ဘယ်လိုအခါမှာ ဆရာဝန်နဲ့ ပြမလဲ။
ခုလောက်ထိ ဖတ်ပြီးပြီဆို ငါ့ကိုများ ပြောနေသလားဆိုပြီး တွေးနေလောက်ပါပြီ။ လူတိုင်းမှာ ကိုယ့်ရဲ့ စားသောက်မှုပုံစံ၊ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး စိုးရိမ်မှု ရှိကြတာ ပုံမှန်ပါ။ လိုတာထက် ပိုလာရင်သာ ကျန်းမာရေး ထိခိုက်တဲ့ အဆင့်ထိ ရောက်လာတာပါ။
နောက်ပြီး ဒီဝေဒနာကို တကယ်ခံစားနေရသူတွေက သူတို့ကိုယ်သူတို့ ဆေးကုဖို့ လိုအပ်တယ်ဆိုတာ မသိကြပါဘူး။ ကိုယ့်အသိမိတ်ဆွေဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် ဒီဝေဒနာတွေ ခံစားနေရတယ်လို့ သံသယရှိနေရင် အောက်ကအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပေးလိုပါတယ်။
- မလိုအပ်ဘဲ ထမင်းအနပ်တွေ ရှောင်တာ၊ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ အစားမစားတာ
- အစားအသောက်တွေကို တရားလွန်ရှောင်တာ
- ဘာမဆို ကယ်လိုရီတွက်ပြီး အတင်းတိကျအောင် ချိန်ညှိပြီး စားနေတာ
- မိသားစုနဲ့ အတူမစားဘဲ ကိုယ့်ဟာကိုယ် အစားတွေ ရှောင်ပြီး စားတာ
- စားပွဲသောက်ပွဲတွေ ရှောင်တာ
- ဝလာမှာကို အစိုးရိမ်လွန်တာ
- မကြာခဏ မှန်ထဲကြည့်ပြီး ကိုယ့်ရဲ့ ပိန်ခြင်း၊ ဝခြင်းကို ဝေဖန်တာ

- အချိုများတာ၊ အဆီများတာတွေကို တစ်ထိုင်တည်း အများကြီးစားတာ
- ပိန်အောင်ဆိုပြီး ဝမ်းနှုတ်ဆေးတွေ၊ အဆီကျဆေးတွေ တရားလွန်သောက်တာ
- လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ
- စားပြီးတာနဲ့ လက်ထိုးပြီး အန်တာကြောင့် လက်ဆစ်နဲ့ သွားနဲ့ ခြစ်မိပြီး အသားမာတွေ တက်လာတာ၊ သွားတွေပျက်စီးတာ
- စားနေတုန်းမှာ အိမ်သာမကြာခဏ သွားပြီး အန်ဖို့ ကြိုးစားတာ
- စားနေကျပမာဏထက် အများကြီး စားလာတာ
- စားပြီးတာနဲ့ ဝလာပြီဆိုပြီး နောင်တရသလို၊ အပြစ်တင်သလို စကားတွေ ပြောတာ
- သူများတွေနဲ့ မစားဘဲ တစ်ယောက်တည်း ရှောင်စားတာ စတာတွေပဲ ဖြစ်ပါတယ်။
ဒီအချက်လေးတွေ အမြဲလိုလိုတွေ့နေရပြီဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောပြပြီး ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းသင့်ပါတယ်။
ဘာကြောင့် စားသောက်ပုံ မူမမှန် တဲ့ ပြဿနာ ဖြစ်ရတာလဲ။
ဘာကြောင့်လဲဆိုတာ သေချာ မသိကြသေးပါဘူး။ ဖြစ်နိုင်တာတွေကတော့ တခြားစိတ်ရောဂါတွေလိုပဲ
- မျိုးဗီဇနဲ့ ဦးနှောက်ထဲက ဓာတုပစ္စည်းလေးတွေ မညီမျှတာ
- တခြား စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေ ရှိနေတာ (ဥပမာ ကိုယ်အလေးချိန်ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတာ၊ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်ချင်တာ၊ လူမှုဆက်ဆံရေး အဆင်မပြေတာ) စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
မြီးကောင်ပေါက်နဲ့ လူငယ်ပိုင်း မိန်းကလေးတွေမှာ ပိုပြီး အတွေ့ရများပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတွေမှာလည်း ဖြစ်တတ်တာကို တွေ့ရပါတယ်။ တခြားအချက်တွေကတော့
- မိသားစုမျိုးရိုးရှိတာ -အထူးသဖြင့် မိဘက သားသမီးရှေ့မှာ ကိုယ်အလေးချိန်နဲ ပတ်သက်ပြီး သိပ်ဂရုစိုက်ပြလွန်းရင် ကလေးက အရွယ်ရောက်လာတဲ့အခါ ဒါကို ပြဿနာတစ်ခုလို မြင်သွားတတ်ပါတယ်။
- တခြား စိတ်ရောဂါအခံရှိနေတာ – ဥပမာ စိတ်ကျရောဂါ၊ စိတ်ဖိစီးတာ
- Diet လုပ်လွန်းတာ – ဒီခေတ်မှာ Diet လုပ်တယ်ဆိုတဲ့ စကားကို လူတိုင်း ရင်းနှီးသလို လိုက်လည်း လုပ်ကြပါတယ်။ တချို့များဆို အဆာခံပြီးတော့တောင် လုပ်ကြပါတယ်။ နေ့စဉ်ရက်ဆက်ကျတော့ ဦးနှောက်မှာ သကြားဓာတ်နည်းပြီး စဉ်းစားတွေးခေါ်မှုတွေ ထိခိုက်တာ၊ စိတ်မကြည်တာ၊ စိတ်ရှုပ်ထွေးတာတွေ ခံစားရပါတယ်။ သာမန်ဗိုက်ဆာရင်တောင် လူက စိတ်မကြည်တာ ဘာမှမစားဘဲ နေတာကြာလာတဲ့အခါ စိတ်ထဲမှာ နေလို့မကောင်းတော့တာ အမှန်ပါပဲ။ အကျိုးဆက်အနေနဲ့ ထိန်းမရအောင် စားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။
- စိတ်ဖိစီးမှု – စိတ်ဖိစီးမှုများတဲ့အချိန် (ဥပမာ အသည်းကွဲတဲ့အချိန်၊ စာမေးပွဲကျတဲ့အချိန်)ဆိုရင်လည်း မူမမှန်တဲ့ စားသောက်ပုံတွေ ပေါ်လာတတ်ပါတယ်။
စားသောက်ပုံ မူမမှန်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက
စားသောက်ပုံ မူမမှန်တာကြောင့် နောက်ဆက်တွဲပြဿနာများစွာ ကြုံရနိုင်ပြီး တချို့က အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ အချိန်ကြာကြာခံစားရလေလေ နောက်ဆက်တွဲဆိုးကျိုးတွေ ပိုဖြစ်လာလေပါပဲ။ ဥပမာ
- အာဟာရချို့တဲ့တာကြောင့် ကျန်းမာရေးအားနည်းလာတာ
- စိတ်ဓာတ်ကျတာ
- ကိုယ့်ကိုယ်ကို သတ်သေဖို့ စဉ်းစားတာ၊ အားထုတ်တာ
- ကလေးတွေဆို ကြီးထွားဖွံ့ဖြိုးမှု ထိခိုက်တာ
- လူမှုဆက်ဆံရေး ထိခိုက်တာ
- မူးယစ်ဆေးတွေ သုံးတာ
- အလုပ်နဲ့ ကျောင်းမှာ အဆင်မပြေတာ
- အသက်အန္တရာယ်ထိခိုက်တာ စတာတွေထိ ဖြစ်လာနိုင်ပါတယ်။
စားသောက်ပုံ မူမမှန်တာကို ဘယ်လိုမျိုး ကုသနိုင်သလဲ။
စားသောက်ပုံ မူမမှန်တာကို စိတ်ရောဂါအထူးကုဆရာဝန်နဲ့ ကုသရပါတယ်။ ဆရာဝန်က မေးခွန်းအနည်းငယ်မေးပြီး အာဟာရချို့တဲ့သလားဆိုတာကို စမ်းသပ်စစ်ဆေးတာတွေ လုပ်ပါလိမ့်မယ်။ ကုသတဲ့ နေရာမှာ စိတ်ရောဂါဆရာဝန်နဲ့တင် မဟုတ်ဘဲ အာဟာရဆရာဝန်၊ သမားတော်တွေကပါ တွဲဖက်ကုသပေးမှာပါ။ ကုသနည်းတွေကတော့
- ကျန်းမာရေးနဲ့အညီ စားသောက်တတ်အောင် သင်ပေးတာ
သင့်ရဲ့ ကိုယ်အလေးချိန်က ဘယ်လိုပဲ ဖြစ်ပါစေ။ လက်ရှိအချိန်မှာတော့ ကျန်းမာရေးကို ဦးစားပေးပြီး သင့်တော်တဲ့ အစားအစာတွေကို မျှမျှတတ စားတတ်အောင် သင်ပေးမှာပါ။
စိတ်ရောဂါအထူးကုနဲ့ Cognitive behavioral therapy (CBT) လို့ခေါ်တဲ့ နှစ်သိမ့်ဆွေးနွေးတဲ့ နည်းလမ်းနဲ့ ကုသပေးပါတယ်။
ဆေးဝါးတွေက ဒီစားသောက်ပုံ မူမမှန်တာတွေကို ပျောက်သွားစေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူနာမှာ စိတ်ကျဝေဒနာ ခံစားနေရတယ်၊ တခြား စိတ်ရောဂါ တစ်ခုခုရှိမယ်ဆိုရင်တော့ ဆေးဝါးတွေက အကူအညီပေးနိုင်ပါလိမ့်မယ်။
ဆေးရုံတက်ပြီး ကုမှ ရမယ့် လူနာတွေကတော့ အာဟာရပြတ်ပြီး ချို့တဲ့နေတဲ့ လူနာတွေပါ။ ဒီတိုင်းထားရင် အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ဆေးရုံမှာ အနီးကပ်ပြုစုကုသပေးဖို့ လိုပါတယ်။
လူနာဘက်က လိုက်နာရမှာတွေကတော့
- ကုသမှုကို သေချာလိုက်တာပါ။ ရက်ချိန်းပုံမှန်ပြပါ။ စားခိုင်းတာတွေကို သေချာစားပါ။
- နေလို့ မကောင်းဘူး။ အားဆေးသောက်ဖို့ လိုတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
- ခဏခဏ ပေါင်ချိန်တာ၊ မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို ကြည့်ပြိး ဝေဖန်တာမျိုး မလုပ်ပါနဲ့။
- တစ်ယောက်တည်း အထီးကျန်စွာ မနေပါနဲ့။ ကိုယ့်ကို ဂရုစိုက်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အတူတကွ အချိန်ဖြုန်းပါ။
Takeaways
စားသောက်မှု မူမမှန်တဲ့ ပြဿနာက လူငယ်တွေမှာ အတွေ့များတဲ့ ပြဿနာပါ။ အထူးသဖြင့် အမျိုးသမီးငယ်လေးတွေမှာပေါ့။ ခုပြောပြထားတဲ့ လက္ခဏာတွေ ရှိနေရင် တတ်ကျွမ်းသူနဲ့ ပြသဖို့ စီစဉ်ပါ။ အများစုက ဒီပြဿနာကို သတိမထားမိကြတဲ့အတွက် မလိုလားအပ်တဲ့ ကျန်းမာရေး ထိခိုက်မှုတွေ၊ အာဟာရချို့တဲ့မှုတွေ ဖြစ်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။