ပယောဂလား၊ စိတ်ဖောက်ပြန်တာလား

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

စိတ်ရောဂါအထူးကု ဆရာဝန်ကြီးတစ်ယောက်ရဲ့ စိတ်ပညာရပ်ဆိုင်ရာစာအုပ်တစ်အုပ်ဖတ်ခဲ့ဖူးပါတယ်။ ပြည်တွင်းက စိတ်ဝေဒနာရှင်တွေကို ကုသရာမှာ ကြုံရဆုံရတဲ့ အခက်အခဲတွေအကြောင်းပေါ့။ ဓလေ့ထုံးတမ်းတွေ၊ ခံယူချက်တွေနဲ့ ယုံကြည်မှုတွေကြောင့် တခါတလေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို မှားယွင်းတဲ့ အယူအဆတွေနဲ့ ချဉ်းကပ်ကုသကြတာမျိုးတွေ မကြာခနဖြစ်ပေါ်လေ့ရှိကြောင်း သူ့ရဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေဟာ မြန်မာပြည်မှာသာမကပါဘူး၊ ခေတ်မှီတိုးတက်လှပါတယ်ဆိုတဲ့တိုင်းပြည်တွေမှာတောင် ရှိတတ်ပါတယ်။ ဒါကြောင့်လဲ စိတ်ဝေဒနာခံစားနေရသူတစ်ချို့ဟာ မိသားစုဝင်တွေရဲ့ မှားယွင်းတဲ့ ယုံကြည်ချက်တွေကြောင့် နည်းမှန်လမ်းမှန်နဲ့ ကုသမှု မခံယူကြရရှာတာကို လေ့လာတွေ့ရှိထားရပါတယ်။ အမေရိကန်ပြည်ထောင်စုလို တိုင်းပြည်မျိုးမှာတောင် လူဦးရေတစ်ဝက်လောက်ဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေအပေါ် စွဲလမ်းယုံကြည်မှု မြင့်မြင့်မားမားရှိနေပြီးတော့ တစ်ချို့သော စိတ်ရောဂါဆိုင်ရာပြဿနာတစ်ချို့ကို ပယောဂပြဿနာ၊ ဘီလူးစီးတာ၊ အောက်လမ်းအတတ်နဲ့ ပြုစားခံရတာ၊ သဘာဝလွန်ကိစ္စရပ်တွေ ဖြစ်ပျက်နေတာလို့ ယုံကြည်ခြင်းခံနေရပါတယ်။

ဒီပြဿနာမှာ ၂ ပိုင်းရှိပါတယ်။ တစ်ပိုင်းက ပတ်ဝန်းကျင်နဲ့ မိသားစုအသိုင်းအဝိုင်းတွေရဲ့ ယူဆချက်တွေပါ။ နောက်တစ်ခုကတော့ ကာယကံရှင်ကိုယ်တိုင်ပါပဲ။

၁။ ပတ်ဝန်းကျင်နဲ့ မိသားစုဝင်တွေ အမြင်မှားယွင်းခြင်း

မြင်သာတဲ့ ဥပမာတစ်ခုပေးပါ့မယ်။ တစ်ချို့သော မိန်းကလေးငယ်လေးတွေဟာ အပျိုဖော်ဝင်စချိန်တွေမှာ ပုံမှန် မီးယပ်သွေးမဆင်းရင် စိတ်ကစဉ့်ကလျားဖြစ်တတ်ကြပါတယ်။ ပုံမှန်သွေးဆင်းချိန်မှာတောင် စိတ်မတည်မငြိမ်ဖြစ်တတ်တာမို့ သွေးမဆင်းတာကြာရင်၊ ဒါမှမဟုတ် ပုံမှန်မဟုတ်ပဲ သွေးမဆင်းရင် ခုလို ပြဿနာမျိုးကြုံရနိုင်ပါတယ်။ လူတိုင်းမဟုတ်ပေမယ့် တစ်ချို့တွေပေါ့လေ။ ဒီလိုပြဿနာမျိုးကြုံတဲ့အခါမျိုးမှာ မြန်မာ့အသိုင်းအဝိုင်းမှာ မီးယပ်သွေးမဆင်းတာကြောင့် ခုလိုဖြစ်ရတယ်၊ ဒီလိုမဆင်းရင် သားအိမ်ထဲမှာ သွေးတွေခဲနေတတ်တယ်၊ အပမှီတာ၊ ပြုစားခံရတာ စသဖြင့် အမျိုးမျိုး သတ်မှတ်ကြတာမျိုးတွေ ကြုံရဆုံရဖူးပါတယ်။

တကယ်တော့ ခုလိုဖြစ်တာဟာ ဓမ္မတာသွေးမဆင်းတာကြောင့်လို့ တိုက်ရိုက်သတ်မှတ်လို့မရသလို ပြုစားခံရတာမျိုးလည်းမဟုတ်ပါဘူး။ ဓမ္မတာလာတယ်ဆိုတာက မဟိုမုန်းဓာတ်ထုတ်လွှတ်တာပါ။ ဒီဟိုမုန်းတွေကြောင့် ပုံမှန် ဓမ္မတာလာချိန်မှာတောင် စိတ်လှုပ်ရှားမှု၊ စိတ်မတည်ငြိမ်မှုတွေဖြစ်နိုင်ပါတယ်။ အပျိုဖော်ဝင်စချိန် ဓမ္မတာမမှန်ရင်တော့ စိတ်ပူပင်သောကနဲ့ စိတ်လှုပ်ရှားမှုတွေပေါင်းစပ်ပြီး စိတ်ကစဉ့်ကလျားဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ရှေးရိုးဆန်တဲ့ လူကြီးသူမအများစုကတော့ ဒါဟာ မီးယပ်ဆိုင်ရာပြဿနာလို့ ယူဆပြီး မှားယွင်းစွာ ကုသကြလေ့ရှိပါတယ်။ တစ်ချို့တွေကျတာ့လည်း အပမှီတာဆိုပြီး ပယောဂဆရာလက်ကို အပ်လိုက်ကြတာမျိုးတွေလည်း ရှိတတ်ပါတယ်။

ဒါက ဥပမာတစ်ခုဖြစ်ပြီး ခုလို လွဲမှားတဲ့အယူအဆတွေနဲ့ မှားယွင်းစွာကုသဖို့ ကြိုးပမ်းနေတဲ့ မိသားစုဝင်တွေ အသိုင်းအဝိုင်းတွေ ခုချိန်ထိ အများအပြားရှိနေကြပါသေးတယ်။ ဆင့်ကဲလက်ခံလာတဲ့ အယူအဆတွေဟာ အမှန်တရားထက်ပိုပြီး လူတွေရဲ့ စိတ်ထဲမှာ ခိုင်ခိုင်မြဲမြဲ စွဲထင်နေတတ်ပါတယ်။ ဒီအချက်ဟာ စိတ်ဝေဒနာကို သဘာဝလွန်ဖြစ်ရပ်တွေအဖြစ် စွဲထင်ယုံကြည်နေမှုတွေရဲ့ နောက်ကွယ်က အဓိကမောင်းနှင်အားဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အဆိုပါကိစ္စတွေနဲ့ ပိုမိုကြုံရနိုင်ပါတယ်။ ယုံကြည်မှုလည်းပိုများပါတယ်။ အမျိုးသားအများစုဟာ အဆိုပါကိစ္စတွေကို စိတ်ပိုင်းဆိုင်ရာပြဿနာတွေအဖြစ် လက်ခံဖို့ လွယ်ကူကြပေမယ့် အမျိုးသမီးတွေကတော့ လက်ခံရခက်ခဲတတ်ကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဦးဆောင်တဲ့ အသိုင်းအဝိုင်းတွေမှာ ကြီးပြင်းလာပြီး အထက်ပါပြဿနာမျိုးတွေ ကြုံဆုံရမယ်ဆိုရင် မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ကုသခံရဖို့ ပိုမိုနီးစပ်လေ့ရှိပါတယ်။

၂။ ကာယကံရှင်ကိုယ်တိုင် ယုံမှားလွန်ခြင်း

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ပယောဂ ဒါမှမဟုတ် သဘာဝလွန်ပြဿနာတွေလို့ ယူဆခံရတဲ့ စိတ်ကျန်းမာရေး ပြဿနာတစ်ချို့ရှိနေပါသေးတယ်။ ဒီလိုကိစ္စမျိုးတွေမှာတော့ ကာယကံရှင်ကိုယ်တိုင်က အဆိုပါကိစ္စတွေကို အလွန်အမင်း ယုံကြည်ယူဆနေတာမျိုးဖြစ်တတ်ပါတယ်။

ခုလိုယုံမှားမှုတွေကို ဖြစ်ပေါ်စေတဲ့ နောက်ကွယ်က စိတ်ဝေဒနာတွေကတော့ …

  • အယူသီးခြင်းနဲ့သက်ဆိုင်တဲ့ စိတ်ဝေဒနာ – ဒါကတော့ ကြောင်နက်တွေကို ရှောင်တာ၊ ၁၃ ဂဏန်းကို ကြောက်တာ၊ သစ်သားကို ခေါက်ရင် ကံကောင်းဘူးလို့ ယုံကြည်တာ၊ ဗေဒင်ယတြာတွေကို အလွန်အမင်း အားကိုးယုံကြည်နေတာ၊ သရဲ တစ္ဆေ စုန်းစတာတွေကို အလွန်အမင်း ကြောက်ရွံ့နေတတ်တာမျိုးတွေပေါ့။ ဒါမျိုးတွေဟာလည်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်ပါတယ်။ ဒီအလိုအရာတွေက ကိုယ့်ရဲ့ ဖြစ်တည်မှုအပေါ် အမှန်တကယ်သက်ရောက်နိုင်တယ်လို့ လွန်လွန်ကဲကဲ ယုံကြည်နေတာမျိုးဖြစ်ပါတယ်။
  • သောကဗျာပါဒများမှုနှင့်သက်ဆိုင်တဲ့ စိတ်ဝေဒနာ – တကယ်တမ်း ဆန်းစစ်လေ့လာကြည့်ရင် အဆိုပါဝေဒနာခံစားနေရသူတွေဟာ သူတို့ စိုးရိမ်မှုလွန်ကဲနေတဲ့ ဝေဒနာတွေအပေါ် သေချာနားလည်သိရှိထားတာမျိုး မရှိကြတာကို တွေ့မြင်ရလေ့ရှိပါတယ်။ ဒီပြဿနာဟာ Anxiety Disorder အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ တကယ့်အခြေခံ အကြောင်းအရင်းကတော့ လူတွေဟာ သေချာ နားလည်ဘောပေါက်နိုင်စွမ်းမရှိတဲ့ ကိစ္စတွေအပေါ် သံသယလွန်ကဲပြီး ကြောက်ရွံ့စိတ်ဖြစ်ပေါ်တတ်တဲ့ သဘာဝရှိတာမို့ပါပဲ။ ဥပမာပေးရရင် သရဲအလွန်ကြောက်တတ်သူတစ်ယောက်ဟာ ညအချိန်မတော် တစ်ဦးတည်းရှိနေချိန်တွေတိုင်းမှာ သရဲခြောက်ခံရတော့မယ်လို့ စိုးရိမ်မိနေပြီး အလိုလို စိတ်ခြောက်ခြားနေတတ်တာမျိုး ဖြစ်ပါတယ်။ သူဘာကြောင့် သရဲကြောက်နေတာလဲဆိုတာကို ရှင်းပြဖို့တော့ ခက်ခဲနေတတ်ပါတယ်။
  • အစွဲလန်းလွန်စိတ်ဝေဒနာ – တစ်ခါတစ်ရံမှာ အစွဲလန်းလွန်စိတ်ဝေဒနာ (Obsessive Compulsive Disorder) ခံစားနေရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ OCD လူတွေရဲ့ အတွေးအခေါ်တွေ အပြုအမူတွေကို တိုက်ရိုက်သက်ရောက်တဲ့ စိတ်ရောဂါ တစ်မျိုးပါ။ အတွေးစိတ်တွေအပေါ် စွဲလမ်းစိတ်ဖြစ်ပေါ်နေတာမျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှုများရင် ပိုဖြစ်တတ်ပြီး အရှင်းပျောက်ဖို့ခက်ခဲပါတယ်။ ထိတ်လန့်ဖွယ် ပုံရိပ်တွေ မြင်ယောင်နေတတ်တာ၊ မကောင်းတဲ့ ကိစ္စတွေဖြစ်လာတော့မယ်လို့ တွေးတော့နေမိတာ၊ အညစ်အကြေးတွေ၊ ရွံရှာစက်ဆုပ်ဖွယ်အရာတွေကို အလွန်အကျွံ စိုးရိမ်ပူပန်တတ်တာ၊ တစ်ခုခုကို အထပ်ထပ်အခါခါပြုလုပ်တတ်တာမျိုး လက္ခဏာတွေပြသတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ စိတ်ဝေဒနာတွေဟာ မသိမသာရော သိသိသာသာပါ လူတွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ဒါပေမယ့် လူအတော်များများကတော့ ဒီအရာတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလို့ နားလည်သဘောပေါက်ထားကြခြင်းမရှိကြပါဘူး။ စစ်မှန်တဲ့ ဆန်းကျယ်ဖြစ်ရပ်တွေ၊ ခြောက်ခြားဖွယ်ကိစ္စတွေလို့ ယုံကြည်နေတတ်ကြပါတယ်။ စိတ်ဝေဒနာဆိုတာထက်၊ စုန်း ပယောဂ၊ တစ္ဆေသရဲပြဿနာတွေလို့ မှတ်ယူနေကြတာများပါတယ်။ အကြံပေးချင်တာကတော့ မှားယွင်းတဲ့ ယုံကြည်မှုတွေထက် သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့အတွက် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်တာကသာ ရေရှည်မှာ စိတ်ကျန်းမာမှုမျိုး ရနိုင်ဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်ဆိုတာပါပဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 20, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 22, 2020

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။