brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

တနင်္လာနေ့တိုင်း ရုံးမသွားချင်တဲ့ ပြဿနာ

တနင်္လာနေ့ရောက်မှာကို တနင်္ဂနွေ ညတည်းက ကြိုကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ စဉ်းစားကြည့်ရင် တနင်္လာနေ့ဆိုတာ ရုံးပြန်တက်ရတော့မယ့်နေ့၊ ကျောင်းပြန်တက်ရတော့မယ့်နေ့ ဖြစ်သလို နောက်ထပ် ပိတ်ရက်ရောက်ဖို့ ၅ရက်ကြီးတောင် လိုသေးတယ်မလား။ စနေ တနင်္ဂနွေဆိုတာလည်း ဘာမှမနားလိုက်ရသလိုပါပဲလာ။ ဒီလို တနင်္လာနေ့တိုင်း ရုံးမသွားချင်တဲ့ ပြဿနာ ကို ဘယ်လိုများ ဖြေရှင်းရင် ကောင်းမလဲ။

တနင်္လာနေ့တိုင်း ရုံးမသွားချင်တဲ့ ပြဿနာ

တနင်္လာနေ့ ရောက်ခါနီးရင် ဒီလို ခံစားရနေပြီလား

တနင်္လာနေ့ ရောက်မှာ ကြောက်နေတာကို Monday bluesလို့ ခေါ်ကြပါတယ်။ ဒီပြဿနာက စိတ်ကျရောဂါစိုးရိမ်ပူပန်မှုများတဲ့ရောဂါ၊ နေသားမကျတဲ့ ရောဂါတွေနဲ့ လက္ခဏာတွေ တူနေတတ်ပါတယ်။

တနင်္ဂနွေညလောက်တည်းက သင့်မှာ

  • ဝမ်းနည်းလာသလိုလို
  • နုံးပြီး အားမရှိလာသလိုလို
  • စိတ်တိုစိတ်ဆတ်လာတာ
  • နောက်အပတ်ကို ဘယ်လိုများ ကျော်ဖြတ်ရပါလိမ့်လို့ စိုးရိမ်လာတာ
  • နေသာထိုင်သာမရှိတာ
  • စားချင်သောက်ချင်စိတ်တွေ ပြောင်းလာတာ
  • အိပ်မပျော်တာ
  • ကိုယ်လက်ကိုက်တာ
  • ခေါင်းကိုက် ဇက်ကြောတက်တာတွေ ဖြစ်နေရင် Monday blues ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။

ကုန်ဆုံးသွားတဲ့ စနေ တနင်္ဂနွေကို နှမြောစိတ်နဲ့ အတူပေါ့။

တနင်္လာနေ့တိုင်း ရုံးမသွားချင်တဲ့ ပြဿနာ ဘာကြောင့်ဖြစ်ရသလဲ

ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေရရင် နေ့တိုင်းက ပျော်စရာလို့ ပြောကြတယ်ဟုတ်။ ဒါနဲ့ ပြောင်းပြန် ကိုယ်က ကိုယ်ရဲ့ အလုပ်မှာ မပျော်ဘူး။ ဖိအားတွေ များနေမယ်၊ တခြားသော အဆင်မပြေတဲ့ အချက်တွေ ရှိမယ်ဆိုရင် အလုပ်သွားတဲ့အခါ စိတ်ကြည်မှာ မဟုတ်ပါဘူး။

အထူးသဖြင့် တစ်ပတ်မှာ ၅ရက်လုပ်ပြီး စနေ၊ တနင်္ဂနွေ ၂ရက်တည်း နားရတဲ့သူတွေဆို Monday bluesကို ပိုပြီး ခံစားရနိုင်ပါတယ်။

တချို့ပညာရှင်တွေကလည်း အလုပ်ကြောင့် Monday bluesကို ဖြစ်စေတယ်လို့ တပ်အပ် ပြောလို့ မရပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ဒါက လူတစ်ယောက်ရဲ့ စိတ်ဖိစီးမှုအပေါ် တုံ့ပြန်ပုံနဲ့လည်း ဆိုင်လို့ပါတဲ့။

သူပြောချင်တာက တကယ်ပဲ အလုပ်မှာ မပျော်ဘူးဆိုရင် တနင်္လာနေ့တင်မကဘဲ ရုံးဖွင့်ရက်တိုင်းမှာ Monday bluesကို ခံစားနေရမှာလို့ ဆိုလိုတာပါ။ အခုဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ Memesလိုပေါ့။ ‘ပရော်ဖက်ရှင်နယ် ကျပါ။ တနင်္လာနေ့တင်မဟုတ်ဘဲ နေ့တိုင်းကို မုန်းတီးလိုက်ပါ’ ဆိုပြီးတော့လေ။

Monday bluesကို ခံစားရနေသူတွေက တနင်္လာနေ့မှာ စိတ်မကြည်ဆုံးပါ။ တဖြည်းဖြည်းနဲ့ စိတ်အခြေအနေ ကောင်းလာပြီး TGIFလို့ခေါ်တဲ့ သောကြာနေ့ဆိုရင်တော့ အပျော်ဆုံးပေါ့။

ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့ သူတို့တွေက ပိတ်ရက်တွေမှာ သူတို့အချိန် သူတို့ပိုင်တယ်လို့ ခံစားရလို့ပါတဲ့။ ပိတ်ရက်ဆိုရင် အိပ်ရာထ နောက်ကျလည်း ပြဿနာမရှိဘူး။ အပြင်သွားချင်လည်း သွားမယ်။ ကိုယ့်အချိန်ကိုယ် စိတ်ကြိုက်သုံးနိုင်တယ်လေ။ ဘယ်ရောက်နေလဲဆိုပြီး မေးမယ့် ဂျာကြီးမှ မရှိတာ။

ဒါပေမဲ့လည်း Monday bluesဖြစ်စေတဲ့ အကြောင်းရင်းနဲ့ လက္ခဏာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ်ကွာခြားနိုင်တာကိုလည်း သိဖို့ လိုပါတယ်။

တနင်္လာနေ့တိုင်း ရုံးမသွားချင်တဲ့ ပြဿနာ ကို ဘယ်လိုဖြေရှင်းကြမလဲ

တနင်္လာနေ့တိုင်းက ကြုံရဦးမှာဆိုတော့ တနင်္လာနေ့ရောက်တိုင်း စိတ်ညစ်နေလို့ကလည်း မဖြစ်ပြန်ပါဘူး။ ဒီတော့ စိတ်ညစ်စရာ တနင်္လာနေ့ကြီး မဖြစ်စေဖို့ ဒီလိုပြောင်းလဲလိုက်ရအောင်။

  • နေ့စဉ်လုပ်ရမယ့် အလုပ်တွေကို ပုံမှန်လုပ်ပါ။

သိရသလောက်တော့ ပိတ်ရက်တွေက အလုပ်ဖွင့်ရက်တွေလောက် အစီအစဉ်မကျပါဘူး။ ဆိုလိုတာက ဖွင့်ရက်တွေဆို ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုပြီး အကြမ်းဖျင်း တွက်ထားလို့ ရပေမယ့် ပိတ်ရက်တွေဆိုရင်တော့ ဒီလိုမရှိပါဘူး။

မနက်ကိုလည်း နောက်ကျမှ ထမယ်။ ချိန်းထားတာရှိရင်လည်း သွားမယ်။ မရှိရင်လည်း အိပ်ရာထဲမှာပဲ ဆက်ခွေနေမယ်။ ထွေထွေထူးထူးလည်း လုပ်စရာ မရှိတော့ ပြောရမယ်ဆို လူက အကျင့်ပျက်သလို ဖြစ်သွားတာပေါ့။

ဒီလိုနဲ့ တနင်္လာနေ့မှာ ပုံစံခွက်ထဲ ပြန်ဝင်ရမယ်ဆိုတော့ စိတ်ညစ်တာ သဘာဝပါပဲ။ အဲ့တော့ ပိတ်ရက်မှာလည်း တတ်နိုင်သမျှ အစီအစဉ်တစ်ခုခု ဆွဲထားပါ။ အနည်းဆုံးတော့ အိပ်ချိန် ထချိန်မှန်ပါစေ။

  • ပိတ်ရက်မှာ အလုပ်မလုပ်ပါနဲ့။

ပိတ်ရက်မှာ ကောင်းကောင်းမနားဘဲ အလုပ်ဆက်လုပ်နေရင် တနင်္လာနေ့ရောက်တာ ခဏလေးလိုပဲလို့ ထင်နေမှာပါ။ နားချိန်တန်နား၊ အလုပ်လုပ်ချိန်တန်လုပ်ပါ။

  • အိပ်ချိန် ထချိန် မှန်အောင် ဂရုစိုက်ပါ။

ခုနက ပြောထားသလိုပဲ ပိတ်ရက်ဆိုရင် ညအိပ်တာ၊ မနက်ထတာတွေက ပိုနောက်ကျတတ်ပါတယ်။ တတ်နိုင်ရင်တော့ အလုပ်ဖွင့်တဲ့ရက်တွေလိုပဲ အိပ်ပါ။ ထပါ။ ပိုအိပ်ချင်ရင်တောင် ၁-၂နာရီထပ် မပိုပါစေနဲ့။

အိပ်ချိန်ထချိန် အကျင့်ဖြစ်သွားရင် အနည်းဆုံးတော့ မနက်ဖြန် တနင်္လာနေ့မို့လို့ အစောကြီး ထရဦးမှာပါလားလို့ တွေးကြောက်နေစရာမလိုတော့ဘူးပေါ့။

  • အလုပ်လေးတွေကို နည်းနည်းလေး ကြိုလုပ်ထားပါ။

တတ်နိုင်ရင်တော့ ပိတ်ရက်မှာ အလုပ်မလုပ်ဘဲ အနားယူတာ အကောင်းဆုံးပါ။ ဒါပေမဲ့ တနင်္လာရောက်မှ အလုပ်တွေ ပုံမနေချင်ဘူးဆိုရင် တကယ်အရေးကြီးပြီး မဖြစ်မနေ လိုအပ်တဲ့ အလုပ်တချို့ကို တနင်္ဂနွေညလောက်တည်းက ကြိုဖြတ်ထားပါ။

ဒါဆိုရင် တနင်္လာနေ့မှာ အလုပ်ကြောင့် စိတ်ဖိစီးတာ အနည်းငယ် သက်သာပါလိမ့်မယ်။

  • တနင်္လာနေ့မှာ အလုပ်တွေ အများကြီး လုပ်ဖို့ မစီစဉ်ထားပါနဲ့။

တစ်ပတ်လုံးမှာ တနင်္လာနေ့က အလုပ်မလုပ်ချင်ဆုံးပါ။ အလုပ်အများဆုံးလို့ ပြောရင်လည်း ရပါတယ်။ ပိတ်ရက်တုန်းက လွတ်သွားတဲ့ အလုပ်တွေကို တနင်္လာနေ့မှာ စုပြုံခိုင်းကြတာကြောင့် အလုပ်ဖိအားလည်း ပိုများပါတယ်။

ဒါကြောင့် သိပ်အရေးမကြီးတဲ့ အလုပ်တွေကို နောက်ရက်ရွှေ့ထားပါ။ တနင်္လာနေ့ကို ပေါ့ပေါ့ပါးပါးပဲ စတင်ပါ။

  • ပျော်စရာကောင်းတဲ့ တနင်္လာနေ့လေး ဖန်တီးပါ။

တနင်္လာနေ့လို့ တွေးလိုက်တာနဲ့ ‘ငါအလုပ်ပြန်တက်ရတော့မယ်။ အလုပ်တွေ ပုံနေတာပဲ။’လို့ တွေးပြီး စိတ်ညစ်နေရမှာပါ။ အဲ့လို မဟုတ်ဘဲ တနင်္လာနေ့မှာ ပျော်စရာကိစ္စ တစ်ခုခု လုပ်မယ်လို့ စဉ်းစားကြည့်ပါ။

ဥပမာ တနင်္လာနေ့ ရုံးဆင်းတဲ့အခါ အရသာရှိတာ တစ်ခုခုသွားစားမယ်။ Spaသွားမယ် စသဖြင့် တစ်ပတ်တစ်မျိုး မတူတာလေးတွေ လုပ်ကြည့်ပါ။ အနည်းဆုံးတော့ တနင်္လာနေ့အတွက် motivationရတာပေါ့။

Monday bluesဆိုတာ စိတ်ရောဂါ မဟုတ်ပါဘူး။ အလုပ်ပင်ပန်းလွန်းတဲ့အခါ၊ လုပ်ငန်းခွင်မှာ ပျော်ရွှင်မှုမရှိတဲ့အခါ ဖြစ်တတ်ပါတယ်။ အလုပ်မှာ အဆင်ပြေတယ်ဆိုတဲ့သူတွေတောင် Monday bluesရတတ်ပါတယ်။ Monday bluesကြောင့် စိတ်ညစ်ရတယ်ဆိုရင် ခု‌ပြောတဲ့အချက်တွေကို လုပ်ကြည့်ပါ။ တကယ်လို့ တနင်္လာနေ့မှာ စိုးရိမ်ပူပန်တာတွေက သိပ်ကို ဆိုးလွန်းမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ အကြံပေးချင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/12/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။