backup og meta

ထိန်းချုပ်မရတဲ့ ဘဝပြဿနာ တွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိန်းချုပ်မရတဲ့ ဘဝပြဿနာ တွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။

    ဘဝပြဿနာ တိုင်းကို ရင်ဆိုင်နိုင်မယ်။ ဖြေရှင်းနိုင်မယ်လို့ တစ်သမတ်တည်း သတ်မှတ်ထားလို့ မရပါဘူး။ တချို့ကိစ္စတွေက ကိုယ်လုပ်လို့ ဖြစ်လာတာလည်းမဟုတ်သလို ကိုယ်တတ်နိုင်တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူရဲ့ ဆိုးကျိုးတွေက ကိုယ့်ကို ရိုက်ခတ်လာတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း ဘာမှတုံ့ပြန်လို့ မရတဲ့အခါ အလိုလိုနေရင်း ဒေါသထွက်တာ၊ အားမလိုအားမရဖြစ်တာတွေ ရှိလာပါတယ်။

    ဒီလိုမျိုးက ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာမှာ အများကြီး ထိခိုက်စေပါတယ်။ ကိုယ်တွင်းက ခွန်အားကို ကုန်ခမ်းစေပါတယ်။ အိပ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်တာ၊ စိတ်လွတ်ကိုယ်လွတ်  ပေါက်ကွဲပစ်လိုက်ချင်တာ စတာတွေကို ခံစားရပါတယ်။ ဒါပေမယ့် ဒီလိုပေါက်ကွဲလို့လည်း မရတဲ့အခါကျတော့ ပိုပြီး ကျိတ်မနိုင် ခဲမရဖြစ်ပြီး တအုံနွေးနွေးနဲ့ ပိုခံစားလာရပါတယ်။

    အထူးသဖြင့် လူငယ်တွေမှာပါ။ ရည်မှန်းချက်တွေ၊ အိမ်မက်တွေ အများကြီးရှိတဲ့အတွက် ငါတတ်နိုင်တာ ဒါအကုန်ပဲလား။ ငါက ဘာမှအသုံးမကျတဲ့သူပါလားဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ပါတယ်။ ဒီလို မကောင်းတဲ့ စိတ်ခံစားချက်တွေကနေ သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။

    ထိန်းချုပ်မရတဲ့ ဘဝပြဿနာ တွေကြောင့် စိတ်ညစ်နေရရင်

    ခုပြောမယ့် နည်းလမ်းတွေက ကိုယ့်ရဲ့ လွင့်နေတဲ့ စိတ်ကို ပြန်လည်စုစည်းစေပြီး လက်ရှိပြဿနာကို အာရုံစိုက်နိုင်ဖို့ ဖြစ်ပါတယ်။ ပြဿနာကို ရင်ဆိုင်လိုက်တာက ပိုပြီး စိတ်မညစ်စေဘူးလားလို့ မေးစရာ ရှိပါတယ်။ တကယ်တော့ ပြဿနာကို အရှိအတိုင်း တည့်တည့်ရှုမြင်လိုက်တာကိုက ပြဿနာကို ကိုင်တွယ်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။

    နည်းလမ်း (၁)

    • အရင်ဆုံး တိတ်ဆိတ်တဲ့ နေရာမှာ မတ်မတ်ရပ်လိုက်ပါ။ ခန္ဓာကိုယ်အလေးချိန်ကို ခြေချောင်းတွေကနေ ခြေဖနောင့်ကို ရွေ့ပြောင်းလိုက်ပါ။ ခြေချောင်းတွေကို ကော့ကော့ပေးပါ။
    • ပုခုံးတွေကို ရှေ့မှနောက်၊ နောက်မှ ရှေ့ကို လှည့်ပြီး လျှော့ချလိုက်ပါ။
    • လက်သီးကို ဆုပ်လိုက် ဖြည်လိုက် လုပ်ပေးပါ။
    • ဒီ၃မျိုးကို ကိုယ်နှစ်သက်သလောက် လုပ်နိုင်ပါတယ်။

    လူ့သဘာဝက စိတ်ရှုပ်စရာတွေ တွေ့လာပြီဆိုရင် ခြေလက်၊ လည်ပင်းက ကြွက်သားတွေကို သိတောင် မသိလိုက်ဘဲ အလိုအလျောက် တင်းလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက တင်းနေတဲ့ ကြွက်သားတွေကို လျှော့ပေးနိုင်ပါတယ်။

    နည်းလမ်း (၂)

  • ပြောင်ချောနေတဲ့၊ နူးညံ့တဲ့ အရာဝတ္ထုတစ်ခုကို ကိုင်တွယ်ပွတ်သပ်ပါ။ မွေးပွအရုပ်ဖြစ်ချင်ဖြစ်မယ်။ ကျောက်တုံးချောချော ဖြစ်ချင်ဖြစ်မယ်။
  • ဒါလေးတွေကို သေချာကိုင်တွယ်ထိတွေ့ပြီး နူးညံ့မှုကို ခံစားကြည့်ပါ။
  • နည်းလမ်း (၃)

    • ၁ကနေ ၅အထိ ရေပြီး အသက်ပြင်းပြင်း ရှူသွင်းပါ။ ခဏအောင့်ထားပြီး ၁ကနေ ၅အထိ ပြန်ရေပြီး ရှည်ရှည်ရှူထုတ်ပါ။
    • အသက်ရှူပြီး ဘာအနံ့ရသလဲဆိုတာကို ခွဲခြားကြည့်ပါ။ ဒါမှမဟုတ်
    • မွှေးတဲ့အနံ့၊ ကိုယ်နှစ်သက်တဲ့ အနံ့တစ်ခုခုကို အာရုံစိုက်ပြီး ရှူကြည့်ပါ။

    ထိန်းချုပ်မရတဲ့ ဘဝ ပြဿနာ တွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။

    နည်းလမ်း (၄)

    • ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ကြည့်ပါ။
    • ဒါကတော့ ဘာပစ္စည်း၊ ဘာအရောင် စသဖြင့် ဂရုစိုက် မှတ်သားပါ။ စိတ်ထဲကနေ  အသံထွက်ပြီး ပြောပါ။ ဥပမာ ပန်ကာ၊ အပြာရောင်။

    နည်းလမ်း (၅)

    • ရေအေးအေး ၊ ရေနွေးနွေး ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ဖျော်ရည်၊ သကြားလုံး စသဖြင့် အရသာကောင်းတဲ့ ပစ္စည်းတစ်ခုခုကို အာရုံပြုပြီး အရသာခံလိုက်ပါ။ ဒါလေးမှာ စီးမြောပြီးလိုက်ပါသွားလိုက်ပါ။

    ခုပြောတဲ့ နည်းလမ်း (၅)ခုက ကိုယ့်ရဲ့ အာရုံ ၅ပါးကို အလုပ်ပေးတာပါ။ ပြင်ပအာရုံတွေကို ခဏပိတ်ပြီး ကိုယ်တွင်းမှာ ရှိနေတဲ့ သိ၊ မြင်၊ ကြား၊ နံ၊ အရသာ စတာတွေမှာ အာရုံစိုက်ပြီး စိတ်နဲ့ ကိုယ်နဲ့ ကပ်အောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

    မရပါဘူး။ စိတ်က ပြဿနာ အကြောင်းပဲ တွေးနေမိတယ်ဆိုရင်

    ဒါပေါ့။ အစိုးမရတဲ့ စိတ်က မကောင်းတာကိုပဲ တွေးချင်နေတာ သဘာဝပါ။ ဘဝမှာ ဘယ်လောက်ပဲ ပျော်စရာတွေရှိရှိ ဦးနှောက်က မကောင်းတာတွေကိုပဲ မှတ်ထားတတ်ပါတယ်။ အပေါ်က နည်းလမ်း (၅)ခုကို လုပ်နေရင်းနဲ့ ကိုယ့်ပြဿနာတွေကို ပြန်ပြီး တွေးမိနိုင်ပါတယ်။ ဥပမာ

    -ငါက ဘာလို့ ဒီလောက် အသုံးမကျရတာလဲ။

    -ဟိုကောင်က ငါ့ကို ဘာလို့ လာကြောသွားရတာလဲ။

    -သူတစ်ခုခုဖြစ်အောင် ငါဘယ်လို ကြံစည်လိုက်ရင် ကောင်းမလဲ စသဖြင့် အတွေးပေါင်းစုံ ဝင်လာတတ်ပါတယ်။

    မကောင်းတဲ့ အတွေးတွေက နောက်ထပ် မကောင်းတာတွေကို ဖိတ်ခေါ်တဲ့အတွက် ကိုယ့်ကိုယ်ကို (ဒါမှမဟုတ်) သူများကို ထိခိုက်အောင် လုပ်မယ့် အတွေးတွေပဲ ထွက်လာမှာပါ။ ဒီအတွေးတွေကို အတင်းဖျောက်ဖို့ မကြိုးစားပါနဲ့။ ငါမကောင်းတာတွေ တွေးနေမိပါလားဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ မကြိုးစားပါနဲ့။ ဒီအစား 3Rကို လိုက်နာပါ။

    • အရင်ဆုံး ပေါ်လာတဲ့ အတွေးတွေကို အသိအမှတ်ပြု (Recognize) လိုက်ပါ။ စိတ်ညစ်ရင် ညစ်တယ်၊ ဒေါသထွက်ရင် ထွက်တယ်။
    • ပြီးရင် (Record) မှတ်ထားလိုက်ပါ။ စိတ်ကလေး ညစ်နေတယ်။ စိတ်ကလေး ဒေါသထွက်နေတယ်။
    • နောက်ဆုံးမှာတော့ လွှတ်ချ (Release) လိုက်ပါ။ မကောင်းတာတွေ တွေးနေပြီး ပင်ပန်းနေတဲ့ ကိုယ့်စိတ်လေးကို သနားပေးလိုက်ပါ။

    စစချင်းတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပိုင်း အလေ့အကျင့်ဖြစ်လာရင် လုပ်တတ်သွားပါလိမ့်မယ်။

    တခြားနည်းလမ်းများ

    စိတ်ကို ကိုင်တွယ်ရတာ သိပ်ခက်နေရင် နောက်ထပ်နည်းလမ်းတွေ ရှိပါသေးတယ်။

    • ပြီးသွားလိမ့်မယ်လို့ တွေးထားလိုက်ပါ။ ဘာမှမတတ်နိုင်တဲ့ ကိစ္စတွေ၊ ကိုယ်လုပ်လို့ မရတဲ့ ကိစ္စတွေအတွက် အကောင်းဆုံးက အချိန်ပါ။ ဘဝက အမြဲတမ်း ကံဆိုးနေမှာ မဟုတ်ပါဘူး။ This too shall passပါ။
    • အရှုံးမပေးပါနဲ့။ ကြိုးစားနေတဲ့သူအတွက် နည်းလမ်းဆိုတာ ရှိပါတယ်။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေကို အာရုံ မထားဘဲ ကိုယ်တတ်နိုင်တဲ့၊ ကိုယ်အပြည့်အဝအားထုတ်နိုင်တဲ့ ကိစ္စတွေကို အားစိုက်ပြီး လုပ်ပါ။ အနည်းဆုံးတော့ ဆက်လက်ရှင်သန်ပါ။
    • ငိုချလိုက်ပါ။ ရင်ထဲမှာ ခံစားရတာတွေကို တစ်ယောက်တည်း ပြောချလိုက်ပါ။
    • စာရေးချပါ။ ပြီးရင် စာကို မီးရှို့တာ၊ ဆုတ်ဖြဲတာ လုပ်ပစ်ပါ။ ပြဿနာတွေအတူ ပါသွားပြီလို့ တွေးလိုက်ပါ။

    ဒါတွေ လုပ်လို့ ပြဿနာက ပြေလည်သွားမှာလားဆိုတော့ ဘယ်ပြေလည်ပါ့မလဲ။ ဒါဆို ကျိတ်ခံစားပြီး ကိုယ့်ကိုယ်အပြစ်တင်နေတာကရော ပြေလည်လို့လား။ မပြေလည်တာချင်း တူတူတော့ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခမပေးပါနဲ့။ ဒီအစား မှန်ကန်တဲ့ ထွက်ပေါက်ကနေ ဆက်လက်ရှင်သန်သွားပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement