။ တစ်နေ့ကို ၁၀ မိနစ်လောက်ဖြစ်ဖြစ် ကိုယ့်ရဲ့ စိတ်မလုံခြုံမှုတွေအကြောင်း သူတို့ကိုပြောပြီး ဆွေးနွေးကြည့်။ ဒါဆို ကိုယ်လည်း စိတ်ချမ်းသာမှုရနိုင်မယ်။ အပြန်အလှန်အနေနဲ့ ကိုယ့်ကလည်း သူတို့ကို ပြန်လည်ကူညီ။ ဒီလိုနဲ့စုစည်းပြီး အပြန်အလှန် ကူညီရိုင်းပင်းမှုတွေနဲ့ ပျော်စရာ အသိုက်အဝန်းလေးဖြစ်လာနိုင်တယ်လေ။

    ၅။ စိတ်မလုံခြုံမှုဆိုတာ အချိန်မရွေးဖြစ်လာနိုင်တာကို သိနားလည်ထားပါ

    ကိုယ့်ကို စိတ်မလုံခြုံစေ၊ ထိတ်လန့်ခြောက်ခြားစေ၊ စိတ်မသက်မသာဖြစ်စေနိုင်တဲ့ ကိစ္စတွေဆိုတာ အချိန်မရွေး နေရာဒေသမရွေးဖြစ်လာနိုင်ပါတယ်။ သိနားလည်ထားဖို့ လိုအပ်တဲ့အချက်ပါ။ “ငါ့မှဘာလို့ဒီလိုဖြစ်ရတာလဲ” ဆိုပြီး စိတ်ဓာတ်ကျသွားရင် ပိုပြီးဆိုးရွားတာတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်လာနိုင်တာတွေကို လက်ခံနိုင်စွမ်းရှိနေရင် အခြေအနေကို ရင်ဆိုင်ရတာပိုပြီး အဆင်ပြေစေပါလိမ့်မယ်။

    ၆။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်သိနားလည်ပါစေ

    လူအတော်များများက ကိုယ့်တန်ဖိုးကို ကိုယ်တိုင် နားမလည်ကြဘူး။ တချို့က အထင်ကြီးလွန်းတယ်။ တချို့ကအထင်သေးလွန်းတယ်။ ဒီလိုမျိုး ခန့်မှန်းတွေးမြင်ယူဆနေတာမျိုးထက် ကိုယ်က ဘယ်မှာအားသန်တယ်၊ ဘယ်နေရာမှာတော်တယ်၊ ဘာတွေလုပ်နိုင်စွမ်းတယ်ဆိုတာကို သေချာလေ့လာပြီး ကိုယ့်ရဲ့တန်ဖိုးကို သေချာသိနားလည်အောင်လုပ်ထားနိုင်ရင် စိတ်မလုံခြုံမှု ၅၀% လောက်ကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေကဆိုပါတယ်။

    ၇။ သင့်ရဲ့ လွတ်လပ်မှုကို အထိအခိုက်မခံပါနဲ့

    ကိုယ်နဲ့ မတည့်တဲ့သူနဲ့ တွေ့မှာစိုးလို့ သွားနေကြလမ်းအတိုင်းမသွားပဲ တခြားလမ်းက ပတ်သွားတာမျိုးက ကိုယ့်ရဲ့လွတ်လပ်မှုကို ထိပါးခံရတာပါပဲ။ ကိုယ့်ရဲ့ လွတ်လပ်မှုကို ကိုယ်တိုင်ဖယ်ရှားလိုက်တဲ့အပြုအမူကြောင့် စိတ်မလုံခြုံမှုလည်းပျောက်မသွားသလို စိတ်အားငယ်မှုပါ ပိုတိုးလာတတ်ပါတယ်။ နေ့စဉ်လုပ်မြဲအတိုင်း လုပ်ငန်းဆောင်တာတွေကို ဆက်ပြီးလုပ်နေရင် သင့်စိတ်က ပုံမှန်လည်ပတ်နေပြီး စိတ်မလုံခြုံမှုကိုတောင် မေ့သွားပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement