backup og meta

ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား (၇) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား (၇) ခု

    အစားအသောက်နဲ့ လူ့ကျန်းမာရေးက အချိုးကျကျ ဆက်နွှယ်နေတယ်လို့ပြောရင် ယုံနိုင်မလား။ မှန်မှန်ကန်ကန်စားရင် ကျန်းမာအားပြည့်စေတယ်၊ ခန္ဓာကိုယ်ကြီးကို သက်တမ်းရှည်ကြာအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်လိမ့်မယ်။ စားသောက်ပုံ နည်းလမ်းမှားရင်တော့ ဘယ်လိုအကောင်းစားတွေပဲ စားနေပါစေ၊ လူကရောဂါထူလာပါလိမ့်မယ်နော်။ ဒီတော့ သတိထားနိုင်စေဖို့ ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား တွေက ဘာတွေ ဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။

    ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား (၇) ခု

    ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား (၇) ခု ကတော့ အောက်ပါအတိုင်းပါ။ ဒါကြောင့် ကျန်းမာချင်တယ်ဆိုရင် ဒီလိုတွေ မလုပ်မိအောင် ရှောင်သင့်ပါတယ်နော် –

    (၁) စိတ်လွတ်ကိုယ်လွတ်စားသောက်မိခြင်း

    Cornell University သုတေသီ ပါမောက္ခ Brian Wansink ရဲ့လေ့လာမှုအရ ကိုယ်အစားအသောက် ထည့်စားတဲ့ ပန်းကန်အရွယ်အစားကြီးလေ၊အတိုင်းအဆမသိဘဲစားမိလေ ဖြစ်တယ်လို့တွေ့ရှိခဲ့ပါတယ်။ ဥပမာ ရုပ်ရှင်သွားကြည့်တဲ့သူတွေဟာ ပြောင်းဖူးပေါက်ပေါက် ဘူးကြီးအရွယ်အစားကို စားတဲ့အခါ ဘူးအသေးနဲ့ပဲ ခွဲဝယ်ခဲ့တဲ့(ပေါက်ပေါက်ပမာဏချင်းတူတူ)သူတွေထက် ၄၅ ရာခိုင်နှုန်းလောက် ပိုစားမိကြတာတွေ့ရပါတယ်။

    ဒါ့ကြောင့် ပန်းကန်ကြီးကြီးနဲ့ထည့်မစားပါနဲ့။ ကိုယ့်ထည့်စားမယ့်ပန်းကန်အရွယ်အစားကို ပုံမှန်လောက်ပဲရွေးသင့်သလို ဘူးတွေ၊ခွက်တွေထဲကနေ အလွယ်တကူယူတိုက်ရိုက်ယူမစားသင့်ပါဘူး။

    (၂) ညဘက် အစား ထစားခြင်း

    ကိုယ်အလေးချိန်ထိန်းသိမ်းချင်တယ်ဆိုရင် ညဘက်အစာစားတာဟာ မကောင်းတဲ့အမူအကျင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် စားသောက်ပုံ မှန်ကန်ဖို့ ဂရုစိုက်သင့်ပါတယ်။

    ဒါ့ကြောင့် ညစာစားပြီးပြီဆိုတာနဲ့ မီးဖိုချောင်ပိတ်သွားပြီလို့ ကိုယ့်ဘာသာတွေးထားလိုက်ပါ။ ညစာစားပြီးသွားတိုက်ပါ။ ဒါမှသန့်စင်ပြီးသား ခံတွင်းမှာ ထပ်စားချင်စိတ်နည်းစေပါလိမ့်မယ်။ ညလယ်အစာစားချင်လာရင် ၁၀ မိနစ် စောင့်ကြည့်ပါ။ ဒါတောင်ထပ်ဆာနေသေးရင် ချိစ်ချောင်းလေးဖြစ်ဖြစ်၊ သစ်သီးတစ်စိတ်လောက်ဖြစ်ဖြစ် ပမာဏနည်းတာလေးစားလိုက်ပါ။

    (၃) သရေစာအဆက်မပြတ်စားခြင်း

    တချိန်လုံး သရေစာတွေစားနေတာ၊ ကယ်လိုရီများတဲ့အစာတွေမကြာခဏစားမိနေတာလည်းမကောင်းပါဘူး။ အငန်များတဲ့အာလူးကြော်တွေ၊ ဆိုဒါနဲ့သကြားလုံးတို့အပါအဝင် ကျန်းမာရေးအတွက်မကောင်းတဲ့ သရေစာမုန့် တွေကို စားတတ်ကြသူတွေများပါတယ်။ ဒါ့ကြောင့် ဒီလိုစားတဲ့အခါမှာ ကျန်းမာရေးအတွက်ကောင်းတဲ့ သရေစာတွေကိုပဲရွေးသင့်ပါတယ်။ဥပမာ- မုန်လာဥနီနဲ့ သခွားသီး ၊ ဒိန်ချဉ်၊ ဗာဒံစေ့ စတာတွေဖြစ်ပါတယ်။ ကိုယ်စိတ်မနိုင်ဘူးဆိုရင် အာလူးကြော်တွေ၊ ကွတ်ကီးတွေကို အနီးအနားမှာမထားပါနဲ့။

    (၄) မနက်စာမစားခြင်း

    မနက်စာက တစ်နေ့တာမှာအရေးကြီးဆုံးဖြစ်တယ်ဆိုတာသိကြပေမယ့် တခြားကိစ္စတွေအာရုံများလာတဲ့အခါ စားဖို့အချိန်မရှိဘူးလို့တွေးမိလိုက်နိုင်ပါတယ်။ ဒါပေမယ့်မနက်စာမစားတဲ့အခါ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်က စတင်နှေးကွေးလာပါတယ်။ မနက်စာက သင့်အတွက်တစ်နေ့စာလိုအပ်တဲ့စွမ်းအင်ပမာဏကိုမြှင့်တင်ပေးတာ ဖြစ်ပြီး မနက်စာမစားရင် နောက်ပိုင်းမှာ ပိုစားမိတတ်ပါတယ်။

    ဒါ့ကြောင့် ကိုယ့်မှာအချိန်မရရင် အသီးအနှံဒိန်ချဉ်လိုမျိုး ပြေးရင်းလွှားရင်းနဲ့စားလို့ရမယ့် ကျန်းမာရေးအတွက်ကောင်းတဲ့ မနက်စာကို ကြိုပြင်ထားနိုင်ပါတယ်။

    (၅) စိတ်ခံစားချက်အရ စားမိခြင်း

    အလုပ်မှာအဆင်မပြေတာကြုံလာတဲ့အခါ အိမ်ပြန်ရောက်တာနဲ့ ရေခဲသေတ္တာဖွင့်ပြီးတွေ့ရာထိုင်စားမိတာမျိုးက နည်းလမ်းကောင်းမဟုတ်ပါဘူး။ စိတ်ညစ်တာပဲဖြစ်ဖြစ် စိတ်ပျော်တာပဲဖြစ်ဖြစ် စိတ်ခံစားချက်တွေကြောင့် ပုံမှန်ထက်ပိုပြီး စားသောက်မိတာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးလာရင် ထိုင်စားမယ့်အစား လမ်းလျှောက်ထွက်တာ၊ဒါမှမဟုတ်အားပေးတတ်တဲ့သူငယ်ချင်းတစ်ယောက်ကိုဖုန်းဆက်တာတွေ လုပ်နိုင်ပါ တယ်။

    (၆) အလောတကြီး အမြန်စားခြင်း

    သရေစာပဲဖြစ်ဖြစ် ထမင်းစားတာပဲဖြစ်ဖြစ် အနောက်ကကျားလိုက်သလို အလောတကြီးစားတာမျိုးက အစာအိမ်နဲ့ ဦးနှောက်ကိုချိတ်ဆက်ဖို့အချိန်မပေးသလိုဖြစ်စေပါတယ်။ အမြန်စားတာကြောင့် ဗိုက်ပြည့်နေပြီလို့ ဦးနှောက်ကမသိဘဲ လိုတာထက်ပိုစားမိတတ်ပါတယ်။ ဒါ့ကြောင့် အစာစားရင်သေချာဝါးပြီး ဖြည်းဖြည်းစားပါ။ စားနေရင်း ရေသောက်ပေးတာကလည်း အစာစားနှုန်းကိုနှေးသွားအောင်ကူညီပေးနိုင်ပြီး ဗိုက်ပြည့်မပြည့် သိနိုင်မှာဖြစ်ပါတယ်။

    (၇) အသင့်အလွယ်စား သရေစာတွေ စားခြင်း

    ဒီအစားအစာတွေက ထင်ထားတာထက်ပိုပြီးခန္ဓာကိုယ်ကိုထိခိုက်စေနိုင်ပါတယ်။ သုတေသနတွေအရ အဆီများ အချိုများတဲ့အစားအစာတွေဟာ ကိုကင်းနဲ့ဘိန်းလိုပဲ မစားရမနေနိုင် စားချင်လာအောင် စွဲလမ်းစေတတ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နေ့တိုင်းတော့မဟုတ်ပေမယ့် ကိုယ်တကယ်ကြိုက်တဲ့အစားအစာကိုရွေးချယ်ထားပြီး အတော်အသင့်သာ ချင့်ချိန်စားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement