ဒီလက္ခဏာအများစုက ကိုယ်တိုင် သတိထားမိတာတွေလည်းရှိသလို တခြားသူတွေ သတိပေးမှ သိတာမျိုးတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ အိပ်နေစဉ် အသက်ရှူခြင်းဟာ ကိုယ့်ရဲ့ တစ်နေ့တာအိပ်ချိန်ကို အနှောင့်အယှက်ပေးနိုင်တဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေတဲ့အတွက် ဆရာဝန်နဲ့ တတ်နိုင်သလောက် စောစောပြဖို့ လိုအပ်ပါတယ်။
ဘယ်လိုကုသမှာလဲ။
အရင်ဆုံးကိုယ့်မှာ ဒီပြဿနာရှိတယ်လို့ သံသယရှိရင်၊ မိသားစုဝင်တွေက သတိပေးနေပြီဆိုရင်တော့ ဆရာဝန်နဲ့ အရင်ပြကြည့်ပါ။ ကိုယ့်ရဲ့ ညအိပ်ချိန်၊ မနက်ပိုင်းတွေမှာ ဘယ်လောက်ထိ ပင်ပန်းလဲ၊ ဘာလက္ခဏာတွေ ဖြစ်နေလဲ၊ တခြားဘာဆေးတွေ သောက်နေလဲဆိုတာကို အတိအကျပြောဖို့လိုပါတယ်။
လိုအပ်ရင် အတူအိပ်နေတဲ့ ဇနီး၊ ခင်ပွန်းကိုပါ ခေါ်သွားပြီး အိပ်နေတဲ့အချိန် ဘယ်နှစ်ကြိမ်လောက် ဟောက်လဲ၊ အသက်ရှူရပ်သွားတာ၊ ပုံမှန်မဟုတ်တဲ့ အသက်ရှူတာတွေရှိလားဆိုတာ မေးသွားမှာဖြစ်ပါတယ်။
ဒီပြဿနာနဲ့ ပတ်သက်ပြီး အရင်ဆုံး Sleep Study လို့ခေါ်တဲ့ အိပ်စက်မှုပုံစံကို စောင့်ကြည့်စစ်ဆေးတဲ့ နည်းလမ်းကို အသုံးပြုမှာပါ။ ဆေးရုံမှာ တစ်ညအိပ်ဖို့ လိုပြီး ကိုယ်အိပ်ပျော်နေတဲ့ အသက်ရှူလမ်းကြောင်းနဲ့ ဦးနှောက်အာရုံကြော အလုပ်လုပ်ပုံ၊ ဘယ်နှစ်ကြိမ် အသက်ရှူရပ်သွားလဲ၊ မျက်လုံးရွေ့လျားမှု၊ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်စီဂျင်လည်ပတ်နှုန်း စတာတွေကို စစ်ဆေးမှာဖြစ်ပြီး ကိုယ့်ရဲ့ ရောဂါအခြေအနေ ဘယ်လောက်ပြင်းထန်လဲဆိုတာကိုပါ သိနိုင်ပါတယ်။
ဒါတွေနဲ့ အရင်ဆုံးစစ်ဆေးပြီးသွားမှသာ ကုသမှုစတင်မှာဖြစ်ပါတယ်။ ကုသမှုပုံစံကို ပြောရမယ်ဆိုရင်တော့ အိပ်ပျော်နေစဉ် CPAP လို့ခေါ်တဲ့ Mask ကို နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ပေးမှာဖြစ်ပြီး အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းကနေ ပုံမှန်လေရှူသွင်း၊ ရှူထုတ်နိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။
နောက်ထပ်နည်းလမ်းတွေအနေနဲ့ မေးရိုးအောက်ဘက်နဲ့ လျှာရဲ့ အနေအထားကို ပြောင်းလဲခြင်း၊ အသက်ရှူလမ်းကြောင်း အပေါ်မှာရှိနေတဲ့ တစ်သျှူးစကို ခွဲစိတ်ဖယ်ရှားခြင်း၊ နှာခေါင်းအတွင်းမှာရှိနေတဲ့ အဆို့ရှင်ကို ဖိအားပေးပြီး လေဝင်လေထွက်ရှိစေခြင်း အစရှိတဲ့ နည်းလမ်းတွေကို သုံးပေးမှာဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး အဆင်ပြေမယ့် အကောင်းဆုံးနည်းလမ်းတွေကို ဆရာဝန်က ညွှန်ကြားပြသပေးမှာဖြစ်ပါတယ်။
နေထိုင်စားသောက်မှုပုံစံမှာရော ပြောင်းလဲဖို့လိုအပ်လား။
အဓိကအနေနဲ့ ကိုယ်အလေးချိန်များနေတဲ့သူတွေဆိုရင် ကိုယ်အလေးချိန်ကို ပြန်ချပါ။ အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေကို လုံးဝရှောင်ပါ။ မူးယစ်ဆေးဝါး လုံးဝမသုံးပါနဲ့။ ကဖင်းဓာတ်များတဲ့ အအေး၊ ကော်ဖီတွေကို တတ်နိုင်သလောက်ရှောင်ပါ။ အစာအာဟာရကို ပြည့်ဝစုံလင်စွာစားပေးပါ။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ မပေါ့ပါနဲ့။ တစ်နှစ်တစ်ကြိမ်လောက်ဖြစ်ဖြစ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။