-
လုပ်ငန်းခွင် လွတ်လပ်ခွင့်
ရုံးမှာ တစ်ချိန်လုံး ၈နာရီဆက်တိုက် အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အလုပ်လုပ်ချိန်လုပ်၊ နားချိန်နားရမှာပါ။ ထမင်းစားချိန်မှာ အေးဆေးစားနိုင်အောင် အချိန်သီးသန့်သတ်မှတ်ထားပေးမယ်။ ကျန်းမာရေးအတွက် တိုလီထွာလီ လေ့ကျင့်ခန်းလုပ်တဲ့စက်လေးတွေ ရှိမယ်။ ကော်ဖီဖျော်သောက်လို့ရမယ်ဆိုရင် သက်သောင့်သက်သာနဲ့ အလုပ်လုပ်နိုင်မှာပါ။
-
ထောက်ပံ့မှုနဲ့ အကျိုးခံစားခွင့်တွေ
လက်အောက်ငယ်သားတွေမှာ ထိုက်သင့်တဲ့ အကျိုးခံစားခွင့်တွေဆိုတာ ရှိသင့်ပါတယ်။ အာမခံတွေ၊ လူမှုဖူလုံရေးတွေ၊ ခွင့်ခံစားခွင့်တွေ၊ မီးဖွားခွင့်တွေ စသဖြင့်ပေါ့။ ခုလိုအချိန်မှာ ဆိုရင်လည်း ကိုယ့်လက်အောက်ငယ်သား တစ်ယောက်ယောက် မတော်တဆ ပိုးကူးစက်ခံရရင် ဒါမှမဟုတ် ကွာရန်တင်းဝင်ရရင် ဘယ်လိုထောက်ပံ့သင့်သလဲဆိုတာ စဉ်းစားထားရမှာပါ။
လက်အောက်ငယ်သားတွေကို စိတ်ပိုင်းဆိုင်ရာ ဘယ်လိုစောင့်ရှောက်မှု ပေးမလဲ။
-
လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်မှု
ရာထူးအတူတူချင်းကို ပိုပြီး အခွင့်အရေးပေးတာတို့၊ ခွဲခြားဆက်ဆံတာတို့၊ စိတ်ပိုင်း ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်တာတို့ မလုပ်ရပါဘူး။ ကိုယ့်အနေနဲ့ လက်အောက်ငယ်သားတွေကို ချစ်ခင်ပြီး အားပေးနေရပါမယ်။ သူတို့အခက်အခဲကို ကူညီပေးရပါမယ်။
-
လက်အောက်ငယ်သားကို ကာကွယ်ပေးမှု
Customer is always rightဆိုတာ တကယ်တော့ အလုံးစုံမမှန်ပါဘူး။ ကိုယ့်လက်အောက်ငယ်သား အနိုင်ကျင့်ခံရတဲ့အခါ ပြတ်ပြတ်သားသားနဲ့ အမှန်တရားဘက်က ရပ်တည်ပေးဖို့လိုပါတယ်။
လုပ်ငန်းခွင်မှာ အာဏာရှင်မလုပ်ပါနဲ့။ ခေါင်းဆောင်ကောင်းပဲ လုပ်ပါ။ အာဏာရှင်ဆန်တာက ဒါဆို ဒါပဲ။ ညှိနှိုင်းမှု မရှိဘူး။ အလုပ်ပြီးတာပဲ လိုချင်တယ်။ ဘာဆင်ခြင်မှ မပေးနဲ့။ ငါ့တုန်းက ဒီလိုပဲ လုပ်ခဲ့ရတာပဲဆိုတာမျိုးပါ။ ခေါင်းဆောင်ကောင်းကတော့ ဘာလို့ မလုပ်နိုင်ရတာလဲ။ ဘာတွေ ကူညီပေးဖို့လိုလဲ။ ငါ့တုန်းကလိုမျိုး မဖြစ်အောင် သူ့ကို ဘယ်လိုကူညီရမလဲ စသဖြင့် တွေးခေါ်ပါတယ်။
တစ်ခါတလေ ညစာစားပွဲလေး ဘာလေးလုပ်ပြီး ပေါ့ပေါ့ပါးပါးနေပါ။ ရယ်စရာ မောစရာလေးတွေ ပြောပါ။ အချင်းချင်း ရင်းနှီးမှုရလာတဲ့အခါ လုပ်ငန်းခွင်မှာ တစ်ယောက်နဲ့ တစ်ယောက် အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေလာပါလိမ့်မယ်။
-
စိတ်ပိုင်းဆိုင်ရာ အားပေးမှု
အလုပ်သာ လုပ်နေရတာ စိတ်ထဲမှာ စိုးရိမ်စရာတွေ၊ ပူပန်စရာတွေ ရှိနေရင် အဆင်မပြေပါဘူး။ အလုပ်ထဲမှာ အမှားတွေ ပါလာနိုင်ပါတယ်။ လက်အောက်ငယ်သားတစ်ယောက်က အမှားတွေ ဆက်တိုက်လုပ်နေပြီဆိုရင် ဆူပူနေမယ့်အစား သူဘာဖြစ်နေတာလဲဆိုတာ အရင်ရှာဖွေပါ။ မေးမြန်းပါ။ ခုလိုအချိန်ဆို ပိုဆိုးပါတယ်။ အားလုံးက ပိုးကူးခံရမှာလား။ မိသားစုတွေနဲ့ ခွဲပြီး ကွာရန်တင်းဝင်ရမှာလား။ သူကနေ မိသားစုကို ကူးသွားမှာလား စသဖြင့် စိုးရိမ်စိတ်လေးတွေ ရှိနေမှာပါ။ ဒီလိုအချိန်မှာ ပစ်မထားဘဲ အားပေးကူညီဖို့လိုပါတယ်။
အလုပ်ကို စက်ကြီးတစ်ခုကို မြင်ကြည့်ရင် လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆိုတာ စက်သွားသေးသေးလေးပါပဲ။ သေးပေမယ့် သူတို့တွေ ပေါင်းထားလို့သာ၊ အလုပ်ကောင်းကောင်း လည်ပတ်နိုင်တာပါ။ ဒါကြောင့် ဒီစက်သွားသေးသေးလေးတွေကို ဂျမ်းမဖြစ်ရလေအောင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တတ်နိုင်သမျှ ဂရုစိုက်ပေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။