backup og meta

ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ၏ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ၏ လက္ခဏာများ

    လူအများစုက ကလေးမွေးခြင်းသည် ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေသည်ဟု ထင်ကြသည်။ သို့သော် အချို့ကိစ္စများတွင် အမျိုးသမီးများသည် စိတ်ခံစားမှုမကောင်းခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုအခြေအနေကို ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ဟုခေါ်ပါသည်။

    အမျိုးသမီးများသည် ကလေးမွေးဖွားပြီးနောက် ရုတ်တရက် ဟော်မုန်း အပြောင်းအလဲများကြောင့် မိခင်တွင် စိတ်ခံစားလွယ်ခြင်း၊ အငိုလွယ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပူပန်သောကရောက်ခြင်းတို့ကို ခံစားရစေပါသည်။ ကံကောင်းသောအချက်မှာ ထိုအခြေအနေသည် အကြာကြီး မဖြစ်နေဘဲ မွေးဖွားပြီး ရက်အနည်းငယ်တွင် ပျောက်သွားတတ်သည်။

    သို့သော် လက္ခဏာများမှာ မသက်သာဘဲ ပိုဆိုးလာလျှင် စိတ်ကျရောဂါလားဆိုတာ ဆန်းစစ်ဖို့ အောက်ပါအချက်တွေနဲ့ စစ်ဆေးကြည့်သင့်ပါသည်။

    ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ၏ အဖြစ်များသော လက္ခဏာများ

    အဓိကလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    • ဝမ်းနည်းခြင်း၊ စိတ်ဓာတ် ကျဆင်းခြင်းကို တောက်လျှောက်ခံစားရသည်။
    • ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အရာများကို စိတ်ဝင်စားမှုမရှိပါ။ ယခင်က စိတ်ပျော်ရွှင်မှုပေးနိုင်သော အရာများအပေါ်တွင် စိတ်လှုပ်ရှား၊ ပျော်ရွှင်ခြင်းမရှိတော့ပါ။
    • ကလေးထိန်းခြင်းအပါအဝင် မည့်သည့်အရာကိုမှ ပြုလုပ်ဖို့ ခွန်အားမရှိခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရသည်။
    • နေ့ခင်းဖက်တစ်လျှောက်လုံး အမြဲအိပ်ငိုက်နေသော်လည်း ညဖက်တွင် အိပ်ပျော်ဖို့ ခက်ခဲသည်။
    • ဆုံးဖြတ်ချက်ချခြင်း၊ ရိုးရှင်းသော အလုပ်များလုပ်ဆောင်ခြင်း၊ အာရုံစူးစိုက်ခြင်းများကို ပြုလုပ်ဖို့ ခက်ခဲသည်။
    • မစားချင်၊ မသောက်ချင်ဖြစ်ကာ ယခင်နှစ်သက်သော အစားအသောက်များကိုပင် အရသာမတွေ့တော့ပါ။
    • စိတ်တို၊ ဒေါသထွက်လွယ်ခြင်း (သို့) ဘာကိုမှ စိတ်မဝင်စားခြင်းတို့ ဖြစ်နိုင်သည်။
    • ကိုယ့်ကိုယ်ကို အပြစ်တင်ကာ မျှော်လင့်ချက်မဲ့သလို ခံစားရသည်။ ထိုအခက်အခဲများကို မကျော်လွှားနိုင်ဖြစ်နေသည်။
    • ကလေးနှင့် အတူရှိနေရသည်မှာ ဘာမှမထူးခြား၊ ပျော်ရွှင်မှုမခံစားရပေ။
    • အိမ်ထောင်ဖက်အပေါ်တွင်လည်း စိတ်ဝင်စားမှုမရှိပါ။
    • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုခြင်း၊ ကလေးကို အန္တရာယ်ပေးခြင်း (သို့) ကိုယ့်ကိုယ့်ကို သေကြောင်းကြံစည်ခြင်းကဲ့သို့သော အဆိုးမြင်အတွေးများ ရှိနိုင်သည်။

    ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ သည် တဖြည်းဖြည်းနဲ့ ပိုဆိုးလာနိုင်ပြီး တစ်ခါတစ်ရံတွင် နားလည်ရခက်ခဲသည်။ အကယ်၍ မိခင်တွင် အောက်ပါ လက္ခဏာများ သတိထားမိလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့ ကူညီပေးပါ။

  • သူမသည် အကြောင်းရင်းမရှိ ငိုကြွေးတတ်သည်။
  • သူမသည် ကလေးကို ထိန်းလိုစိတ်မရှိ၊ ထိန်းနေရလျှင်လည်း ဝတ္တရားအရသာ စောင့်ရှောက်နေခြင်းဖြစ်သည်။
  • သူမသည် ဘယ်သူနှင့်မှ တွေ့ဆုံ၊ စကားပြောလိုစိတ်မရှိပါ။
  • သူမသည် ကလေးနှင့် မေတ္တာနှောင်ကြိုးတွယ်ဖို့ ခက်ခဲလျက်ရှိသည်။
  • သူမသည် အဆိုးများကို ပြောဆိုနေပြီး မျှော်လင့်ချက်မဲ့သလို ခံစားရသည်။
  • သူမသည် သူမကို သူမပင် ဂရုစိုက်လိုစိတ်မရှိပါ။
  • ထိုလက္ခဏာများသည် မိခင်၏ နေ့စဉ်ဘဝ၊ မိခင်နှင့် ကလေး၊ အိမ်ထောင်ဖက်၊ အခြားသူများကြား ဆက်ဆံရေးတွင် ကြီးမားသော ဆိုးကျိုးသက်ရောက်မှု ရှိနိုင်သည်။ အကယ်၍ သင်သည် ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ခံစားနေရသည်ဟု ထင်လျှင် သင့်အတွေးကို မျှဝေဖို့ တစ်စုံတစ်ယောက် (သို့) ဆရာဝန်ကို တတ်နိုင်သမျှ မြန်မြန်ရှာဖွေဖို့ ဝန်မလေးပါနဲ့။

    တစ်ဦးတည်း ရင်ဆိုင်ရုန်းကန်နေရခြင်းသည် အန္တရာယ်ကြီးမားပါသည်။ ထိုပြဿနာသည် သင်ထင်ထားသည်ထက်လည်း ပိုကြာရှည်နိုင်ပါသည်။ အကယ်၍ ကောင်းစွာသိရှိကုသခြင်းမရှိလျှင် လပေါင်းများစွာမှ နှစ်ပေါက်သည့်တိုင် ဆက်ဖြစ်နိုင်သည်။ ၎င်းသည် သင့်ကျန်းမာရေး၊ သင့်ကလေး၏ ကျန်းမာရေးနှင့် သင်နှင့်သင့်ပတ်ဝန်းကျင်ရှိလူများ၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။

    မိခင်တစ်ဦးဖြစ်လာလျှင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်ရနိုင်သည်။ သင်သည် ပျော်ရွှင်နေရင်းမှ ရုတ်တရက် ဝမ်းနည်းမှုကိုလည်း ခံစားရနိုင်သည်။ ၎င်းသည် ပုံမှန်အပြောင်းအလဲဖြစ်ပြီး သူ့ဖာသာသူ ပျောက်သွားလိမ့်မည်။ သို့သော် သင့်အဆိုးမြင်ခံစားမှုများသည် ကလေးမွေးပြီး နှစ်ပတ်အထက်ကြာနေလျှင် သင်သည် မွေးဖွားပြီးနောက် စိတ်ကျရောဂါကို ခံစားနေရတာဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါသည်။

    ရေးသားသူ- Dr K. Zin thwe

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement