backup og meta

အသက် ၃၀ မတိုင်ခင်မှာ ရပ်တန့်ပစ်လိုက်သင့်တဲ့ ကျန်းမာရေးဆိုင်ရာ အပြုအမူမှားတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ၃၀ မတိုင်ခင်မှာ ရပ်တန့်ပစ်လိုက်သင့်တဲ့ ကျန်းမာရေးဆိုင်ရာ အပြုအမူမှားတွေ

    တကယ်လို့များ လူတစ်ယောက်ရဲ့ ပျမ်းမျှအသက်ကို ၆၀ နှစ်လို့ တွေးကြည့်ပါစို့။ ဒီလိုဆို အသက် ၃၀ ဆိုတာဟာ ဘဝရဲ့ လမ်းတစ်ဝက်ခရီးဖြစ်ပါတယ်။ လူ့ခန္တာကိုယ်ကြီးရဲ့ စွမ်းဆောင်ရည်တွေကို Graph တစ်ခုလို့မြင်ယောင်ကြည့်ပါ။ အသက် ၃၀ ဟာ အကောင်းဆုံးအမြင့်ဆုံး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ Graph ရဲ့ ထိပ်ဖျားပိုင်းနေရာဖြစ်ပါတယ်။

    ဒီတော့ ဒီကာလကိုရောက်လာပြီဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြီးကို ဂရုတစိုက် ပြုစုစောင့်ရှောင့်ဖို့ ကျန်းမာရေးကောင်းမွန်အောင် နေထိုင်ဖို့ လိုအပ်လာနေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ ငယ်ရွယ်စဉ်မှာလို အရာရာကို မဆင်မခြင် ပေတေနေလို့ မရတော့ပါဘူး။

    ဖြတ်သန်းလာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ အမှားအယွင်းတွေ၊ ဂရုမစိုက်မှုတွေရှိထားခဲ့သည်ဖြစ်ပါစေ၊ ဒီ ၃၀ ဆိုတဲ့ အသက်အရွယ်ကနေစတင်ပြီး ရပ်တန့်လိုက်ဖို့ လိုအပ်ပြီလို့ သိထားဖို့ လိုအပ်ပါတယ်။

    များသောအားဖြင့် အသက် ၃၀ ရောက်လာသည့်တိုင် လူတွေ ဆက်လက်ပြုမူမိနေဆဲ ကျန်းမာရေးဆိုင်ရာ အမှားအယွင်း ၆ ခုရှိပါတယ်။ ဒီအမှားအယွင်းတွေကို ကိုယ်တိုင်ကျူးလွန်မိနေပြီဆိုတာကို သိတာနဲ့ ရပ်တန့်လိုက်ဖို့၊ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

    ကြွက်သားတွေကို ဂရုမစိုက်တာ

    အသက် ၃၀ အရွယ်မှာ ကြွက်သားတွေဟာ အရင်လိုကျစ်လျစ်တောင့်တင်းနေတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအရွယ်မှာ ကြွက်သားလေ့ကျင့်ခန်းတွေ မဖြစ်မနေ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် အလေးမလေ့ကျင့်ခန်းတွေ၊ ကြွက်သားဆန့်ထုတ်လေ့ကျင့်ခန်းတွေ လေ့ကျင့်ရပါမယ်။ ငါး၊ အသီးအနှံ နဲ့ အစေ့အဆံတွေကို ပိုစားပေးရပါမယ်။

    ကိုယ်ခံအားစနစ် အားနည်းလာပြီဆိုတာကို မသိတာ

    အသက်အရွယ်၊ ဟော်မုန်းအပြောင်းအလဲ၊ စိတ်ဖိစီးမှု၊ နှစ်ပေါင်းများစွာ စားသုံးလာတဲ့ အစားအသောက်ပုံစံ၊ အဆိပ်အတောက်နဲ့ အဆီတွေက ကိုယ်ခံစွမ်းအားကို ကျဆင်းစေပါတယ်။ အသက် ၃၀ အရွယ်မှာ အရင်လိုပဲ ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက် နေချင်တယ်ဆိုရင်တော့ အသက် ၂၀ အရွယ်လောက်ကတည်းက အစားအသောက် အနေအထိုင်နဲ့ ဘဝနေထိုင်မှုစတိုင်လ်တွေကို ပြောင်းလဲခဲ့ဖို့လိုပါလိမ့်မယ်။ ဒီလိုမပြင်ဆင်ခဲ့ဘူးဆိုရင်တော့ အသက် ၃၀ အရွယ်မှာ နေမကောင်းဖြစ်လွယ်တာ၊ မောပန်းလွယ်တာမျိုးတွေကို ခံစားလာကြရပါလိမ့်မယ်။

    အိမ်ထောင်မှုနဲ့ ကလေးယူဖို့ ကြိုတင်ပြင်ဆင်မှုမရှိတာ

    အမျိုးသမီးတွေအနေနဲ့ အသက် ၃၅ ပတ်ဝန်းကျင်လောက် ရောက်လာပြီဆိုရင် ကိုယ်ဝန်ဆောင်ဖို့ ကိုယ်ဝန်ဆောင်ဖို့ကိစ္စက အခက်အခဲတစ်ခု ဖြစ်လာပါပြီ။ ကိုယ်ဝန်ရနိုင်ခြေက အသက် ၂၀ ပတ်ဝန်းကျင် လူငယ်တွေလို ရာနှုန်းပြည့်မဟုတ်တော့သလို ကျန်းမာရေးအရလည်း အမောမခံနိုင်တဲ့ အနေအထားတွေရှိလာပါပြီ။ ဒါကြောင့် ၃၀ နောက်ပိုင်း ကလေးယူ မီးဖွားမယ်ဆိုရင် ဆရာဝန်နဲ့ သေသေချာချာ မေးမြန်းပြင်ဆင်တာက ပိုကောင်းပါတယ်။

    အသားအရည်ကို ဂရုတစိုက် မစောင့်ရှောက်တာ

    အသက် ၃၀ ဝန်းကျင်မှာ လူကြီးတွေမှာဖြစ်တတ်တဲ့ ဝက်ခြံမျိုးတွေ ပိုဖြစ်လာနိုင်ပါတယ်။ အကြောင်းအရင်းကတော့ စိတ်ဖိစီးမှု၊ Diet နဲ့ ဟိုမုန်းတွေကြောင့်ပါပဲ။ ဒါပေမယ့် ဒီအသက်အရွယ် လူအများစုဟာ ဒီလိုအခြေအနေတွေကို ကျန်းမာရေးပြဿနာလို့ရှုမြင်ကြခြင်းမရှိကြပါဘူး။ ငယ်ရွယ်စဉ်တုန်းကလို ဟိုမုန်းအပြောင်းအလဲကြောင့် ဝက်ခြံထွက်တယ်လို့ တွေးမိတတ်ကြပါတယ်။ အဆိုးရွားဆုံးကတော့ မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ အရေပြားပေါ်က ရောဂါတွေကို ပြုစုကုသတတ်ကြတာပါပဲ။ ဆေးမြီးတိုတွေ၊ ကြားဖူးနားဝနည်းလမ်းတွေနဲ့ ဖြစ်သလိုသာ ပြုစုကုသတတ်ကြပါတယ်။ ဒီလိုအပြုအမူများတွေကြောင့် အရွယ်မတိုင်ခင်မှာ အရေပြာအိုမင်းရင့်ရော်မှု ပိုဖြစ်လာကြတာဖြစ်ပါတယ်။

    ဆေးလိပ်အရက်သောက်သုံးမှုကို မလျှော့ချတာ

    တကယ်တမ်းအားဖြင့် အသက် ၃၀ ဆိုတဲ့အရွယ်ကို ရောက်လာပြီဆိုရင် ဆေးလိပ်နဲ့ အရက်လို အရာတွေကို သုံးစွဲမှုပမာဏ လျှော့ချပစ်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တမ်းတွေအရဆိုရင် အသက် ၂၅ နှစ်နဲ့ ၄၄ နှစ်အကြား အသက်အရွယ်ဟာ ဒီအရာတွေ မှီဝဲမှုအများဆုံး အသက်အရွယ်ဖြစ်နေပါတယ်။ ဒီအရာတွေနေရာမှာ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို အစားထိုးမှီဝဲပေးမယ်ဆိုရင် အသက်ရှည်ရှည်နေရနိုင်ခြေ အလွန်မြင့်မားသွားမှာဖြစ်ပါတယ်။

    ပုံမှန်ကျန်းမာရေးစစ်ဆေးမှုမရှိတာ

    ဒီအရွယ်မှာ ၆ လတစ်ခါဆိုသလို ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုတွေ မဖြစ်မနေလုပ်ရတော့မှာပါ။ တချို့တွေက ဇရာကို လက်မခံချင်တာရော အချိန်မပေးနိုင်တာရောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန် မလုပ်ဆောင်ကြပါဘူး။ တကယ်တော့ ဒီအရွယ်ဟာ ကျန်းမာရေးအတွက် သေချာတဲ့ စစ်ဆေးစောင့်ရှောက်မှု ရှိနေသင့်ပါပြီ။

    မြန်မာလူမျိုးတွေ ပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ “နှစ်ဆယ်ကျော် အစိတ်ပိုင်း၊ အရွယ်တော် တစိတ်ဟိုင်း’’ ပါတဲ့။ အသက် ၃၀ ဆိုတဲ့ အရွယ်ရောက်လာရင် ခန္ဓာကိုယ်ကြီးဟာ အဲဒီလိုမျိုး ဟိုင်းလှပြီလို့ မဆိုသာပေမယ့် ဆယ်ကျော်သက်လေးတွေလိုတော့ သွက်လက်ဖျတ်လတ်မနေတော့ဘဲ အတန်ငယ် လေးလံနှေးကွေးလာပါပြီ။

    ဒီအသက်အရွယ်ကို ချဉ်းနင်းဝင်ရောက်လာချိန်မှာ HPV (Human Papillomavirus) ဗိုင်းရပ်စ်မကူးစက်အောင် သတိထားတာ၊ အသားအရည်ကို ထိမ်းသိမ်းမှုပြုလုပ်တာ၊ အစားအစာစားသောက်ရာမှာ အာဟာရပြည့်ဝစွာ မှီဝဲတာ၊ လိင်ကနေတဆင့် ရောဂါ ကူးစက်မှုမရှိအောင် ကာကွယ်တာ၊ စိတ်ဖိစီးမှု လက္ခဏာတွေကို အမြဲမပြတ်စောင့်ကြည့်တာ၊ အရက်သေစာ မှီဝဲမှုကို လျှော့ချတာမျိုးတွေကို ဆောင်ရွက်ပေးသင့်ပါတယ်။

    လူအများစုဟာ ဒီအသက်အရွယ်ကို ရောက်ချိန်တိုင်အောင် ကျန်းမာရေးနဲ့ပတ်သက်လို့ အမှားအယွင်းလေးတွေ၊ ယုံကြည်မှုအလွဲလေးတွေ ရှိတတ်တာမို့ သတိထားပြင်ဆင်ကြရင်း နောင်နှစ်များစွာတိုင်အောင် ကျန်းမာစွာ အသက်ရှင်သန်ကြရအောင်လား။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement