backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အစားအသောက်နဲ့ ဝိတ်ချမယ်ဆိုရင် လိုက်နာရမယ့် အခြေခံစည်းမျဉ်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အစားအသောက်နဲ့ ဝိတ်ချမယ်ဆိုရင် လိုက်နာရမယ့် အခြေခံစည်းမျဉ်း

ဝိတ်ချမယ်ဆိုရင် အရင်ဆုံး လုပ်လေ့ရှိတာက အစားလျှော့တာပါ။ မှားတော့ မမှားပေမယ့် အလုံးစုံမှန်တာတော့လည်း မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ ဝိတ်ချတဲ့ planတွေ အကြောင်းကို ဆွေးနွေးသွားမှာတေ့ာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်နည်းနဲ့ ချချ ဝိတ်ချမယ်ဆိုရင် ဘာတွေ အရင်စဉ်းစားရမလဲ၊ ဘာတွေ မှားနေတတ်သလဲ၊ အစားအသောက်နဲ့ ချမယ်ဆိုရင် အခြေခံ လိုက်နာရမယ့် စည်းမျဉ်းတွေကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။

ဝိတ်ချမယ်ဆိုရင် မေးရမယ့် မေးခွန်းတွေက

  • ဝိတ်ချဖို့ တကယ်လိုအပ်နေပြီလား။
  • အများက ဝတယ်ဆိုတိုင်း တကယ်ဝချင်မှ ဝတာပါ။ ဒါကြောင့် BMI ဆိုတာ တွက်ကြတာပေါ့။ BMIမကျော်ဘူးဆိုရင် သင် ဝနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ စဉ်းစားရမှာက ကိုယ်အလေးချိန်ချင်း တူရင်တောင် အရပ်ကွာရင် BMI မတူပါဘူး။ ပေါင် ၁၀၀၊ ၅ပေနဲ့ ပေါင် ၁၀၀၊ ၆ပေနဲ့ တခြားစီပါပဲ။

    ဒါကြောင့် ကိုယ်တွင်း အဆီ (ဥပမာ ဗိုက်ခေါက်)ကို ကြည့်ဖို့ လိုပါတယ်။ ဗိုက်တို့၊ လက်မောင်းတို့မှာ အဆီတွေများနေရင်လည်း ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်လို့ သင့်တော်တဲ့ နည်းလမ်းနဲ့ ချသင့်ပါတယ်။

  • ဘယ် diet planကို ရွေးမှာလဲ။
  • ဝိတ်ချဖို့ ကီတိုdiet၊ အစာအငတ်ခံတဲ့ intermittent fasting စတဲ့ နည်းလမ်း များစွာရှိတဲ့ အတွက် ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခုခုကို ရွေးပြီးတာနဲ့ အရင်ဆုံး သုံးသပ်ရမှာက

    -ငါဘယ်လောက် ကြာကြာ စားနိုင်မှာလဲ။ ဥပမာ ကီတိုdietလို အဆီဓာတ်ပါဝင်မှု များတာကို စားမယ်ဆိုရင် ဘယ်လောက်ကြာကြာ စားနိုင်မှာလဲ။ မြန်မြန်ကျတာ မှန်ပေမယ့် စားလိုက်တာ ရပ်လိုက်လို့ ပြန်ဝသွားမယ်ဆိုရင် ငါဒါကို စစားသင့်ပါ့မလား။

    -အာဟာရရှိတဲ့ အာဟာရတွေ ပါဝင်ရဲ့လား။ ကျန်းမာတဲ့ ဝက်ကြီးရှိသလို ကျန်းမာတဲ့ LCDလေးတွေ ဖြစ်လာဖို့ လိုပါတယ်။ ဝိတ်တော့ကျပါရဲ့။ အာဟာရတွေ ချို့တဲ့ပြီး ကျန်ခဲ့မယ်ဆိုရင် ဒါနည်းလမ်းမှားနေပါပြီ။

    -အလွယ်တကူဝယ်လို့ရတဲ့ အစားအစာမျိုးတွေ ဖြစ်ရပါမယ်။ ငွေရေး ကြေးရေး ကိုယ်နိုင်တဲ့ ပမာဏ ဖြစ်ရပါမယ်။ ကိုယ်ကြိုက်တာလေးတွေလည်း ပါရပါမယ်။ ဘာလို့ အဲ့ဒီလောက် ချေးများနေရတာလဲဆိုရင် ရေရှည်သွားရမယ့် ခရီးဖြစ်လို့ပါ။ ရေရှည် လုပ်ရမှာဖြစ်လို့ ကိုယ်ရေရှည်စားနိုင်တဲ့ အစားအစာတွေနဲ့ ဝိတ်ချနိုင်ရင် ပိုကောင်းပါတယ်။

    ဒီမေးခွန်းတွေအတွက် ကိုယ့်ကိုယ်ကို ကျေနပ်လောက်တဲ့ အဖြေပေးနိုင်တယ်ဆိုရင် ဝိတ်စချလို့ ရပါပြီ။

    ဘာတွေ မှားလေ့ရှိသလဲ။

    • စိတ်မရှည်တာ

    တစ်သက်လုံး စားလာသမျှက တစ်ရက် နှစ်ရက်နဲ့ မကျပါဘူး။ ဒါကြောင့် စိတ်ရှည်ပြီး ဇွဲရှိဖို့ လိုပါတယ်။ ဖြစ်တတ်တာက အစပိုင်းမှာ ဟန်ကျ ပန်ကျ စားပြီး နောက်ပိုင်းကျရင် အဖျားရှူးသွားတာပါပဲ။ ဒါကလည်း ခုနက ပြောခဲ့တဲ့ မေးခွန်းတွေကို မမေးကြည့်လို့ပါ။ နေ့တိုင်း စားရမယ့် အစားအစာက ကိုယ့်အတွက် အဆင်မပြေဘူး၊ စျေးကြီးတယ်၊ ကိုယ်စားနေကြတွေ မဟုတ်ဘူးဆိုရင် ရေရှည်စားနိုင်မှာ မဟုတ်ပါဘူး။

    • အမြန်ကျချင်တာ

    ပုံမှန်ဆို တစ်ပတ်ကို တစ်ပေါင်၊ နှစ်ပေါင်ထက် ပိုမချသင့်ပါဘူး။ ဒါပေမယ့် အတင်းတွေ အစားလျှော့ပြီး အများကြီး ချမိတတ်ပါတယ်။ လျှော့ပြီးတော့ ပြန်စားတော့လည်း ပြန်ဝလာတာပါပဲ။ ဒီလို ခန္ဓာကိုယ်မှာ ဝိတ်တွေ တရကြမ်း အပြောင်းအလဲ ဖြစ်နေတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။

    ခန္ဓာကိုယ်မှာ တစ်ခုခု အပြောင်းအလဲ ဖြစ်ရင် ကျန်တဲ့ ကိုယ်တွင်း အင်္ဂါတွေက လိုက်ညှိနေရတာကြောင့် ဝိတ်အတက်အကျ ကြမ်းလို့ မဖြစ်ပါဘူး။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် metabolism ကိုယ်တွင်းဇီဝဖြစ်စဉ် မတူတဲ့အတွက် တချို့က မြန်မြန်ကျပေမယ့် တချို့က အကျနှေးတတ်ပါတယ်။

  • လေ့ကျင့်ခန်း မလုပ်တာ
  • အစားလျှော့တယ်ဆိုတာ ကယ်လိုရီ အဝင် (intake) ကို လျှော့တာပါ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကယ်လိုရီအထွက် (output)ကို မြှင့်တင်တာပါ။ Effectine weight loss ဝိတ်မြန်မြန်ကျပြီး လှလှပပ ပိန်ချင်တယ်ဆိုရင် လေ့ကျင့်ခန်း ကူမှရပါမယ်။ ဝိတ်ကျပြီး အသားတွေ လျှော့ရဲ လာတယ်ဆိုတာ လေ့ကျင့်ခန်း မလုပ်လို့ပါ။ လေ့ကျင့်ခန်းပါ လုပ်မှ အသားတွေကျစ်လာမှာပါ။

    • ဝိတ်ပြန်မထိန်းတာ

    လိုချင်တဲ့ ကိုယ်အလေးချိန်ကို ရောက်သွားပြီဆိုရင် ဒီအလေးချိန်ကို ဆက်ထိန်းထားဖို့ လိုပါတယ်။ ဆက်ထိန်းဖို့ဆိုရင် လက်ရှိစားနေတာတွေ၊ လုပ်နေတဲ့ လေ့ကျင့်ခန်းတွေကို ရပ်ပစ်လို့ မရပါဘူး။ ရပ်ပစ်ပြီး အရင်လို စားချင်တာ ပြန်စားရင် သေချာပေါက် ပြန်တက်လာမှာပါ။

    ပိုဆိုးတာက အရင်ကဝိတ်ကျဖို့ အစားကို အတင်း ချုပ်တည်းခဲ့ရတဲ့သူတွေဆိုရင် ဝိတ်လည်း ကျရော လွှတ်စားတော့ reboundတွေ ဖြစ်ပြီး အရင်ကထက် ပိုတောင်ဝလာပါသေးတယ်။ Gymလည်း မသွားတော့ ကယ်လိုရီလည်း မလောင်။ ပိုတက်တော့ တာပါပဲ။ ဒါကြောင့် ဝိတ်စချကတည်းက ကိုယ်ရေရှည်စားနိုင်တဲ့ dietကို ရွေးဖို့ အတန်တန်မှာနေရတာပါ။

    ဒါဆိုရင် အခြေခံစည်းမျဉ်းတွေက

    ဝိတ်မချခင် မေးရမယ့် မေးခွန်းတွေလည်း မေးပြီးပြီ၊ မှားတတ်တဲ့ အမှားတွေကိုလည်း သိပြီဆိုတော့ အခြေခံစည်းမျဉ်းကို ပြောပြပါတော့မယ်။

    မြန်မာ့ စားသောက်မှု ပုံစံက ထမင်းများများ ဟင်းနည်းနည်းပါ။ ပြီးတော့ တစ်နေ့ကို ထမင်းချည်းပဲ နှစ်နပ်၊ တစ်ခါတလေ သုံးနပ်လောက် ဖြစ်သွားတတ်တော့ တကယ်ဝိတ်ချမယ်ဆို portion size ထမင်းပမာဏကို လျှော့ရမှာပါ။

    လုံးဝဖြတ်လိုက်တာထက် လျှော့လိုက်တာက ပိုကောင်းပါတယ်။ မွေးကတည်းက ထမင်းစားလာကြတာဆိုတော့ ထမင်းဖြတ်လိုက်ရင် အဆင်မပြေပါဘူး။

    တခြား အချိုကဲထားတဲ့ အစားအစာတွေ၊ အသင့်စားတွေကတော့ ကျန်းမာရေးအတွက်လည်း မသင့်တော်တာတာကြောင့် တတ်နိုင်ရင် ဖြတ်လိုက်ပါ။

    • အသား၊ အသီးအရွက်ကို ပိုစားပါ။

    ထမင်းလျှော့လိုက်တဲ့အတွက် ဗိုက်ပြည့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသားနဲ့ အသီးအရွက်တွေကို ပိုစားပေးပါ။ ကာဘိုဟိုက်ဒရိတ်လောက် ဝိတ်မတက်တဲ့အပြင် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပါ ပြည့်ဝစေပါတယ်။ ဗိုက်မြန်မြန်ပြည့်အောင် အချိန်ဆွဲစားပါ။ ထမင်းတစ်ခါစားရင် မိနစ် ၂၀လောက် အချိန်ယူပါ။ ကြေညက်အောင် ဝါးစားပါ။

    • လေ့ကျင့်ခန်းကို မမေ့ပါနဲ့။

    အစားလျှော့တာနဲ့ ဝိတ်ချတဲ့ ဝာာဝန်မပြီးမြောက်သေးပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းကိုပါ တွဲလုပ်ပေးပါ။ အိမ်မှာပဲ လုပ်လုပ်၊ Gymပဲ သွားသွား လုပ်ဖြစ်အောင် လုပ်ပါ။

    Takeaways

    ခြုံပြောရရင် ဝိတ်ချမယ်ဆိုရင် စဉ်းစားစရာတွေ စီစဉ်စရာတွေ အများကြီးပါ။ အရေးကြီးဆုံးက ရေရှည်လုပ်နိုင်မယ့် planကို ရွေးနိုင်ဖို့ လိုပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ စားသောက်မှုပုံစံကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်ပါ။ လေ့ကျင့်ခန်းအတွက်လည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement