backup og meta

အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး

အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး

အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတွေ အားနည်းချို့ယွင်းလာနိုင်ပါတယ်။ ဒီလိုမျိုး ပြောင်းလဲတတ်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲမှာ မိန်းမကိုယ် ယောနိ (Vagina) သည်လည်း တစ်ခုအပါအဝင်ပါပဲ။ ဒီဆောင်းပါးမှာတော့ ဘယ်အသက်အရွယ်မှာ မိန်းမကိုယ် ဘယ်လိုပြောင်းလဲသွားတတ်သလဲ၊ ဘာတွေကို ဂရုစိုက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ကဲ …. အမျိုးသမီးတိုင်း သိထားသင့်တဲ့ အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး

မိန်းမကိုယ်ဆိုတာ အလွန်နူးညံ့တဲ့ တစ်ရှူးများဖြင့် ဖွဲ့စည်းထားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်ရဲ့ထိပ်မှာ မမျိုးစေ့ (Clitoris)၊ မိန်းမကိုယ်နှုတ်ခမ်း (Labia) နဲ့ ဆီးခုံတို့ ပါဝင်ပါတယ်။ အတွင်းမှာရှိတဲ့ လမ်းကြောင်းသည် မိန်းမကိုယ်အပြင်ဘက်နဲ့ သားအိမ်ကို ဆက်စပ်ပေးထားပါတယ်။

အသက် ၂၀ အရွယ် မိန်းမကိုယ်ကျန်းမာရေး

အသက်အရွယ်အားဖြင့် ကြည့်မယ်ဆိုရင် အမျိုးသမီးတစ်ယောက်ရဲ့ ပျိုမြစ်နုနယ်မှု၊ ကျန်းမာလန်းဆန်းမှု အရှိဆုံးကာလတစ်ခုလို့ ဆိုနိုင်ပါတယ်။ အက်စထရိုဂျင်လို့ ခေါ်တဲ့ မဟော်မုန်းထုတ်လုပ်မှု များခြင်းကြောင့် မိန်းမကိုယ်က စိုပြေကာ ကျန်းမာပြီး ရောဂါဘယ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

လိင်ဟော်မုန်း ထုတ်လုပ်မှုများလာခြင်းကြောင့် လိင်စိတ်ထက်သန်မှု ပိုဖြစ်နိုင်တယ်။ မကြာခဏဆိုသလို လိင်ဆက်ဆံမှုပြုတဲ့အခါ သို့မဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုနည်းတဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။

မိန်းမကိုယ်ရဲ့ အပြင်ဘက်နှုတ်ခမ်းဟာ စတင်ပါးလွှာလာပြီး ရုတ်တရက်ကြည့်မယ်ဆိုရင် နှုတ်ခမ်းအလွှာ ပိုသေးလာတယ်လို့ ထင်ရနိုင်ပါတယ်။ မိန်းမကိုယ်သန့်ရှင်းပြီး အနံ့အသက်ကင်းအောင် ထိန်းသိမ်းဖို့ ဒီလို အသက်၂၀ အရွယ်မှာ စတင်ပြီး မိန်းမကိုယ်ကို သန့်ရှင်းအောင်ထားပါ။

ရာသီသွေးစီးဆင်းမှုဟာလည်း ပုံမှန်အတိုင်း ဖြစ်သလို ဟော်မုန်းအပြောင်းအလဲပေါ် မူတည်ပြီး ရာသီစက်ဝန်း ကမောက်ကမ ဖြစ်တာမျိုးတော့ ရံဖန်ရံခါ ကြုံရတတ်ပါတယ်။ သဘာဝအလျောက် အရည်ကြည်များ၊ အဖြူဆင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အသက် ၃၀ အရွယ် မိန်းမကိုယ်ကျန်းမာရေး

ဟော်မုန်းပြောင်းလဲမှုများ အဖြစ်များလာပြီးနောက် မိန်းမကိုယ်ရဲ့ အတွင်းသားနှုတ်ခမ်းနံရံဟာ အရောင်ရင့်လာတတ်ပါတယ်။ ကိုယ်ဝန်ရှိမယ်ဆိုရင် မိန်းမကိုယ်မှ အဖြူဆင်းတာ ပိုများလာနိုင်သလို ထွက်လာတဲ့အရည်တွေဟာလည်း အကြည်ရောင်ထက် နို့နှစ်ရောင်ဘက်ကို ပိုသမ်းပါတယ်။ အနံ့အားဖြင့်တော့ သိပ်ပြီး မပြင်းထန်ပါဘူး။

ကလေးမွေးပြီးစမှာ မိန်းမကိုယ်ရဲ့ ကျုံ့နိုင်ဆန့်နိုင်အား လျော့ကျသွားပြီး အနည်းငယ် ကျယ်လာတတ်ပါတယ်။ ဒါပေမယ့် ဒါက ခဏပါ။ မကြာခင်မှာပဲ ပုံမှန်အတိုင်းနီးပါး ပြန်ကျဉ်းလာနိုင်ပါတယ်။ Kegel လေ့ကျင့်ခန်းများဖြင့် မိန်းမကိုယ်လမ်းကြောင်း ပြန်ကျဉ်းအောင် လုပ်လို့တော့ ရပါတယ်။

တားဆေးတွေသောက်တဲ့အရွယ်ဖြစ်တာကြောင့် မိန်းမကိုယ်ကနေ အဖြူဆင်းများလာခြင်း ဒါမှမဟုတ် ခြောက်သွေ့ခြင်း၊ ရာသီမမှန်ဘဲ ကြားဖောက်ဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဆေးအကူအညီမလိုဘဲ သူ့အလိုလို ပျောက်ကင်းသက်သာသွားတတ်ပြီး လုံးဝမပျောက်ဘူးဆိုမှ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။

အသက် ၄၀ အရွယ် မိန်းမကိုယ်ကျန်းမာရေး

တချို့သော အမျိုးသမီးတွေမှာ စောစီးစွာ သွေးဆုံးကိုင်တာမျိုး ဖြစ်တတ်သလို များသောအားဖြင့် အသက် ၄၀ ကာလသည် သွေးမဆုံးခင် စပ်ကြားကာလဖြစ်တဲ့အတွက် ပြောင်းလဲမှုတွေတော့ ရှိနိုင်ပါတယ်။ အဓိကပြောင်းလဲမှုတွေထဲမှာ

  • အက်စထရိုဂျင်ဟော်မုန်း ကျဆင်းသွားခြင်း
  • မိန်းမကိုယ်လမ်းကြောင်းနံရံကျဉ်းပြီး ပိုမိုခြောက်သွေ့လာခြင်း
  • လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း
  • မိန်းမကိုယ် ယားယံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ နီပြီးရောင်နေခြင်း
  • ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း စတဲ့ ပြဿနာတွေ အတွေ့များပါတယ်။

ဒီကာလမှာ မိန်းမကိုယ်သန့်ရှင်းရေးကို အလေးထားဂရုစိုက်ဖို့ လိုသလို ခြောက်သွေ့မှုနည်းစေပြီး အစိုဓာတ်ထိန်းပေးနိုင်မယ့် လိမ်းဆေးခရင်မ်တွေကို ဆရာဝန်ရဲ့ ဆေးညွှန်းစာနဲ့ဖြစ်စေ၊ အညွှန်းမလိုတဲ့ ဆေးတွေကိုဖြစ်စေ လိမ်းပေးနိုင်ပါတယ်။ ဆီးခုံမွေးများသည်လည်း ပါးပြီး မီးခိုးရောင်အသွင် ပြောင်းသွားနိုင်ပါတယ်။

အသက် ၅၀ နောက်ပိုင်း မိန်းမကိုယ်ကျန်းမာရေး

အမျိုးသမီးများ သွေးဆုံးပြီး သွေးဆုံးကိုင်ဝေဒနာကို ခံစားရတဲ့အချိန်ကာလ ဖြစ်ပါတယ်။ အက်စထရိုဂျင်ဟော်မုန်း ထုတ်လုပ်မှုဟာ မရှိသလောက် နည်းသွားသလို လုံးဝကုန်ခမ်းသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်သည် ကျုံ့သွားတတ်ပြီး လိင်ဆက်ဆံဖို့အတွက်လည်း စိတ်ပါဝင်စားမှု သိသိသာသာ လျော့နည်းလာပါတယ်။

ကျန်းမာရေးအကျိုးပြု ဘက်တီးရီးယားများ နည်းသွားတဲ့အပြင် ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ ပွားများတဲ့အတွက် မိန်းမကိုယ်လမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ အရေပြားပြဿနာများ၊ လိင်ကိစ္စပိုင်းဆိုင်ရာ ပြဿနာများ ပိုဖြစ်လာနိုင်ပါတယ်။ သွေးဆုံးမှုရဲ့ နောက်ဆက်တွဲ မိန်းမကိုယ်နာကျင်မှုဝေဒနာကို ခံစားရတဲ့အတွက် စိတ်ရော ခန္ဓာပါ ဆုတ်ယုတ်လာတတ်ပါတယ်။

မိန်းမကိုယ်ရဲ့ ကျုံ့နိုင်ဆန့်နိုင်အား နည်းသွားခြင်းကြောင့် ဆီးမထိန်းနိုင်တော့တာ၊ ဆီးသွားပြီးပါလျက် ဆီးကျန်နေသလို၊ ဆီးသွားချင်သလို စိတ်ဆန္ဒ ဖြစ်တာမျိုးတွေလည်း တွေ့ရနိုင်ပါတယ်။

မိန်းမကိုယ် ကျန်းမာလန်းဆန်းနေစေဖို့ ဘာတွေ ဂရုစိုက်မလဲ။

  • သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့မှ အနောက်သို့ ဆွဲပြီး သန့်ရှင်းရေးလုပ်ပါ။
  • အစာအာဟာရ မျှတစွာ စားသုံးပါ။
  • ကျပ်လွန်းတဲ့ ဘောင်းဘီ၊ အတွင်းခံတွေကို ရှောင်ပါ။
  • လိင်ဆက်ဆံဖော် မများပါစေနဲ့။
  • လိင်ဆက်ဆံတိုင်း အကာအကွယ်ကို အသုံးပြုပါ။
  • လိင်ဆက်ဆံပြီးသွားတိုင်းလည်း သန့်ရှင်းရေးလုပ်ပါ၊ ဆီးသွားပါ။
  • မိန်းမကိုယ်ကျန်းမာစေရန် ယောဂ၊ Kegel လေ့ကျင့်ခန်းမျိုးတွေ လုပ်ပေးပါ။
  • မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
  • ရာသီစက်ဝန်း ပုံမှန်မလည်ပတ်တာ၊ အမြဲလိုလို နောက်ကျတာ၊ ပုံမှန်မဟုတ်တဲ့ အရည်များ မကြာခဏ ဆင်းလာပါက ဆရာဝန်နဲ့ သေချာပြသစစ်ဆေးကြည့်ပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/vaginal-health/what-you-need-to-know-about-vaginal-health-at-every-age#The-bottom-line

ယခုပုံစံ

28/02/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိန်းမကိုယ်က လေလည် တတ်သလား

မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 28/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement