backup og meta

မိန်းမကိုယ် ကျဉ်းဆေး နဲ့ နောက်ကွယ်က အန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ် ကျဉ်းဆေး နဲ့ နောက်ကွယ်က အန္တရာယ်

    အွန်လိုင်းပေါ်မှာ အကြီးအကျယ်တွေ ကြော်ငြာနေကြတာ တွေ့မိမှာပါ။ မိန်းမကိုယ် ကျဉ်းဆေး၊ အပျိုပြန်ဖြစ်တဲ့ဆေးဆိုပြီး ရောင်းချနေကြတာတွေလေ။ မယုံပါနဲ့။ ထပ်ပြီး ပြောပါမယ်။ မယုံပါနဲ့။ ဒီဆေးတွေကို ဝယ်ရင်ကောင်းမလားလို့ တွေးနေရင် အဲဒီအတွေးတွေ ရပ်ပြီး ဒီဆောင်းပါးကို ဆက်ဖတ်ပါ။

    တကယ်တော့ မိန်းမကိုယ်ဟာ အလိုလို ကျုံ့နိုင်၊ ဆန့်နိုင်တဲ့ သဘာဝရှိပြီးသား ဖြစ်ပါတယ်။ ဘာဆေးမှ မလိုပါဘူး။ ဒါပေမဲ့ ကျဉ်းဆေးဆိုတာတွေက တကယ်ပဲ ကျဉ်းသွားတယ်၊ ပိုပြီး သာယာမှုရတယ်ဆိုပြီး ပြောလာကြတာတွေ ရှိတာမို့ ဒီဆေး ဘယ်လို အလုပ်လုပ်တယ်ဆိုတာ ကျွန်တော်တို့ လေ့လာကြည့်ရအောင်။

    ကျဉ်းဆေးတချို့မှာ မိန်းမကိုယ် နံရံ နဲ့ မိန်းမကိုယ် အဝကို ကျဉ်းစေအောင် ဆောင်ရွက်ပေးနိုင်တဲ့ ပစ္စည်းတချို့ ပါဝင်ပါတယ်။ ဒါပေမဲ့ အများဆုံးကတော့ တကယ် မိန်းမကိုယ်ကို ကျဉ်းစေတာ မဟုတ်ဘဲ မိန်းမကိုယ် နံရံပေါ်က အချွဲတွေကို ခြောက်အောင် လုပ်လိုက်တာပါ။

    ဒါက ပွတ်တိုက်မှုကို ပိုသိသာစေပြီး မိန်းမကိုယ်ကို ယာယီကျပ်သွားသလို ခံစားရစေပါတယ်။ ဒါပေမဲ့ ကျိန်းသေတာကတော့ သဘာဝအချွဲ မရှိတော့တဲ့အတွက် ချစ်တင်းနှောတိုင်းမှာ နာကျင်မှုကို ခံစားနေရမှာပါ။

    တချို့ဆေးတွေကျတော့လည်း မိန်းမကိုယ်ရဲ့ အပေါ်ယံအလွှာကို စားလိုက်ပါတယ်။ စားလိုက်တဲ့အခါ အမာရွတ်ပြန်တက်ပါတယ်။ ဒီတော့ ကျဉ်းတယ်လို့ ဖြစ်လာပါတယ်။ ကျန်းကျန်းမာမာကျဉ်းလာတာတော့ မဟုတ်ပါဘူး။

    ဆိုရင် ဒီလိုခြောက်သွေ့အောင်၊ အမာရွတ်ဖြစ်အောင် လုပ်လိုက်တာကြောင့် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ။

    မိန်းမကိုယ် ကျဉ်းဆေး နဲ့ နောက်ကွယ်က အန္တရာယ်

    နာကျင်ခြင်း၊ နီရဲ ရောင်ရမ်းခြင်း။

    ဘာလို့ နာကျင်တာလဲ။ အပေါ်မှာ ပြောခဲ့သလို အချွဲတွေ အကုန်လုံးကို ခြောက်သွားစေတယ်။ ဒါကြောင့် ပွတ်တိုက်မှုတွေ ဖြစ်တဲ့အခါမှာ နာကျင်ပြီး အနာတရ ဖြစ်ကျန်ခဲ့ပါတယ်။ ဒီလိုဆိုမှတော့ နီရဲရောင်ရမ်းနေတာက အဆန်းမဟုတ်တော့ဘူးပေါ့။ နောက်ပြီး ဒီဆေးတွေထဲ ပါဝင်တာတွေသည် အကုန်လုံးနီးပါး ဓာတုပစ္စည်းတွေ ဖြစ်တာကြောင့် အလွန်တရာ နုတဲ့ မိန်းမကိုယ်အတွက် အန္တရာယ်ကြီးပါ။ ဒါကြောင့် ဒီဆေးတွေ သုံးပြီးရင် ဆီးသွား၊ လမ်းသွားရင် နာတာ၊ ထိုင်မရ၊ ထမရ ဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ဓာတ်မတည့်မှု လက္ခဏာတွေ ပေါ်လာခြင်း

    ပါဝင်ပစ္စည်းတွေထဲ ဓာတ်မတည့်နိုင်တဲ့ အရာတစ်ခုခု ပါဝင်လာနိုင်ပါတယ်။ နီရဲတာ၊ ယားယံတာ၊ အကွက်တွေ ဖြစ်လာတာမျိုးတွေ အရေပြားပေါ်မှာ ဖြစ်ဖူးကြမယ် ထင်ပါတယ်။ အဲဒီအချိန်မျိုးတောင် အရမ်း နေရခက်တာနော်။ မိန်းမကိုယ်မှာ ဖြစ်ရင် ဘယ်လောက်တောင် အခြေအနေဆိုးမလဲ တွေးကြည့်။ အတော်ကို ခံရခက်မယ့် အရာမျိုးပါပဲ။

    ဘက်တီးရီးယားပိုးဝင်ပြီး မိန်းမကိုယ် ရောင်ရမ်းခြင်း (Bacterial Vaginosis-BV) နဲ့ မှိုပိုးဝင်ခြင်း

    ဘာမှန်းမသိတာတွေ မိန်းမကိုယ်ထဲ လျှောက်ထည့်၊ pH ပမာဏတွေ မညီမျှတော့ဘဲ ပျက်စီး၊ ဒီကနေတစ်ဆင့် မိန်းမကိုယ်မှာ ရှိနေပြီးသား ကောင်းကျိုးပြု ဘက်တီးရီးယား ထိန်းညှိမှုတွေ ပျက်စီး၊ အဲ့သလိုဖြစ်ရာကနေပြီး ရောဂါပိုးဝင်လွယ်စေပါတယ်။ မှိုပိုးဝင်တာကတော့ ပြောစရာကို မလိုတော့ဘူးပေါ့။ ဒါကြောင့်လေ ဖြစ်နိုင်ရင် မိန်းမကိုယ်ထဲ တွေ့ကရာတွေ လျှောက်လျှောက်မထည့်ဖို့ တစ်ခါတည်း မှာပါရစေနော်။

    ဟော်မုန်း မညီမျှခြင်း

    ဒီကျဉ်းဆေးတွေက endocrine လို့ ခေါ်တဲ့ သားဥအိမ်၊ သိုင်းရွိုက် နဲ့ pituitary ဂလင်းတွေ ပါတဲ့ ဟော်မုန်းစနစ်ကိုလည်း ကမောက်ကမ ဖြစ်စေပါတယ်။

    STD (လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ) တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို ဖြစ်စေပါတယ်။

    အမှန်တော့လေ ဒီကျဉ်းဆေးတွေမှာက အနံ့အသက်ပျောက်ဆေးတွေပါ ပါတာပေါ့။ အနံ့အသက်ကင်းစေတဲ့ အာနိသင် ရှိတဲ့အခါမှာ STD ရဲ့ လက္ခဏာတွေဖြစ်တဲ့ အနံ့တွေကိုလည်း လျော့ကျစေတာကြောင့် တော်ရုံဆို လူက STD ရှိနေရင်တောင် မသိနိုင်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    မသိတော့ ကုသမှုမခံယူဖြစ်ဘူး။ ကုသမှု မခံယူသရွေ့ ကိုယ့်မှာ ထိခိုက်ပျက်စီးတာတွေ များပြီး သူများကိုလည်း ရောဂါဖြန့်ပေးသလို ဖြစ်နေဦးမှာပါပဲ။

    ဘယ်လိုပဲ ကြည့်ကြည့်၊ ဘယ်ရှုထောင့်ကနေ ကြည့်ကြည့် ဒီကျဉ်းဆေးမှမဟုတ်ဘဲ ဘယ်ဆေး၊ ဘယ်ပစ္စည်းကိုမှ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိန်းမကိုယ်မှာ သုံးတာမျိုး လုံးဝ လုံးဝ မလုပ်သင့်ပါဘူး။ ဒါပေမဲ့ ကျဉ်းချင်တာလေ ဘယ်လိုလုပ်ရမှာလဲ။

    ယောက်ျားကလည်း ငြိုငြင်နေပြီဆိုရင်တော့ Kegel Exercise ကို စမ်းကြည့်ပါ။ Kegel Exercise ဆိုတာ မိန်းမကိုယ်နဲ့ တင်ပါးဆုံကွင်းကို ညှစ်ပေးတဲ့ လေ့ကျင့်ခန်းပါပဲ။

    ဒါဟာ သဘာဝအတိုင်း မိန်းမကိုယ်ကျဉ်းနည်းဖြစ်တဲ့အပြင် ဆီးမထိန်းနိုင်တာကိုပါ သက်သာစေပါတယ်။ ဘာမှန်းမသိတာတွေ လျှောက်သုံးနေမယ့်အစား အန္တရာယ်ကင်းတဲ့ လေ့ကျင့်ခန်းလေး လုပ်ပြီး သာယာတဲ့ အိမ်ထောင်ရေးကို ဖန်တီးနိုင်ကြပါစေနော်။

    ရေးသားသူ – Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement