backup og meta

ကျားဟော်မုန်း ချို့တဲ့နေတယ်လို့ သံသယရှိနေပြီလား


Ye Myo Myat မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျားဟော်မုန်း ချို့တဲ့နေတယ်လို့ သံသယရှိနေပြီလား

    ကျားဟော်မုန်း (Testosterone) ဟာ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အများအပြား ထွက်ရှိပြီး လိင်စိတ်ဆန္ဒဖြစ်ပေါ်စေဖို့၊ ကြွက်သားထုတည်ဆောက်ဖို့၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပေါ် သက်ရောက်မှု ရှိစေတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်းဟာ နည်းသွားတတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူငယ်ဘဝမှာကတည်းက ကျားဟော်မုန်း ချို့တဲ့နေတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

    ကျားဟော်မုန်း ချို့တဲ့နေတာကို ဘယ်လိုသိနိုင်မလဲ။

    အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့

    • လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်း
    • လိင်တံကို ကြာရှည်စွာ မထောင်မတ်နိုင်ခြင်း
    • သုက်ရည်၊ သုက်ပိုးကောင် အထွက်နည်းခြင်း
    • အကြောင်းရင်းမရှိဘဲ ဆံပင်အများကြီး ကျွတ်ခြင်း
    • အရိုးအဆစ်၊ ကြွက်သား ကြံ့ခိုင်မှု နည်းလာခြင်း
    • မောပန်းလွယ်ခြင်း
    • ဝှေးစေ့ ပုံမှန်မဟုတ်သလို ခံစားရခြင်း
    • ခန္ဓာကိုယ်အပေါ်ပိုင်း ပူရှိန်းရှိန်း ခံစားရခြင်း
    • အာရုံစူးစိုက်ဖို့၊ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲခြင်း
    • လေ့ကျင့်ခန်းလုပ်သလောက် ရလဒ်ကောင်းမရခြင်း
    • ကိုယ်တွင်းအဆီတက်လာခြင်း
    • ကိုယ်ခန္ဓာ ကြွက်သားထု လျော့နည်းလာခြင်း၊ ပိန်လာခြင်း
    • စိတ်ကျရောဂါ ဝင်လာဖို့ အစပျိုးလာခြင်း
    • အလုပ်ခွင်မှာ လုပ်ဆောင်ရည်ကျဆင်းခြင်း
    • သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေ မြင့်တက်လာခြင်း တို့ပဲဖြစ်ပါတယ်။

    ကျားဟော်မုန်း နည်းလာစေတဲ့ အကြောင်းရင်းတွေ

    အသက်အရွယ်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာက ကျားဟော်မုန်း ထုတ်လုပ်နိုင်မှု နည်းလာတာ သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ်က အသက် ၃၀ မပြည့်သေးခင် ကျားဟော်မုန်းနည်းတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

  • စိတ်တုန်လှုပ်ခြောက်ခြားစရာ ကိစ္စတစ်ခုခု ကြုံခဲ့ရတာ
  • ကင်ဆာရောဂါဆေးသွင်းခြင်း (Chemotherapy)
  • ခေါင်း၊ ဝှေးစေ့ကို ပြင်းပြင်းထန်ထန်ထိခိုက်မိတာ၊ ဝှေးစေ့မှာရောဂါဖြစ်နေတာ
  • သွေးထဲမှာ သံဓာတ်များလွန်းနေတာ
  • ဆီးကျိတ်ကင်ဆာ ကုသရန် ဟော်မုန်းကုထုံး
  • အပြင်းဖျားခြင်း၊ အဖျားတာရှည်ခြင်း
  • အရက်ကို အလွန်အကျွံသောက်သုံးခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း၊ ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာ
  • HIV ပိုး ကူးစက်ခံရတာ၊ AIDS ရောဂါ
  • အဆုတ်အပြင် တခြားကိုယ်တွင်းအင်္ဂါ နီရဲရောင်ရမ်းတာ
  • အဝလွန်တာ၊ ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းသွားတာ
  • အမျိုးအစား ၂ ဆီးချိုရောဂါ
  • ညဘက်တွေမှာ ကောင်းစွာ မအိပ်နိုင်တာကြောင့် ကျားဟော်မုန်း နည်းလာနိုင်ပါတယ်။
  • ကျားဟော်မုန်းနည်းလာခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ

    ကျားဟော်မုန်းဆိုတာ အမျိုးသားတိုင်း အလွန်အရေးကြီးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဒီကျားဟော်မုန်း ချို့တဲ့ပြီဆိုတာနဲ့ လိင်မှုကိစ္စမှာလည်း ကောင်းစွာ ထမ်းဆောင်နိုင်တော့မှာ မဟုတ်သလို ယောက်ျားတန်မဲ့ လိင်စိတ်ဆန္ဒ နည်းတဲ့ အခြေအနေမျိုးလည်း ကြုံလာနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ဇီဝကမ္မဖြစ်စဉ် ပုံမှန်မဟုတ်တော့တာ (သွေးတိုးတာ၊ သွေးတွင်း ကိုလက်စထရော၊ သကြားဓာတ်၊ အင်ဆူလင်မြင့်တက်လာတာ၊ ဝမ်းဗိုက်အဆီဖုံးလာတာ)၊ ဆီးချိုရောဂါ၊ ဆီးကျိတ်ကင်ဆာနှင့် တခြားကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

    ကျားဟော်မုန်း နည်းတာ ကုသလို့ ရလား။

    ဖြစ်စဉ်အကြောင်းရင်းနဲ့ ရောဂါအခြေအနေကို သွေးစစ်ကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ရောဂါဇစ်မြစ်ကို သေချာသိပြီဆိုမှ ဆရာဝန်အနေနဲ့ ကိုယ်နဲ့ အကိုက်ညီဆုံး ဆေးကုထုံးနည်းလမ်းနဲ့ ကုသပေးနိုင်မှာပါ။ ကျားဟော်မုန်း အစားထိုးကုထုံးဖြစ်တဲ့ နေ့စဉ်သုံးကပ်ခွာ အသုံးပြုခြင်း၊ အသားထဲစိမ့်ဝင်စေမယ့် ဂျယ်လ် လိမ်းပေးခြင်း၊ ပုံမှန် ကျားဟော်မုန်းဆေး ထိုးသွင်းခြင်း၊ အရေပြားအောက်မှာ ကျားဟော်မုန်း ထိန်းပေးနိုင်တဲ့ အစေ့လုံး စိုက်ခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ ကုသလို့ ရပါတယ်။

    သတိပြုရမှာကတော့ ဒီကုသခြင်းဟာ တစ်သက်လုံး ပုံမှန်မပျက်မကွက် လုပ်ပေးရမယ့် ကုထုံးနည်းလမ်းတွေ ဖြစ်တယ်ဆိုတာပါပဲ။ ဒီလို ကျားဟော်မုန်းကို အပြင်ကနေ ဖြည့်စွက်ပေးနေတဲ့အတွက် ကိုယ်ခန္ဓာက သဘာဝအတိုင်း ကျားဟော်မုန်းထုတ်လုပ်မှု နည်းသွားနိုင်ပါတယ်။ ဆရာဝန်နဲ့ အမြဲ ပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ပုံမှန် စစ်ဆေးမှု ခံယူဖို့လည်း အရေးကြီးပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement