backup og meta

လိင်ဆက်ဆံဖော်များရင် ကင်ဆာပိုဖြစ်မယ်တဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 07/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံဖော်များရင် ကင်ဆာပိုဖြစ်မယ်တဲ့

    လိင်ဆက်ဆံဖော်များရင် ကင်ဆာပိုဖြစ်မယ်တဲ့

    ကင်ဆာရောဂါဟာ ကြောက်ဖို့ကောင်းတဲ့ ဝေဒနာတစ်မျိုးဖြစ်သလို ပျောက်ကင်းအောင် ကုသဖို့ ခက်ခဲတဲ့ ရောဂါမျိုးစိတ်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ခုနောက်ပိုင်းကာလ လူတွေရဲ့ နေထိုင်ပြုမူ စားသောက်ပုံတွေကြောင့် ကင်ဆာဝေဒနာစွဲကပ်ခံရသူတွေ များပြားလာနေသလို ကင်ဆာအမျိုးအစားတွေကလည်း ပိုမိုစုံလင်များပြားလာနေပါတယ်။

    ဒီကနေ့အချိန်အထိတော့ ကင်ဆာဝေဒနာကို ဖြစ်လာချိန်မှ ကုစားတာထက် မဖြစ်ခင်ကတည်းက နည်းမှန်လမ်းမှန်နဲ့ နေထိုင်စားသောက်ပြီး ကြိုတင်ကာကွယ်တာက အကောင်းဆုံးနည်းလမ်းလို့ သတ်မှတ်ထားကြပါ။

    ကင်ဆာရောဂါတွေဟာ ကူးစက်ရောဂါတွေမဟုတ်ပါဘူး။ ကင်ဆာရောဂါရှိနေသူကို တသီးတခြားထားဖို့ မလိုအပ်သလို ကိုင်တွယ်ရုံ၊ ထိတွေ့မိရုံ၊ အတူထိုင် စကားပြောရုံနဲ့လည်း ကူးစက်တာမျိုးမဖြစ်နိုင်ပါဘူး။

    လိင်ဆက်ဆံဖော်များရင် ကင်ဆာပိုဖြစ်မယ်တဲ့ ဘာကြောင့်လဲ။

    ကင်ဆာရောဂါက ကူးစက်နိုင်ရောဂါမဟုတ်တာမှန်ပေမယ့် တခြားသောကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်တော့ ကင်ဆာရောဂါဖြစ်လာနိုင်ပါတယ်။ ဥပမာပြောပြရရင် – လိင်ဆက်ဆံမှုကနေကူးစက်ပြီး သားအိမ်ခေါင်းကင်ဆာအပါအဝင် ကင်ဆာရောဂါတစ်ချို့ကို ဖြစ်လာစေနိုင်တဲ့ Human Papillomavirus (HPV) ပိုး၊ လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်သလို ရောဂါရှိသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့်လည်း ကူးစက်နိုင်ကာ အသည်းကင်ဆာဖြစ်စေနိုင်တဲ့ အသည်းရောင် အသားဝါ B ပိုးနဲ့ C ပိုးတို့လို ပိုးမျိုးတွေလည်း ရှိနေပါသေးတယ်။

    လူတွေက ကင်ဆာ ဝေဒနာနဲ့ ပတ်သက်ပြီး ပိုမိုလေ့လာ လာနေကြသလို ဒီဝေဒနာနဲ့ ပတ်သက်ပြီးလည်း ပိုမိုသိရှိလာနေရပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်လာပါတယ်။

    ခုနောက်ဆုံးတွေ့ရှိထားတဲ့ လေ့လာချက်အရဆိုရင် ကင်ဆာရောဂါဟာ လိင်ဆက်ဆံဖော်များသူတွေ၊ လိင်ကိစ္စရှုပ်ပွေတတ်သူတွေ၊ ခြေမငြိမ်တတ်သူတွေမှာ ပိုဖြစ်နိုင်ခြေမြင့်မားတယ်ဆိုတာကို သိရှိလာရပါပြီ။

    လိင်အပျော်အပါးနဲ့ ကင်ဆာ

    လိင်အပျော်အပါးလိုက်စားတာဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေပေးနိုင်တဲ့ အပြုအမူ နေထိုင်မှုပုံစံတစ်မျိုးဖြစ်ပါတယ်။ ယျေဘုယျအားဖြင့် လိင်အပျော်အပါးလိုက်စားမှုကြောင့် HIV၊ AIDS၊ ကာလသားရောဂါတွေနဲ့ လိင်အင်္ဂါဆိုင်ရာကူးစက်ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။

    ဒါပေမယ့် Cambridge Centre for Sport and Exercise Sciences ရဲ့ သုတေသနသစ်အရဆိုရင် လိင်ဆက်ဆံဖော်များတဲ့လူတွေဟာ အဲ့ဒီဝေဒနာတွေအပြင် ကင်ဆာဖြစ်နိုင်ခြေ မြင့်မားပြီး ထိခိုက်မှုနှုန်းကလည်း အလွန်မြင့်တယ်လို့ ဆိုထားပါတယ်။

    အထူးသဖြင့် ဘဝတစ်သက်တာမှာ လိင်ဆက်ဆံဖော် ၁၀ ဦးနဲ့အထက်ရှိဖူးသူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ အမြင့်မားဆုံးပါပဲတဲ့။ ဒီလိုလူမျိုးတွေမှာ လိင်မှတဆင့်ကူးစက်တဲ့ (STD – Sexually Transmitted Infection) ရောဂါတွေအပြင် အထက်မှာဖော်ပြခဲ့သလိုပဲ Human Papillomavirus (HPV) ပိုး ကပ်ငြိကူးစက်နိုင်ခြေ မြင့်တက်ကာ ကင်ဆာဝေဒနာတချို့လည်း ဖြစ်လာဖို့ လေးသာနေတာဖြစ်ပါတယ်။

    ချစ်တာအပြစ်မရှိပေမယ့် အချစ်တွေများလာရင်တော့ အပြစ်တွေပွားလာနိုင်တယ်ဆိုတဲ့ သဘောပါပဲ။ သုတေသနရလဒ်အရဆိုရင် လိင်ဆက်ဆံဖော်များတဲ့အမျိုးသားတွေဟာ လိင်ကိစ္စမှာ သစ္စာစောင့်စည်းသူတွေ၊ လိင်ကိစ္စအပေါ် စိတ်ပါဝင်စားမှု နည်းပါးသူတွေထက် ကင်ဆာပိုဖြစ်ကြပြီး အမျိုးသမီးတွေမှာဆိုရင်လည်း အပျိုတွေထက် လိင်ဆက်ဆံဖူးသူတွေက ကင်ဆာပိုဖြစ်ပွားကြတယ်လို့ဆိုထားပါတယ်။

    ၁ ဦး ဒါမှမဟုတ် လုံးဝလိင်မဆက်ဆံဖူးသူတွေဟာ လိင်ဆက်ဆံဖော် ၁၀ ဦးနဲ့အထက်ရှိသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၇၀% ပိုနည်းသလို၊ ဆက်ဆံဖော် ၂ ဦး ကနေ ၄ ဦးအကြားရှိသူတွေထက် ၅၇% ပိုနည်းပါတယ်။ လိင်ဆက်ဆံဖော်များလေလေ ကင်ဆာဖြစ်နိုင်ခြေပိုမိုမြင့်မားလာလေလေဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်ပါတယ်။ အဖြစ်အများဆုံးကတော့ အမျိုးသား၊ အမျိုးသမီး လိင်အင်္ဂါပတ်ဝန်းကျင်၊ စအို၊ အာခေါင်နဲ့ သားအိမ်ခေါင်းတွေနဲ့ သက်ဆိုင်တဲ့ ကင်ဆာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    American Cancer Society ရဲ့ ထောက်ခံချက်ကို ရရှိထားတဲ့ ဒီသုတေသနပြုချက်ဟာ အသက် ၅၀ နဲ့အထက် လူ ၆၀၀၀ နီးပါးကို လေ့လာထားတာဖြစ်ပါတယ်။ ဒီလေ့လာချက်အရ သူတို့တွေဟာ အသက် ၆၄ နှစ်အရွယ်မတိုင်ခင်မှာ လူ ၄ ဦးမှာ ၃ ဦးဟာ အိမ်ထောင်ပြုပြီးကြပြီဖြစ်ပြီး အမျိုးသား ၂၈% နဲ့ အမျိုးသမီး ၄၁% ဟာ လိင်မဆက်ဆံဖူးတဲ့ အပျို၊ လူပျိုစစ်စစ်တွေဖြစ်ကြတယ်ဆိုတာပါပဲ။

    အမျိုးသား ၂၂% နဲ့ အမျိုးသမီး ၈% တို့ကသာ လိင်ဆက်ဆံဖော် ၁၀ ဦးနဲ့အထက်ရှိကြပါတယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ အရက်သောက်သုံးမှုလည်းရှိနေမယ်ဆိုရင် ကင်ဆာ ဖြစ်နိုင်ခြေက အလွန်အမင်းကို ဆက်လက် မြင့်တက်သွားမှာဖြစ်တာကိုလည်း သိနားလည်ထားဖို့ လိုအပ်ပါတယ်။

    ဖြစ်နိုင်ခြေကို ဘယ်လိုလျှော့ချမလဲ

    အကောင်းဆုံးနည်းလမ်းကတော့ လိင်ဆက်ဆံတာနဲ့ ပတ်သက်ပြီး သတိကြီးကြီးထားဖို့နဲ့ အကာအကွယ်တွေ ပြည့်စုံစွာ အသုံးပြုဖို့ပါပဲ။ လိင်ကနေတဆင့်ကူးစက်တဲ့ ရောဂါတိုင်းရဲ့ အဓိက ကူးစက်မှုလက်သည်က အကာအကွယ် မသုံးလို့ ဒါမှမဟုတ် စနစ်တကျမသုံးလို့သာဖြစ်ပါတယ်။

    ကျွမ်းကျင်သူတွေကတော့ ဆက်ဆံဖော်နဲ့ ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေးအခြေအနေတွေအကြောင်း ပွင့်လင်းစွာ ကြိုတင်ပြောဆိုဖို့နဲ့ ကွန်ဒုံးလို အကာအကွယ်တွေကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ အသုံးပြုဖို့ တိုက်တွန်းထားကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ရောဂါကူးစက်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ American Cancer Society ကလည်း အသိပေးထားပါတယ်။

    ဒါ့အပြင် စားသောက်နေထိုင်မှုပုံစံကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင်ပြင်ဆင်နေထိုင်သွားရမှာဖြစ်ပြီးတော့ တကယ်လို့များ မိမိမှာ ကင်ဆာဝေဒနာ စွဲကပ်လာပြီဆိုရင်လည်း အကြောက်မလွန်ပဲ တတ်နိုင်သမျှ တည်ငြိမ်စွာရင်ဆိုင်ဖို့ အကြံပြုထားပါတယ်။

    ကင်ဆာဟာ ကြောက်ဖို့ကောင်းတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်တာ မှန်ပါတယ်။ လူပေါင်းများစွာတို့ရဲ့ အသက်ကို ခြိမ်းခြောက်နေတဲ့ ရောဂါမျိုးပါ။ ဒါပေမယ် ကင်ဆာရောဂါဖြစ်လာရုံနဲ့ အသက်ဆုံးရှုံးရမယ်လို့ တထစ်ချ ယုံကြည်နေစရာမလိုပါဘူး။ ကင်ဆာ ဝေဒနာတစ်ချို့ဟာ သက်သာအောင် ကုစားနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

    ခုလို ဆေးသိပ္ပံပညာရပ်တွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ရောဂါကို ကင်ဆာကို ကုသဖို့နည်းလမ်းတွေလည်း မျိုးစုံရှိနေပါပြီ။ ရောဂါကို အချိန်မီသာသိနိုင်မယ်ဆိုရင် ကုသလို့ပျောက်တဲ့ ကင်ဆာတွေလည်း ရှိနေပြီဖြစ်ပါတယ်။ ကင်ဆာဝေဒနာဟာ ကုသပြီး နောက် ၅ နှစ်အကြာအထိ ကင်ဆာဆဲလ်တွေ မတွေ့ရတော့ဘူးဆိုရင် ရောဂါပျောက်ပြီလို့ ဆိုနိုင်ပါတယ်။

    ဒါကြောင့် ကင်ဆာကို အရမ်းကြောက်စရာမလိုသလို ကြိုတင်ကာကွယ်မှုတွေကိုလည်း ပြုလုပ်ထားသင့်ပါတယ်။ ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ထားမယ်ဆိုရင် ဘယ်ဝေဒနာကိုမဆို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ နောက်ပြီး လိင်အပျော်အပါး လိုက်စားတာကိုလည်း လျှော့ကြဖို့ တိုက်တွန်းပါရစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 07/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement