- ဆေးခြောက်ဟာ သင့်နှလုံးခုန်နှုန်းကို သုံးနာရီတာကာလအတွင်းမှာ နှစ်ဆတိတိ ပိုမြန်စေပါမယ်။ ဒါကြောင့် နှလုံးရောဂါအခံရှိသူတွေဟာ ဆေးခြောက်သုံးစွဲပြီးပြီးချင်းမှာပဲ နှလုံးထဖောက်တတ်ကြတာပါ။
- ဆေးခြောက်ဟာ သွေးထွက်နှုန်းကို များစေပါတယ်။ သွေးပေါင်ကို ကျစေပြီး သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း အနှောင့်အယှက် ပြုပါတယ်။
- ဆေးခြောက်ဟာ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို ပိုများစေခြင်းရှိမရှိကိုတော့ ကျွန်တော်တို့ မသိရှိရသေးပါဘူး။ ဒါပေမယ့် ဆေးခြောက်ပုံမှန်သုံးစွဲသူတွေဟာ ချောင်းတောက်လျှောက်ဆိုးနေတာမျိုး၊ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ (ဥပမာ အအေးမိတာ၊အဆုတ်ပိုးဝင်တာ)ကို မကြာခဏ ခံစားရလေ့ရှိတဲ့အတွက် ဆေးခြောက်ဟာ အဆုတ်ကို အနည်းနဲ့အများ ထိခိုက်စေတယ်ဆိုတာကိုတော့ ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ပါတယ်။
- မူးဝေငိုက်မျဉ်းခြင်း၊ အသက်ကို ခပ်မျှဉ်းမျှဉ်းသာ ရှူခြင်း၊ မျက်လုံးနီရဲခြင်း၊ သူငယ်အိမ်ကျယ်ခြင်း၊ အာခြောက်ခြင်း၊ ခံတွင်းလိုက်ခြင်း စတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။
- ဆေးခြောက်ဟာ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊အခြေအနေတခုအပေါ် တုံ့ပြန်နိုင်စွမ်းကို နှေးကွေးလျော့နည်းစေတာမို့ ဆေးခြောက်သုံးစွဲပြီး ကားမောင်းရင် ကားမတော်တဆဖြစ်နိုင်ခြေ နှစ်ဆ ပိုများတယ်လို့ ဆိုပါတယ်။
တကယ်လို့ သင်ဟာ ဆေးခြောက်ကို ကာလကြာရှည်သုံးစွဲပြီးမှ ဖြတ်လိုက်မယ်ဆိုရင် ဆေးဖြတ်လက္ခဏာတွေအဖြစ် အထက်မှာ ဖော်ပြခဲ့တဲ့ အာနိသင်တွေရဲ့ ပြောင်းပြန် လက္ခဏာတွေကို ခံစားရမှာပါ။
စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ
ဆေးခြောက် ‘ကောင်း’နေတဲ့အခါ ပျော်ရတယ်၊ စိတ်ဖြေလျှော့မှုရှိတယ် ဒါမှမဟုတ် ပကတိလက်တွေ့ဘဝကနေ ခေတ္တလွတ်မြောက်စေတယ်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ဆေးခြောက်ကို သုံးစွဲကြပါတယ်။ ဒါပေမယ့် အောက်ဖော်ပြပါ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါသေးတယ်။
- အချိန်ကာလ မည်ရွေ့မည်မျှကြာသွားပြီ၊ ကုန်လွန်သွားပြီကို မမှန်းဆနိုင်ခြင်း၊ မသိခြင်း။
- တွေးချင်ရာ လျှောက်တွေးနေတတ်ခြင်း။
- မယုံသင်္ကာစိတ်များခြင်း။
- စိုးရိမ်သောကစိတ်များခြင်း။
- စိတ်ကျရောဂါခံစားရခြင်း။
- လတ်တလောကိစ္စလေးများကို မေ့လွယ်ခြင်း။
ဒီလက္ခဏာလေးတွေဟာ သင်ဆေးခြောက်သုံးစွဲအပြီး နာရီအနည်းငယ်အကြာမှာ ပျက်ပြယ်သွားမှာပဲ ဖြစ်ပါတယ်။
ဆေးခြောက်က စွဲတတ်လား။ ဘာအန္တရာယ်တွေရှိသလဲ။
သင်ကြားဖူးထားတာ တမျိုးဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် ဆေးခြောက်ဟာ တကယ်ပဲ စွဲတတ်ပြီး ဆေးခြောက်သုံးစွဲသူ ဆယ်ယောက်မှာ တယောက်ဟာ ဆေးစွဲသွားနိုင်ပါတယ်။ စွဲတယ်ဆိုတာထက် မသုံးရရင် မနေနိုင်တဲ့ marijuana use disorder ဖြစ်လာနိုင်ပါတယ်။ ဆေးသုံးပြီး ဘေးထွက်ဆိုးကျိုးတွေ ခံစားရနေပေမယ့် ဆေးဖြတ်လို့ မရတာမျိုးပါ။ ဒါဟာ ဆေးခြောက်မှာ ပါဝင်တဲ့ THC ပမာဏနဲ့လည်း တိုက်ရိုက်သက်ဆိုင်မှု ရှိနေနိုင်ပါတယ်။
သင့်မှာ နဂိုကတည်းက နှလုံးရောဂါ၊ အသည်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးပေါင်ကျတတ်တဲ့ရောဂါ စတာတွေ ရှိနေမယ်ဆိုရင် ဆေးခြောက်ဟာ သင့်အတွက် ပိုပြီး အန္တရာယ်များပါတယ်။ ဆေးခြောက်ဟာ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်းဟော်မုန်း (ကျားဟော်မုန်း)ပမာဏကို လျော့ကျစေတာမို့ သုတ်ကောင်တွေရဲ့ အရေအတွက်ရော၊အရည်အချင်းပါ ကျဆင်းလာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ လိင်စိတ်လျော့နည်းတာ၊ မျိုးမအောင်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ဆေးခြောက်ဟာ စိတ်ကျရောဂါတွေဆီ ဦးတည်နိုင်ပြီး မိမိကိုယ်ကို သတ်သေချင်စိတ်တွေကိုပါ နှိုးဆွပေးတယ်လို့ ဆိုပါသေးတယ်။
ဒီလောက်ဆိုရင် နာမည်ကျော် ဆေးခြောက် အကြောင်းကို နည်းနည်းတော့ တီးမိခေါက်မိ ရှိသွားလောက်ပါပြီ။ ကိုယ့်ကျန်းမာရေးအတွက် ကောင်းတဲ့အရာလား၊ ဆိုးတဲ့အရာလားကတတ် မိမိကိုယ်တိုင်သာ ဆုံးဖြတ်ကြပါတော့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။