backup og meta

ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ်

ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ်

ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ် ….. လူတစ်ယောက်ရဲ့ တစ်နေ့တာ အလုပ်တွေကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်နိုင်စေဖို့ စားသောက်နေထိုင်မှုပုံစံ မှန်ကန်ဖို့ လိုအပ်သလို အိပ်ချိန်ပြည့်ဝမှုဟာလည်း အလွန်အရေးကြီးပါတယ်။

လူတစ်ယောက်မှာ တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၇နာရီကနေ ၈နာရီအထိ ရှိသင့်ပါတယ်။ အိပ်ချိန်ပြည့်ဝမှသာ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်မယ်။ နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးနိုင်ပြီး စိတ်ရွှင်လန်းတက်ကြွစေတယ်။ အာရုံစူးစိုက်နိုင်စွမ်း မြင့်တက်လာပြီး ပိုပြီး တီထွင်ကြံဆနိုင်လာမယ်။ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ကျော်လွှားသွားနိုင်ပြီး အောင်မြင်တဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ညဘက်မှာ လူတစ်ယောက် ကောင်းကောင်းအိပ်ပျော်ဖို့အတွက် အလွန်အရေးကြီးတယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်။

ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ်

ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ် ဆိုရာမှာ ကိုယ့်မှာ ညဘက် ကောင်းကောင်းအိပ်မပျော်နိုင်တဲ့ ကျန်းမာရေးပြဿနာ ရှိနေတယ်ဆိုရင် ပေါ့ဆလို့ မဖြစ်ပါဘူး။ အချိန်ကြာသည်အထိ မကုသ၊ မဖြေရှင်းပဲ ထားမယ်ဆိုရင် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ပြဿနာတွေနဲ့ ရင်ဆိုင်ရလာမှာပါ။ ဒီဆောင်းပါးလေးမှာတော့ Insomnia လို့ ခေါ်တဲ့ ညဘက်မှာ အိပ်ပျော်စေဖို့ အဟန့်အတားဖြစ်စေတဲ့ ရောဂါအကြောင်း ပြောပြပေးမယ်နော်။

Insomnia ဆိုတာ ဘယ်လိုရောဂါမျိုးလဲ။

လူတော်တော်များများမှာ တွေ့ရတတ်ပြီး အိပ်ပျော်ဖို့ ခဲယဉ်းတာ၊ မနက်မိုးလင်းတဲ့အထိ တောက်လျှောက်အိပ်မပျော်စေတာ၊ အိပ်နေစဉ် နိုးထလာပြီး ပြန်အိပ်ဖို့အတွက် ခဲယဉ်းစေတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။

အိပ်ရေးမဝတော့ နိုးလာရင်တော့ စိတ်ထဲမှာ ပင်ပန်းပြီး နုံးချိသလို ခံစားနေရတယ်။ တစ်နေ့တာ အလုပ်လုပ်ဖို့ အားမရှိသလို၊ စိတ်မပါသလို ဖြစ်နေတယ်။ ကျန်းမာရေးပါ ထိခိုက်လာနိုင်တဲ့အထိ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေနိုင်တဲ့ ရောဂါဆိုလည်း မမှားပါဘူး။

စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ပြီးတဲ့နောက်မှာ ခဏတာ ရောဂါလက္ခဏာတွေ ကြုံတွေ့ရတတ်ပြီး တချို့လူတွေမှာ လ၊ နှစ်တွေနဲ့ ချီပြီး ကြာမြင့်တဲ့အထိ ရောဂါဝေဒနာကို ခံစားရနိုင်ပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် Insomnia ဆိုတာ ပြင်းထန်တဲ့ ရောဂါ လက္ခဏာမျိုး မဟုတ်သည့်တိုင်အောင် ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာသည်အထိ လူကို ဒုက္ခပေးနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

သူ့ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

၁။ ညဘက်မှာ အိပ်ပျော်ဖို့ ခဲယဉ်းတာ

၂။ အကြောင်းရင်းမရှိဘဲ ညသန်းခေါင် အိပ်နေရင်း နိုးလာတာ

၃။ မနက်မိုးမလင်းခင် နိုးထလာတာ

၄။ ညအိပ်ချိန်ပြည့်ဝတာတောင် စိတ်ထဲမှာ ပင်ပန်းနုံးချိနေတာ

၅။ မနက်ပိုင်းမှာ မောပန်းတာ၊ အိပ်ချင်နေတာ

၆။ စိတ်ရှုပ်လွယ်တာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်ပူပန်ခြင်းတွေ အလွယ်တကူခံစားရတာ

၇။ အလုပ်ခွင်မှာ အာရုံစူးစိုက်လို့ မရတာ၊ စိတ်နှစ်ပြီး အလုပ်လုပ်ဖို့ ခဲယဉ်းတာ

၈။ မကြာခဏ မေ့လွယ်တာ၊ အမှားမှား အယွင်းယွင်းဖြစ်တာ

၉။ အိပ်မပျော်တဲ့ ကိစ္စက ခေါင်းထဲမှာ အမြဲရောက်နေပြီး စိုးရိမ်ပူပန်နေရတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

Insomnia ဖြစ်ရခြင်း အကြောင်းရင်းတွေ

၁။ စိတ်ဖိစီးမှုတွေ

အလုပ်၊ ကျောင်း၊ စာ၊ ငွေရေးကြေးရေး၊ မိသားစု ပြဿနာအခက်အခဲတွေဟာ စိတ်ဖိစီးမှုကို ဖြစ်စေပြီး ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်စေမှုကို ထိခိုက်စေပါတယ်။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာနိုင်မှာပါ။ ကိုယ့်ရဲ့ စိတ်ထဲမှာ ပူပင်သောက ရှိနေတာ၊ စိတ်ဓါတ်ကျေနတာ၊ စိတ်ဖိစီးမှုတွေ ကြုံနေရပြီဆိုရင် အိပ်ချိန်ကိုလည်း သွားပြီး အဟန့်အတားဖြစ်စေမှာပါ။ အိပ်ရာမဝင်ခင်မှာ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကိုခေါင်းထဲက ခဏထုတ်ထားလိုက်ပါ။

၂။ ခရီးထွက်နေရလို့ ဒါမှမဟုတ် အလုပ်ချိန်ပုံမှန် မဟုတ်တာ

အချိန်မတူတဲ့ နိုင်ငံတွေ ခရီးသွားရတဲ့အခါ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အလုပ်က ပုံမှန်ရုံးချိန်မရှိဘဲ ညဆိုင်းဆင်းရတဲ့ သူတွေမှာ ညဘက်အိပ်မပျော်တဲ့ ပြဿနာ တွေ့နိုင်ပါတယ်။ အဓိကအကြောင်းရင်းကတော့ ခန္ဓာကိုယ်က ပုံမှန်အိပ်နေရမယ့် အချိန်မှာ အလုပ်လုပ်နေရတာ၊ နေ့ခင်းဘက်မှာ တက်နေတဲ့ ခန္ဓာကိုယ်တွင်း အပူတွေဟာ အိပ်စက်ခြင်းကို သွားပြီး ထိခိုက်နိုင်ပါတယ်။

၃။ အိပ်ချိန် မမှန်တာ

ပုံမှန်အိပ်ချိန် မသတ်မှတ်ထားသူတွေ၊ နေ့လည်ဘက်မှာ တရေးတမော အိပ်တာ၊ အိပ်ရာမဝင်ခင် မျက်လုံးကို ထိခိုက်စေမယ့် တီဗီကြည့်တာ၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတာ၊ ဂိမ်းဆော့တာတွေဟာ ကိုယ့်ရဲ့ ညဘက်အိပ်စက်မှုကို ထိခိုက်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် အိပ်ခါနီး မျက်လုံးညောင်းစေမယ့် အပြုအမူတွေ မလုပ်မိအောင်ရှောင်ပါ။

၄။ ညနောက်ကျမှ ထမင်းစားတာ

အိပ်ရာမဝင်ခင် ပေါ့ပေါ့ပါးပါး မုန့်လေး စားတာက ပြဿနာမရှိပေမဲ့ အဆီများပြီး ရင်ပြည့်စေတဲ့ အစားအစာတွေကို အများကြီးစားမယ်ဆိုရင် ညဘက်အိပ်ရမယ့်အချိန်မှာ စိတ်ထဲ နေမထိ ထိုင်မသာ ဖြစ်နေမှာပါ။ ဒါ့အပြင် အစာကို ခြေဖျက်ဖို့ အစာအိမ်က အလုပ်လုပ်နေရတဲ့အတွက် ကောင်းကောင်း အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။ အိပ်ခါနီး အစာစားတတ်တဲ့ အကျင့်ကိုဖျောက်ဖို့ အရေးကြီးပါတယ်။

၅။ ရောဂါနဲ့ ဆေးဝါးတွေ

ကင်ဆာ၊ ဆီးချို၊ နှလုံးနဲ့ ရင်ကျပ်ပန်းနာရောဂါ ရှိသူတွေမှာ နာကျင်မှုကြောင့် အိပ်ချိန်မမှန်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ရောဂါပျောက်ဆေးအချို့မှာ ပါတဲ့ ဓာတုဗေဒပစ္စည်းတွေဟာလည်း ညဘက်အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပါဝင်နေပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ဆေးမရပ်သင့်ဘဲ ဆရာဝန်ရဲ့ ခွင့်ပြုချက်ရမှသာဆေးပြောင်းသောက်တာ၊ ရပ်လိုက်တာမျိုးပြုလုပ်ပါ။

၆။ ကော်ဖီ၊ ဆေးလိပ်၊ အရက်သောက်တာ

ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်၊ အရက်နဲ့ ဆေးလိပ်မှာ ပါတဲ့ နီကိုတင်းဓာတ်တွေဟာ စိတ်ကို တက်ကြွစေတဲ့ အရာတွေ ဖြစ်ပါတယ်။ နေ့လယ်နေ့ခင်းနဲ့ အိပ်ခါနီးမှာ ကော်ဖီသောက်တာ၊ ဆေးလိပ်နဲ့ အရက်သောက်ခြင်းဟာ ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ အနှောင့်အယှက်ပေးနိုင်တဲ့အပြင် ညဘက်မှာလည်း မကြာခဏ လန့်နိုးလာနိုင်ပါတယ်။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသသင့်ပြီလဲ။

ဒီပြဿနာကြောင့် ကိုယ့်ရဲ့ ပုံမှန်လုပ်ဆောင်နေတဲ့ အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်တော့ဘူးလို့ ခံစားနေရရင်၊ ညဘက်အိပ်မပျော်တဲ့ ပြဿနာ ဖြစ်တာ အချိန်ကြာလာပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို ရှာဖွေသင့်ပါတယ်။

ရောဂါဇစ်မြစ်ကို သိရမှ ဘယ်လိုပျောက်ကင်းအောင် ကုသမလဲ။ နောက်မဖြစ်အောင် ဘယ်လို နေထိုင်မလဲ အစရှိတဲ့ နောက်ဆက်တွဲအဖြေတွေကို ရှာနိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Symptoms and Causes Of Insomnia –https://www.mayoclinic.org/diseases-conditions/insomnia/symptoms-causes/syc-20355167 (Jan 2, 2019)

Preventing Insomnia –https://www.sleepfoundation.org/insomnia/content/what-causes-insomnia (Jan 2, 2019)

 

ယခုပုံစံ

17/10/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်မပျော်သော စိတ္တဇညများ

အိပ်မပျော်ခြင်းဝေဒနာကို ကုစားသက်သာပေးနိုင်မယ့် နည်းလမ်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement