backup og meta

စိတ်ကျန်းမာရေး အကြောင်း

စိတ်ကျန်းမာရေး အကြောင်း

စိတ်ကျန်းမာရေး အကြောင်း …… စိတ်ကျန်းမာရေး ဟာ ကျယ်ပြန့်တဲ့ နယ်ပယ်တစ်ရပ်ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဘယတွေက အမျိုးမျိုးအဖုံဖုံရှိနေကြတဲ့အပြင် အဖြစ်များပြီး လူတိုင်းနီးပါးနဲ့နွယ်စပ်နေတတ်ပါတယ်။

လူတစ်ဦးရဲ့ စိတ်ခံစားချက်နဲ့ တွေးတောကြံစည်ပုံအခြေအနေကောင်းမွန်နေရင် စိတ်ကျန်းမာတယ်လို့ ဆိုနိုင်ပါတယ်။ Healthy Mind ဖြစ်တယ်၊ Mental Well-being ဖြစ်တယ်ပေါ့။

စိတ်ကျန်းမာပြီး ပျော်ရွှင်နေခြင်းဟာ စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတချို့ကိုပါ တားဆီးပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေး ပြင်းထန်စွာချို့ယွင်းလာတဲ့အခါ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ တွန်းအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လည်း စိတ်ကျန်းမာမှ ကိုယ်ချမ်းသာမယ်လို့ အဆိုရှိတာပါ။

သက်ရှိလူသားတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေဟာ အမျိုးမျိုးသော သက်ရောက်မှုတွေကြောင့် ထိခိုက်ပျက်ယွင်းနိုင်ပါတယ်။ အဓိကကျတဲ့ အချက်တွေကတော့ ဘဝထဲမှာရင်ဆိုင်ရတဲ့ အဖြစ်အပျက်တွေနဲ့ မျိုးရိုးဗီဇတွေကြောင့်ဖြစ်ပါတယ်။

ယျေဘုယျအားဖြင့် ဘဝမှာ စိတ်ကျန်းမာစွာနေထိုင်ချင်တယ်ဆိုရင် အောက်ပါအချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။

  • အပြုသဘောဆောင်စွာ တွေးတောကြံစည်တာ၊
  • ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွစွာနေထိုင်တာ၊
  • လူတစ်ဖက်သားကို ကူညီဖေးမတာ၊
  • လုံလောက်မျှတစွာ အိပ်စက်အနားယူတာ၊
  • အာဟာရပြည့်ဝစွာ မှီဝဲ စားသောက်တာ၊
  • ပြဿနာတစ်စုံတစ်ရာ ကြုံလာချိန်မှာ အချိန်မဆိုင်းပဲ ကုသမှုခံယူတာ၊
  • လူမှုအသိုင်းအဝန်းထဲမှာ ပျော်ရွှင်စွာနေထိုင်တာ၊
  • ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ကြိုတင်သိနားလည်ထားတာ၊ စတာတွေပါပဲ။

စိတ်ဝေဒနာဆိုတာဘာလဲ?

စိတ်မကျန်းမာခြင်း သို့ စိတ်ဝေဒနာဆိုတာက တစ်စုံတစ်ရာသောသက်ရောက်မှုတွေကြောင့် လူတစ်ယောက်နဲ့ တွေးခေါ်ပုံနဲ့ စိတ်ခံစာချက်တွေကို မူမမှန်တော့ပဲ ရောဂါဝေဒနာအဖြစ် ပြောင်းလဲသွားတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုကျန်းမာရေးပြဿနာမျိုးဟာ နေ့စဉ်ဘဝမှာရင်ဆိုင်နေရတဲ့ ပြဿနာတွေကြောင့်လည်းဖြစ်နိုင်သလို ရုတ်တရက်ကြုံဆုံလာရတဲ့ ပြင်းထန်တဲ့ လူမှုဘဝအဖြစ်အပျက် တစ်စုံတစ်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အမေရိကန်လိုတိုင်းပြည်မျိုးမှာဆိုရင် လူ ၅ ဦးမှာ ၁ ဦးနှုန်း စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတတ်ပြီး ၂၅ ဦးမှာ ၁ ဦးနှုန်းက ဆိုးရွားတဲ့စိတ်ဝေဒနာတွေ (Serious Mental Illness – SMI) ကို ရင်ဆိုင်နေကြရတာပါ။ SMI အများဆုံးဖြစ်ပွားတာက အမျိုးသမီးတွေမှာဖြစ်ပြီး ၁၈ နှစ်နဲ့ ၂၅ နှစ်အကြားမှာ အဖြစ်များတယ်လို့ လေ့လာချက်တွေကဆိုထားကြပါတယ်။

လက်ရှိအချိန်အထိ လေ့လာချက်တွေအရ စိတ်ဝေဒနာဖြစ်စေနိုင်တဲ့ အခြေခံအကြောင်းတရားတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

  • မျိုးရိုးလိုက်တာ၊
  • ပတ်ဝန်းကျင်၊
  • နေ့စဉ်နေထိုင်မှုအလေ့အထများ၊
  • ဇီဝဗေဒသဘောအရဖြစ်ပျက်ခြင်းများ၊
  • လူမှုပတ်ဝန်းကျင်အခြေအနေများ၊
  • အလုပ်အကိုင်နဲ့ ပိုင်ဆိုင်မှုအခြေအနေများ၊
  • လိင်အမျိုးအစား၊
  • အသက်အရွယ်နဲ့
  • လူမျိုးအုပ်စု၊ စတာတွေပါပဲ။

စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါများ

The Diagnostic and Statistical Manual of Mental Disorders (ပဉ္ဆမအကြိမ် တည်းဖြတ်ခြင်း) အရ စိတ်ကျန်းမာရေးချို့တဲ့သောဝေဒနာတွေကို အမျိုးအစား ၃၀၀ ကျော်ခွဲခြမ်းစိတ်ဖြာထားပြီး အဓိကအကျဆုံး ရောဂါတွေကို အောက်ပါအတိုင်း အမျိုးအစားခွဲခြား သတ်မှတ်ထားပါတယ်။

အခြေခံအကျဆုံး ရောဂါက အုပ်စုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • အဖြစ်များ စိတ်ဝေဒနာများ (Affective Disorders)
  • ပူပင်သောကနှင့်ဆက်နွယ်သည့် ဝေဒနာများ (Anxiety disorders)
  • စိတ်ခံစားချက်နှင့် ဆက်နွယ်သော ဝေဒနာများ (Mood disorders)
  • စိတ်ကစဉ့်ကလျား ရောဂါများ (Schizophrenia Disorders)
  • အစားအသောက်ပုံစံနှင့်သက်ဆိုင်သော စိတ်ဝေဒနာများ (Eating Disorders)
  • မူးယစ်ဆေးဝါးအသုံးပြုမှုနှင့်သက်ဆိုင်သော စိတ်ဝေဒနာများ (Substance Use Disorders)
  • ကလေးနှင့် ကြီးကောင်ပေါက်အရွယ်တွင်ဖြစ်သော စိတ်ဝေဒနာများ (Child and Adolescent Disorders)
  • အိပ်စက်ခြင်းနှင့်ဆက်နွယ်သော စိတ်ဝေဒနာများ (Sleep Disorders)
  • လိင်စိတ်ပုံမှန်မဟုတ်ခြင်း (Sexual Dysfunction) စတာတွေပါပဲ။

ဒီရောဂါအုပ်စုတွေထဲမှာ တစ်ချို့သောရောဂါတွေဟာ မျိုးကွဲများစွာရှိနေပြီးတော့ တချို့သော စိတ်ဝေဒနာတွေကတော့ အဓိကရောဂါတစ်မျိုးတည်းသာ သီးသန့်ရှိနေတာဖြစ်ပါတယ်။ မျိုးကွဲရောဂါတွေ ရှိတဲ့ ရောဂါအမျိုးအစားတွေကတော့  အောက်ပါအတိုင်းဖြစ်ပါတယ်။

အဖြစ်များ စိတ်ဝေဒနာ (Affective Disorders) တွေကတော့

Anxiety disorders တွေကတော့

  • စိတ်ပူပန်မှုရောဂါ (Anxiety Disorder)
  • စိုးရိမ်သောကလွန် စိတ်ဝေဒနာ (Generalized anxiety disorder)
  • စိုးရိမ်ကြောင့်ကြမှု စိတ်ဝေဒနာ (Obsessive-compulsive disorder)
  • ထိခိုက်မှုအပြီးတွင်ဖြစ်သော စိတ်ပိုင်းဝေဒနာ (Post-traumatic stress disorder – PTSD)
  • စိတ်အလှုပ်ရှားလွန်ရောဂါ (Panic Disorder)
  • လူစုလူဝေးကို ကြောက်ရွံ့တဲ့စိတ်ဝေဒနာ (Agoraphobia)
  • လူမှုပတ်ဝန်းကျင်အပေါ် သံသယလွန်ကဲသည့် စိတ်ဝေဒနာ (Social Phobia)
  • Specific Phobias
  • Acute Stress Disorder
  • Adjustment Disorder
  • သေနိုင်လောက်တဲ့ရောဂါအမျိုးအစားတစ်မျိုးမျိုး ခံစားနေရသည်ဟု ယုံကြည်နေသည့် စိတ်ဝေဒနာ (Hypochondriacal Disorder) စတာတွေဖြစ်ကြပါတယ်။

Mood disorders တွေကတော့

  • နာတာရှည် စိတ်ကျဝေဒနာ  (Dysthymia) ၊
  • ချွင်းချက်ဖြင့်ဖြစ်ပေါ်သော စိတ်ကျဝေဒနာ (Atypical Depression) ၊
  • Postpartum Depression ၊
  • ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေနှင့်ဆက်နွယ်နေသည့် စိတ်ခံစားချက်ဆိုင်ရာ စိတ်ဝေဒနာ (Mood disorder related to another health condition) ၊
  • Substance-induced mood disorder ၊
  • အာရုံထွေပြား စိတ်ကျဝေဒနာ (Bipolar Depression) ၊
  • ပြင်းထန်စိတ် စိတ်ကျဝေဒနာ (Psychotic Depression) ၊
  • ရာသီအလိုက်ဖြစ်တဲ့ စိတ်ကျဝေဒနာ (Seasonal Depression/SAD) ၊
  • အလွန်အမင်း စိတ်ဓာတ်ကျရောဂါ (Major depressive disorder) ၊
  • ဆေးယဉ်ပါး စိတ်ကျဝေဒနာ (Treatment-Resistant Depression) ၊
  • လူမှုရေးဆိုင်ရာ ကြောက်ရွံ့မှုစိတ်ဝေဒနာ (Social anxiety disorder) ၊
  • နာတာရှည် စိတ်ဖိစီးမှု (Dysthymia) ၊
  • စိတ်ဓာတ်ကျခြင်းဝေဒနာများ (Depression) ၊
  • စိတ်ဖိစီးမှုဝေဒနာများ (Stress) စတာတွေပါပဲ။

Schizophrenia တွေကတော့

  • စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) ၊
  • အသိမှတ်ဉာဏ်လျော့ပါးလာသည့်ရောဂါ (Dementia) ၊
  • ပုံမှန်မဟုတ်တဲ့ အမူအကျင့်ပိုင်းဆိုင်ရာ စိတ်ဝေဒနာ (Personality Disorder) ၊
  • ဟော်မုန်း အပြောင်းအလဲကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာ (Hormonal Disorders) စတာတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် အဖြစ်များသော စိတ်ဝေဒနာများ

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး စိတ်ဝေဒနာတွေထဲမှာ စိတ်ကျဝေဒနာ (Depression) ဟာ နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ဒီရောဂါဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေနဲ့ အများဆုံးဆက်စပ်မှုရှိတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ တခြားမြန်မာနိုင်ငံမှာ အဖြစ်များတဲ့ စိတ်ဝေဒနာတွေကတော့

  • စိတ်ကြွ စိတ်ကျရောဂါ (Bipolar Disorder) ၊
  • စိတ်ပူပန်မှုရောဂါ (Anxiety Disorder) ၊
  • စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) ၊
  • အသိမှတ်ဉာဏ်လျော့ပါးလာသည့်ရောဂါ (Dementia) နဲ့
  • အရက်၊ မူးယစ်ဆေးစွဲရောဂါ (Alcohol & Substance Misuse Disorder) တွေပါပဲ။

စိတ်ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း

စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ရောဂါလက္ခဏာတွေဟာ ကုစားမှုမပြုလုပ်နိုင်ရင် ပိုပြီးဆိုးရွားလာတတ်ပါတယ်။ လိုအပ်တဲ့အကူအညီနဲ့ ကုစားမှုနည်းလမ်းတွေကို အလျှင်အမြန်ရယူဖို့ လိုအပ်ပါတယ်။

တကယ်လို့ စိတ်ပိုင်းဆိုင်ရာပြဿနာဟုတ်မဟုတ် မသေချာဘူးဆိုရင်လည်း ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။ တိုင်ပင်နှီးနှောဖို့ မရှက်ပါနဲ့။ စိတ်ကျန်းမာရေးပြဿနာဟာ တခြားရုပ်ပိုင်းဆိုင်ရာပြဿနာတွေလိုပဲ လူမှုဘဝအထိကို အခက်အခဲတွေ ဆောင်ယူလာနိုင်တာကြောင့် ကုစားမှုကို အလျှင်အမြန်ပြုလုပ်ဖို့ လိုအပ်တာဖြစ်ပါတယ်။

အရေးအကြီးဆုံးအချက်ကတော့ စိတ်ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိနေရင် ပျော်ရွှင်မှုကို တဖြည်းဖြည်းချင်း လက်လွှတ်လိုက်ရမယ်ဆိုတာပါပဲ။ ဒါကြောင့် ကုစားမှုတွေကို မဖြစ်မနေလျှင်မြန်စွာ ပြုလုပ်ဖို့ တိုက်တွန်းကြတာဖြစ်ပါတယ်။

စိတ်ကျန်းမာရေး ဆိုင်ရာ ရောဂါလက္ခဏာများ

စိတ်ကျန်းမာရေးဟာ ကျယ်ပြန့်ပြီး ရောဂါအမျိုးအစားလည်း စုံလင်တာကြောင့် ရောဂါအမျိုးအမည်ပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေလည်း အတန်ငယ်ကွဲပြားပါတယ်။ ဒါပေမယ့် အခြေခံကျတဲ့အချက်တွေကတော့ တူညီတတ်ပါတယ်။ ယျေဘုယျကျတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • အလွန်အကျွံစားသောက်တာ သို့ အစာစားချင်စိတ်မရှိတော့တာ
  • အိပ်မပျော်တာ သို့ အလွန်ကျွံ အိပ်စက်မိတာ
  • ပတ်ဝန်းကျင်နဲ့ တဖြည်းဖြည်းဝေးကွာလာတာ
  • မိမိနှစ်သက်တဲ့ အလေ့အကျင့်တွေ အပြုအမူတွေကို လုပ်ကိုင်လိုစိတ် နည်းပါးလာတာ
  • ဘယ်လောက် အိပ်အိပ် အိပ်ရေးမဝသလို၊ ပင်ပန်းနွမ်းနယ်သလို ခံစားနေရတာ
  • စာနာစိတ်ကင်းမဲ့လာတာ
  • ထုံထိုင်းပြီး မလှုပ်မယှက်နေနေလေ့ရှိတာ
  • အကြောင်းပြချက် ရေရေရာရာမရှိပဲ ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲနေတတ်တာ
  • မျှော်လင့်ချက်ကင်းမဲ့တာ၊ အကူအညီမဲ့သလို ခံစားနေရတာ
  • ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးကို ပိုပြီး သုံးစဲလာတာ
  • သောကများတာ၊
  • အလွန်အမင်း ဒေါသထွက်တာ၊
  • အာရုံထွေပြားတာ၊
  • ဝမ်းနည်းနေတတ်တာ၊
  • မေ့လျော့တတ်လာတာ၊
  • စိတ်ကသိကအောက်ဖြစ်နေတတ်တာ၊
  • ထိတ်လန့်နေတတ်တာ၊
  • မိသားစုနဲ့ အမြဲမပြတ် အငြင်းပွားနေတတ်တာ၊ သဘောထားမတိုက်ဆိုင်ဖြစ်နေတတ်တာ၊
  • ပတ်ဝန်းကျင်၊ ချစ်သူခင်သူတွေနဲ့ ဆက်ဆံရေးမှာ စိတ်ခံစားချက် အပြောင်းအလဲ အလွန်မြန်ဆန်လွန်းတာ၊
  • အတိတ်ကဖြစ်ရပ်တွေကို ပြန်ပြန်သတိရနေတာ၊ ခေါင်းထဲကနေ မထုတ်နိုင်တာ၊
  • ခေါင်းထဲမှာ အသံတွေ မရပ်မနား ကြားနေရတတ်တာ၊
  • ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်နေတတ်တာ၊
  • ဝေယျာဝစ္စနဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေ မူမမှန်တော့တာ တွေပါပဲ။

စိတ်ဖိစီးမှုနဲ့ ရာသီလာချိန် စိတ်ခံစားချက်ပြောင်းလဲတာတွေဖြစ်ရင်လည်း ယခုလို လက္ခဏာတွေပြသတတ်ပါတယ်။

ရောဂါ ရှာဖွေခြင်း

စိတ်ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ရောဂါစမ်းသပ်စစ်ဆေးမှုဟာ အဆင့်ပေါင်းမြောက်များစွာ ရှိပါတယ်။ အရင်ဆုံး ဆရာဝန်ဖြစ်သူက ရုပ်ပိုင်းဆိုင်ရာအခြေအနေကို အရင်စစ်ဆေးမှာဖြစ်ပြီးတော့ နောက်တစ်ဆင့်မှာတော့ ရောဂါလက္ခဏာတွေကို စစ်ဆေးမှာဖြစ်ပါတယ်။

ဒီနောက်မှာတော့ သက်ဆိုင်ရာကျွမ်းကျင်သူက မေးခွန်းတွေမေးမြန်းပြီး စိတ်ကျန်းမာရေးအခြေအနေကို စမ်းသက်စစ်ဆေးမှာပါ။ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ရောဂါလက္ခဏာကို တိုက်ဆိုင်ပြီး ရောဂါအခြေအနေကို အဖြေထုတ်နိုင်မှာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေနဲ့ တခြားသော ဆေးဘက်ဆိုင်ရာနည်းလမ်းတွေကိုလည်း အသုံးချလာကြပါတယ်။

ကုသမှုခံယူခြင်း

စိတ်ကျန်းမာရေးပြဿနာတစ်စုံတစ်ရာ ခံစားရပြီဆိုရင် ကုသနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာရောဂါတွေဟာ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေလောက် ကုသရတာ ရိုးရှင်းမှုမရှိပါဘူး။ ဒါကြောင့် လူနာပေါ်မူတည်ပြီး နည်းလမ်းအသွယ်သွယ်ကို အသုံးချကာ ကုသကြရပါတယ်။

ကုသနိုင်တဲ့ နည်းလမ်းတွေကတော့

  • ဆေးဝါးဖြင့်ကုသခြင်း
  • စိတ်ကုထုံးဖြင့် ကုသခြင်း (Psychotherapy)
  • ဆေးရုံတက်၍ ကုသခြင်း (Hospital and residential treatment)
  • အိမ်တွင်းကုထုံးဖြင့် ကုသခြင်း (Lifestyle treatments and home remedies)
  • ဆွေးနွေးတိုင်ပင်ကုထုံးဖြင့် ကုသခြင်း (Talk Therapy)
  • လျှပ်စစ်ဓာတ်ဖြင့်ကုသနည်း (Electroconvulsive Therapy) စတာတွေဖြစ်ပါတယ်။

စိတ်ကျန်းမာရေးကို ကာကွယ်ခြင်း

စိတ်ကျန်းမာရေးဟာ တခြားသော ကျန်းမာရေးပြဿနာတွေလိုပဲ ကြိုတင်ကာကွယ်လို့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ စိတ်ကျန်းမာရေးပြဿနာကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက လေ့ကျင့်ခန်းပြုလုပ်ခြင်းနည်းလမ်းဖြစ်ပါတယ်။

ကခုန်တာ၊ ရေကူးတာ၊ လမ်းလျှောက်တာ၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာတွေက စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။  စိတ်ဖိစီးမှုနဲ့ ပူပင်သောကများတာလိုမျိုး စိတ်ဝေဒနာမျိုးကို ခံစားနေရသူတွေဆိုရင်လည်း ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင်

  • သီချင်းနားထောင်ပေးတာ
  • ကျန်းမာအောင် နေထိုင်စားသောက်တာ
  • အိပ်ရေးဝဝ အိပ်တာ
  • အကြောလျှော့တာ
  • သက်သောင့်သက်သာနေထိုင်တာ
  • အသက်ရှူလေ့ကျင့်ခန်းလုပ်တာ တွေကလည်း စိတ်ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ အကူအညီပေးပါတယ်။

Takeaways

စိတ်ကျန်းမာရေးဟာ လူတိုင်းမေ့လျော့နေတဲ့အရာတစ်ခုပါ။ လူကျန်းမာပေမယ့် စိတ်မကျန်းမာရင် ပြီးပြည့်စုံတဲ့ ကျန်းမာရေး ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် စိတ်ကျန်းမာရေးကို အလေးထားဖို့၊ ဝေဒနာခံစားနေရရင် ကုသမှုခံယူဖို့ မရှက်ဖို့ အကြံပြုလိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/mental-health#teens

https://www.medicalnewstoday.com/articles/154543#common-disorders

ယခုပုံစံ

20/09/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement