backup og meta

အိပ်ခါနီးမှ သရဲခြောက်ခံရတာလား

အိပ်ခါနီးမှ သရဲခြောက်ခံရတာလား

အိပ်ပျော်မလို ဖြစ်ပြီးမှ ရုတ်တရက် အနားမှာ ကျယ်ကျယ်လောင်လောင် အသံတစ်ခုခု ကြားလိုက်ရတယ်ဆိုရင်။ ဒါကလည်း သင်တစ်ယောက်တည်း ကြားလိုက်ရတယ်ဆိုရင်။

ဒါကို ဆေးပညာအရတော့ exploding head syndromeလို့ ခေါ်ပါတယ်။ တိုက်ရိုက်ဘာသာပြန်ရရင် ဦးခေါင်းပေါက်ကွဲထွက်ခြင်း ရောဂါစုပေါ့။ တကယ်တော့ ဘာသာပြန်ထားသလို ခေါင်းကြီး ပေါက်ထွက်သွားတာ မဟုတ်ပါဘူး။ ထူးထူးဆန်းဆန်း အသံတွေပဲ ကြားရတာပါ။

အသံတွေကလည်း ဗျောက်အိုးဖောက်သံ၊ မိုးကြိုးပစ်တဲ့အသံ၊ ဗုံးပေါက်တဲ့အသံစတဲ့ ကျယ်ကျယ်လောင်လောင် အသံတွေပါပဲတဲ့။ အိပ်ပျော်ခါနီး ဖြစ်တတ်သလို နိုးနေရင်းလည်း ဖြစ်ပါသတဲ့။

ဘာကြောင့် ဒီလိုဖြစ်တာလဲ။

ခုထက်ထိတော့ ဘာကြောင့်ရယ်လို့ တိတိပပ မပြောနိုင်ကြပါဘူး။ ထင်မြင်ချက်တွေကတော့

  • ဦးနှောက်အစိတ်အပိုင်းတွေမှာ အသေးစား အတက်ရောဂါ ရှိနေတာလား။
  • နားအလယ်ပိုင်းက အစိတ်အပိုင်းသေးသေးလေးတွေ လှုပ်ခတ်သွားလို့လား။
  • စိတ်ဖိစီးမှုတွေကြောင့်လားဆိုပြီး အမျိုးမျိုး ပြောကြပါတယ်။

တစ်ခါတလေတော့လည်း ခုနကပြောတဲ့ ရောဂါကြောင့် မဟုတ်ဘဲ

  • အိပ်စက်ခြင်း ရောဂါတစ်ခုခုရှိနေတာ
  • စွဲသောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နေတာ
  • ရုပ်ပိုင်း ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုရှိနေတာ
  • မူးယစ်ဆေး ဒါမှမဟုတ် အရက်စွဲနေတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်လဲ။

လူဘယ်လောက်များများ ဖြစ်နိုင်လဲဆိုတာ ပြောဖို့တောင် ခဲယဉ်းပါတယ်။ လေ့လာချက်တွေအရတော့ အမျိုးသမီးတွေက ပိုပြီး အဖြစ်များပါတယ်တဲ့။

အသက်၅၀ကျော် လူကြီးတွေ၊ ၁၀နှစ် ပတ်ချာလည်ကလေးတွေမှာလည်း ဖြစ်တာ တွေ့ရပါတယ်။

ဘာလက္ခဏာတွေ ထပ်နိုင်ဖြစ်သေးလဲ။

အဓိက ဖြစ်တာကတော့ အသံကျယ်ကျယ်လောင်လောင် ကြားလိုက်ရတာပါပဲ။ တစ်ခါတလေ အသံကြားရတာ အပြင် အကြောတွေဆွဲသွားတာ၊ မျက်လုံးထဲမှာ လျှပ်စီး လက်သလို လက်ခနဲ ဖြစ်သွားတာမျိုး ရှိပါတယ်။ ဒါကြောင့် လေဖြတ်တော့မှာလား၊ နှလုံးဖောက်တော့မှာလားဆိုပြီး လန့်တတ်ကြပါတယ်။

တစ်ခါ တစ်ခါ တစ်ညတည်းမှာပဲ အကြိမ်ပေါင်းများစွာ ကြားရတာမျိုးလည်း ရှိပါတယ်။ နေ့စဉ်ရက်ဆက်ဖြစ်ရာကနေ သူ့ဟာသူ့ အကြာကြီး ပျောက်သွားတာမျိုးလည်း ရှိပါတယ်။

အသံကြားတာ အပြင် ထမင်းလုံးတစ္ဆေခြောက်သလို အေးခနဲဖြစ်ပြီး အကြောဆွဲသွားတာမျိုးလည်း ရှိနိုင်ပါတယ်။

ကုသဖို့လိုလား။

ဒါက နေ့စဉ်ရက်ဆက် သူများမကြားတဲ့အသံကို ကိုယ်တစ်ယောက်တည်း ကြားနေရတယ်ဆိုရင် ကြာလာရင် စိတ်ဖိစီးလာမှာပါ။ တချို့ကလည်း အသံကြောင့် ပြန်အိပ်မပျော်တော့တာကြောင့် အိပ်ရေးတွေပျက်လာကြပါတယ်။

စိတ်ထဲမှာ ထင်ယောင် ထင်မှား ကြားလိုက်တယ်လို့ပြောပေမယ့် တကယ်ခံစားရတဲ့ သူကတော့ နားထဲမှာ ရှင်းရှင်းလင်းလင်း ကျယ်ကျယ်လောင်လောင် ကြားလိုက်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြာလာရင် စိတ်ရှုပ်ထွေးလာမှာပါ။

ဒီလိုနဲ့ ကြာလာရင် ကိုယ်ကျန်းမာရေးပါ ထိခိုက်လာနိုင်လို့ ကုသလိုက်တာ အကောင်းဆုံးပါပဲ။

ဘယ်လိုကုရမှာလဲ။

အိပ်စက်ခြင်းအထူးကု၊ စိတ်ရောဂါအထူးကု ဒါမှမဟုတ် သမားတော်တွေနဲ့ ပြသနိုင်ပါတယ်။ လိုအပ်သလို စမ်းသပ်စစ်ဆေးပြီး ဆေးဝါးတွေနဲ့ ကုသပေးသွားမှာပါ။

ကိုယ်ကိုယ်တိုင်လုပ်နိုင်တာတွေကတော့

  • စိတ်တည်ငြိမ်အောင် ယောဂလေ့ကျင့်တာ
  • ငြိမ့်ညောင်းတဲ့ ဂီတသံလေးတွေ နားထောင်တာ
  • မအိပ်ခင် စာအုပ်ဖတ်တာ
  • မအိပ်ခင် ရေနွေးလေးနဲ့ ရေချိုးပေးတာ
  • တစ်နေ့ကို ၆နာရီကနေ ၈နာရီလောက်ထိ အိပ်ချိန်ပြည့်ဝအောင် အိပ်တာ စတာတွေပဲ ဖြစ်ပါတယ်။

ဒီရောဂါက စစကြုံကြုံချင်းမှာဆိုရင် လူနာက သိပ်ကို ထိတ်လန့်သွားမှာပါ။ အရင်ဆုံး မအိပ်ခင် စိတ်တည်ငြိမ်အောင် လုပ်ပြီး နေကြည့်ပါ။ အပေါ်က နည်းလမ်းတွေကိုလည်း လုပ်ကြည့်ပါ။ မသက်သာဘူး၊ အိပ်ရေးပျက်လောက်တဲ့အထိ ပြင်းထန်နေပြီဆိုရင် ဆရာဝန်နဲ့ ပြဖို့ အကြံပြုချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/sleep-disorders/exploding-head-syndrome?fbclid=IwAR101yBGdJEL6ySLLh-ZJdmuBhzLQoUb3Vh2Dxzmu1V82mASUc-hANWLN_Q

https://www.healthline.com/health/exploding-head-syndrome#complications

ယခုပုံစံ

08/06/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ရေးဝဝ အိပ်ပျော်စေဖို့

ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက်



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement