စတေးတပ်တစ်ခုပဲ ဖြစ်ဖြစ်၊ ဗီဒီယိုတစ်ခုပဲ ဖြစ်ဖြစ် အမုန်းစကားတွေ ရေးထား၊ ပြောထားရင် မတုံ့ပြန်ပါနဲ့။ တတ်နိုင်ရင် အဆုံးထိမကြည့်ပါနဲ့။ ဘာ reaction၊ ကောမန့်မှ မပေးပါနဲ့။ လျစ်လျူရှုထားလိုက်ပါ။ ရှင်းရှင်း ပြောရရင် အဖက်မလုပ်ပါနဲ့။
သူတို့လိုချင်တာ လူတွေအများကြီး သူတို့ကို အဖက်လုပ် ကောမန့်တွေပေးပြီး၊ ရှာလိုက်တိုင်းမှာ ထိပ်ဆုံးရောက်နေစေချင်တာပါ။ ဒါကြောင့် မဟုတ်တဲ့အမုန်းစကားတွေ၊ သတင်းတွေနဲ့ လူတွေ စိတ်ဝင်စားအောင် လုပ်နေတာပါ။ ကိုယ်က ပါးနပ်စွာ တုံ့ပြန်ဖို့ လိုပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ မမှန်တဲ့ သတင်းတွေ၊ အမုန်းစကားတွေ၊ ခွဲခြားဆက်ဆံတာတွေကို တားမြစ်ဖို့ ရီပို့လုပ်လို့ရတဲ့ စနစ်ရှိပါတယ်။ အကောင့်တုနဲ့ မဟုတ်တာလုပ်နေတယ်၊၊ မမှန်တဲ့ သတင်းတွေ တင်နေတယ်။ လူအများစု စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ရေးနေ၊ ပြောနေတယ်ဆိုရင် သွားပြီးတော့ ရန်မဖြစ်ပါနဲ့။ ရီပို့လုပ်လိုက်ပါ။ နည်းပညာကို နည်းပညာနဲ့ပဲ ဖြေရှင်းလိုက်ပါ။
အကောင့်ထဲမှာ ကိုယ်နဲ့ သဘောထားမတိုက်ဆိုင်သူတွေ၊ မဟုတ်တမ်းတရားတွေ ရှဲနေတဲ့သူတွေ၊ သတင်းအမှားတွေကို တင်နေတဲ့ ပေ့ချ်တွေ ရှိမှာပါ။ ဆိုရှယ်မီဒီယာသုံးတိုင်းမှာ စိတ်ညစ်နေရပြီဆို ကိုယ့်အကောင့်ထဲမှာ ကိုယ်မကြိုက်တာတွေ ဘာတွေရှိနေလဲ တစ်ချက် ပြန်စစ်ပါ။ ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတာမှန်သမျှ အားလုံးရှင်းထုတ်ပါ။
ပြင်ပဘဝမှာ ရုန်းကန်နေရတဲ့အပြင် ဆိုရှယ်မီဒီယာမှာပါ စိတ်ညစ်နေရမယ်ဆိုရင် မဟုတ်သေးပါဘူး။ ကိုယ့်နားမှာ ကောင်းတာတွေပဲထားပါ။ မမြင်ချင်တာတွေ၊ ကိုယ့်ကို အဆိပ်အတောက် ဖြစ်စေတာတွေကို ဖယ်လိုက်ပါ။

- သင်ကိုယ်တိုင်လည်း မဟုတ်တာတွေ မလုပ်မိပါစေနဲ့။
ဆိုရှယ်မီဒီယာဆိုတာလည်း ကိုယ့်ဘဝမှာ တစ်စိတ်တစ်ပိုင်းတော့ အရေးပါလာပါပြီ။ အရင်ကတော့ ဘာတင်တင်ဆိုပေမယ့် အခုတော့ သူဘာလဲ၊ ဘယ်သူလဲဆိုတော့ သိချင်ရင် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ရနေပြီမို့လို့ သတိထားစေချင်ပါတယ်။
ကိုယ့်အကောင့်နဲ့ကိုယ် တင်ချင်တာတင်တာ ပြဿနာမရှိပေမယ့် ဆိုရှယ်မီဒီယာယဉ်ကျေးမှုကို လိုက်နာဖို့ လိုပါတယ်။ကိုယ့်အကောင့်တွေ မဟုတ်တဲ့ သတင်းတွေ မရှဲပါစေနဲ့။ မဟုတ်တဲ့ သတင်းတွေကို စရေးသူ၊ အမုန်းစကားတွေကို ဖြန့်ဝေသူဟာလည်း ကိုယ်မဖြစ်ပါစေနဲ့။
- ပို့စ်တင်မယ်၊ ရှဲမယ်ဆို ဒီအချက်တွေ လိုက်နာပါ။
ပို့စ်တစ်ခုတင်မယ်ဆို တင်သင့် မတင်သင့် SPACE နဲ့ စဉ်းစားပါ။
S – Stop: စာရေးပြီးရင် တန်းပြီး မတင်ပါနဲ့။
P – Pause: ခဏစောင့်ပါ။ ဟိုအလုပ်၊ ဒီအလုပ်လေးတွေ လုပ်လိုက်ပါ။
A – Assess: ပြန်တွေးပါ။ ဒါတင်လို့ ဘယ်သူ့မှာ ဘာအကျိုးရှိသွားမှာလဲ။
C – Confirm: ကိုယ့်ကိုယ်ကို မသေချာရင် နီးစပ်တဲ့သူငယ်ချင်းကို မေးကြည့်ပါ။
E – Execute: ကျေနပ်ပြီ၊ နောင်တရစရာမရှိဘူး တင်ပါ။ မဟုတ်ဘူး၊ စိတ်ပြောင်းသွားရင် ဖျက်လိုက်ပါ။ ဒါက သင့်ကို သွေးဆူနေတဲ့အချိန်မှာ စိတ်လိုက်မာန်ပါ ပို့စ်မတင်မိအောင် ကူညီပေးပါလိမ့်မယ်။ တင်ပြီးမှ ပြန်ဖျက်ရတာထက်စာရင် အစကတည်းက ချင့်ချိန်ပြီး မတင်တာက ပိုကောင်းပါတယ်။
ပို့စ်တစ်ခု ရှဲတော့မှာလား။ ဒါဆိုရင် THINK ကို စဉ်းစားပါ
T: Is it true? ဒါမှန်ရဲ့လား။ ဘယ်သူတင်တာလဲ။ ဘယ်က တင်တာလဲ။ အထူးသဖြင့် ဖောလိုဝါး အများကြီးရှိတဲ့ အကောင့်ပိုင်ရှင်တွေ ပိုသတိထားသင့်ပါတယ်။
H: Is it hurtful? သူများကို ထိခိုက်စေမှာလား။ မှန်ပြီး သူများကို ထိခိုက်နစ်နာစေမယ့် အတင်းဆန်ဆန် ရပ်ကွက်သတင်းတွေက ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ အခန့်မသင့်ရင် victim blamingတို့၊ cyber bullyတို့ ဖြစ်သွားနိုင်ပါတယ်။
I: Is it illegal? တရားဥပဒေနဲ့ ညီညွတ်ရဲ့လား။ တရားမဝင်တဲ့ သတင်းတွေ၊ ဥပဒေတဲ့ မညီညွတ်တာတွေ တင်မိရင် cyber lawတွေ၊ တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမှာပါ။
N: Is it necessary? တကယ်လိုလို့လား။ ဒါတင်လိုက်လို့ ဘယ်သူမှ အကျိုးမရှိဘူးဆိုရင်၊ ပြဿနာတွေ၊ သတင်းအမှားတွေပဲ ဖြစ်စေတယ်ဆိုရင် မရှဲတာကောင်းပါတယ်။
K: Is it kind? အမုန်းစကားတွေကို တခုတ်တရ မရှဲပါနဲ့။ လူတွေကို ဒေါသဖြစ်ပြီး၊ ကိုယ်မကြိုက်တဲ့သူကို ပိုလူသိများအောင် လုပ်ပေးသလိုပဲ ဖြစ်နေပါလိမ်မယ်။
Takeaways
ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုထိ အရေးပါလာတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။ လူအများထိခိုက်စေမယ့် မဟုတ်တမ်းတရား သတင်းတွေ၊ အမုန်းစကားတွေကို ကျွန်တော်တို့က စမရှဲသင့်သလို၊ တင်တဲ့သူတွေကိုလည်း အားပေးအားမြှောက် မလုပ်သင့်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။