backup og meta

မိုးခေါင်ရေရှား အန္တရာယ်များ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးခေါင်ရေရှား အန္တရာယ်များ

    မိုးခေါင်ခြင်းဟာ သဘာဝမှာ တွေ့ရနိုင်တဲ့ ရာသီဥတုဖောက်ပြားမှုတစ်ခုပါ။ အချိန်ကာလ တစ်ခုအထိ မိုးခေါင်ခြင်းဖြစ်လာပြီဆိုပါက ရေရှားပါးမှုနဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားလာရ တော့မှာပါ။ မိုးခေါင်ခြင်းဟာ သင့်ရဲ့ ကျန်းမာရေးနဲ့ သင့်မိသားစုရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လို သက်ရောက်နိုင်သလဲဆိုတာကို သိရှိထားပါမှ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနိုင်မှာပါ။

    မိုးခေါင်ခြင်းကြောင့် ထိခိုက်ခံရမှုမှာ ဒေသတစ်ခုနဲ့ တစ်ခု၊ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

    • ဒေသတစ်ခုမှာ ရှိနှင့်ပြီးသားဖြစ်တဲ့ ရေစွမ်းအင်စနစ်၊
    • အစိုးရရဲ့ ဘေးအန္တရာယ် ကျရောက်မှုအပေါ်ကို စီမံခန့်ခွဲနိုင်မှု၊
    • စီးပွားရေးအခြေအနေများ၊
    • မိုးခေါင်ဒေသမှာ နေထိုင်သူ လူဦးရေများနဲ့ အခြားအကြောင်းအရာတွေအပေါ် မူတည်နိုင်ပါတယ်။

    နံပါတ် () ကတော့ ရေပါပဲ။ စမ်းချောင်းတွေ၊ မြစ်တွေက စီးဆင်းလာမယ့်ရေတွေဟာ မိုးခေါင်ခြင်းကြောင့် နည်းပါးလာတဲ့ နောက်မှာ အနည်ထိုင်ခြင်းနဲ့ အညစ်အကြေးများ စုပုံခြင်းတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ သဘာဝ ရေကန်နဲ့ အခြားရေသတ္တဝါတွေရဲ့ အသက်အန္တရာယ်ကို ထိပါးလာပါတယ်။ အကျိုးဆက်တွေကတော့ သောက်သုံးရေဟာ ပမာဏနည်းရုံတင်မကဘဲ အရည်အသွေးပါ ညံ့ဖျင်းလာမှာပါ။ ဒါ့အပြင် မိုးမရွာခြင်းကြောင့် တောမီးလောင်ကျွမ်းနိုင်တဲ့အတွက် လောင်ကျွမ်းရာမှ ပြာ၊ သစ်သား အပိုင်းအစတွေနဲ့ ကျောက်မီးသွေးအပိုင်းအစတွေဟာ လွင့်စင်ပြီး ရေမျက်နှာပြင်ပေါ်  တင်ကျန်လာ နိုင်ပါတယ်။

    အစားအသောက်နဲ့ အာဟာရပြဿနာတွေကိုလည်း ထပ်ဆင့်ဖြစ်ပွားစေမှာပါ။ မိုးခေါင်မှုဟာ သီးနှံဖြစ်ထွန်းရမယ့် ရာသီကို ကန့်သတ်လိုက်ပြီး ပိုးမွှားများသီးနှံတွေအပေါ် ကျရောက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သီးနှံထွက်သင့်သလောက် မထွက်တဲ့အခါ ကုန်စျေးနှုန်းတွေ တက်လာပြီး အစာရေစာ ပြတ်လပ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အာဟာရမပြည့်ဝခြင်းနဲ့ ပိန်လှီခြင်း၊ ဗီတာမင်ဓာတ်မပြည့်ဝခြင်းတွေကို ခံစားလာရနိုင်ပါတယ်။ လူတွေတင်မဟုတ်ပါဘူး။ အိမ်မွေးတိရစ္ဆာန် ကျွဲ၊နွား တွေပါ အစာပြတ်လပ်ကာ ရောဂါရပြီး သေဆုံးနိုင်ပါသေးတယ်။

    လေရဲ့ အရည်အသွေး – ခြောက်သွေ့ခြင်း၊ ဖုန်ထူခြင်း၊ လေထုတွင် စိုထိုင်းဆမပါဝင်ခြင်းနဲ့ အခါအားလျော်စွာ တောမီးလန့်နိုင်ခြင်းတို့ဟာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။  မြေဆီလွှာနဲ့ သစ်ပင်များ ခြောက်သွေ့လောင်ကျွမ်းခြင်းကြောင့် လေထဲမှာ ပန်းဝတ်မှုန်များ၊ မီးခိုးများနဲ့ ‘Fluorocarbons’ ဂတ်စ်များပျံ့နှံ့လာပြီး အသက်ရှူလမ်းကြောင်း ရောဂါတွေခံစားရမှာပါ။ အဆုတ်ရောင်ခြင်း(နမိုးနီးယား)၊ အဆုတ်လေပြွန်ရောင်ခြင်း၊ ရင်ကျပ်ပန်းနာရောဂါ ရှိသူများ ရောဂါအခြေအနေ ပိုဆိုးလာစေခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

    ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ အဓိကကျတဲ့ အရာပါ။ မိမိကိုယ်တိုင် သန့်ရှင်းဖို့နဲ့ မိမိနေထိုင်ရာနေရာဟာ သန့်ရှင်းနေဖို့အတွက် ရေဟာ မရှိမဖြစ်ပါပဲ။ မိုးခေါင်ရေရှားတဲ့အခါ  ရေကို လုံလောက်စွာ မရရှိပါက

    • လက်ကိုစနစ်တကျဆေးကြောဖို့၊
    • တစ်ကိုယ်ရေ သန့်ရှင်းဖို့၊
    • အိမ်တွင်း/အိမ်ပြင် ပတ်ဝန်းကျင် သန့်စင်နေဖို့၊
    • အသီးအရွက်၊ အသားငါးများကို စနစ်တကျ သန့်စင်ဖို့၊

    စတာတွေအတွက် အခက်အခဲတွေဖြစ်လာမှာပါ။ နောက်ဆုံးမှာတော့ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိနိုင်တော့ပါဘူး။

     နောက်ဆက်တွဲ အနေနဲ့ တိုက်ရိုက်ကပ်ပါလာနိုင်တာကတော့ ကူးစက်ရောဂါတွေပါပဲ။ လက်မဆေးနိုင်တော့တဲ့အတွက် လက်ကပိုးတွေ ဗိုက်ထဲရောက်သွားနိုင်သလို မြေပြင်ရေကိုယ်တိုင်ကိုက အညစ်အကြေးတွေ စုဝေးနေတာကြောင့် ရေနဲ့ပတ်သက်တဲ့ ရောဂါတွေ ခံစားရမှာပါ။

    • ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊
    • ကာလဝမ်း ရောဂါ၊
    • အသားရောင်အသားဝါ အေ၊
    • အူရောင်ငန်းဖျားရောဂါ စတဲ့ရောဂါတွေ စသဖြင့်ပေါ့။

    အင်းဆက်နဲ့ သတ္တဝါတွေကြောင့် ဖြစ်ရတဲ့ရောဂါများဟာလည်း တစ်ဖန် ရန်ရှာနိုင်ပါသေးတယ်။ မိုးခေါင်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ခံစားလာရမယ့် ရေရှားခြင်းကြောင့် ရေနည်းလာတဲ့ မြစ်၊ ချောင်း၊ အင်းအိုင်တွေဟာ မစီးဆင်းတော့ဘဲ တည်ငြိမ်လာပါတယ်။ ထိုအခါ ရေသေမှာ ပေါက်ပွားတဲ့ (သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေတဲ့) အေဒီးစ်ခြင်ကျားတွေ စတင်ပေါက်ပွားလာပြီး အန္တရာယ် ဆိုးကြီး စတင်လာနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးတင်မဟုတ်ပါဘူး။ ခြင်ကြောင့်ဖြစ်ပွားတဲ့ အခြား ရောဂါတွေလည်း ဖြစ်ပွားနိုင်ပါသေးတယ်။ ကပ်ရောဂါ (Outbreak) အသွင်မျိုးအထိ ဆောင်သွားနိုင်ပါတယ်။

    နာတာရှည်ရောဂါတွေကိုလည်း ပိုမိုဆိုးရွားလာစေနိုင်မှာပါ။ ဥပမာ ပန်းနာရင်ကျပ်၊ သွေးတိုး၊ ဆီးချိုအစရှိတဲ့ ရောဂါသမားတွေဟာ သဘာဝဘေးအန္တရာယ်ကြောင့် ဆေးကုသမှုကို ရယူရန် ခက်ခဲလာနိုင်တာမို့ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာနိုင်ပါတယ်။

    နောက်ဆုံးတစ်ခုကတော့ ရေမှာ အပန်းဖြေသူတွေ (ဒါမှမဟုတ်) ရေထဲမှာ အလုပ်လုပ်နေသူတွေအတွက် ဆိုးကျိုးတွေပါပဲ။ ရေကူးအပန်းဖြေသူ (သို့မဟုတ်) ရေလုပ်သားတွေဟာ ရေကူးတဲ့အခါ ရေကို အမှတ်တမဲ့ မျိုချမိနိုင်သလို သူတို့အသားအရေတွေနဲ့လည်း ထိတွေ့မိနိုင်ပါတယ်။ မိုးခေါင်တဲ့ကာလ ရေထုအခြေအနေမှာ သတ္တုတွေ၊ ဓာတုပစ္စည်းတွေနဲ့ ကပ်ရောဂါဖြစ်ပွားစေနိုင်တဲ့ ဘက်တီးရီးယားတွေ အမြောက်အမြား ရှိနေတာမို့ အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် ရေထဲမှာ အန္တရာယ်များတဲ့ အတိုအစတွေ (ဥပမာ သံတိုသံစ)စတဲ့ အရာတွေ နစ်မြုပ်စုပုံနေတတ်တာမို့ ထိခိုက်အန္တရာယ်များရကာ အသက်ဆုံးရှုံး ရသည်အထိ ဖြစ်ပွားနိုင်ပါတယ်။

    လူတွေနဲ့ ရင်းနှီးပြီးသား မိုးခေါင်ရေရှားခြင်းဆိုတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုရဲ့ နောက်ကွယ်က ကျန်းမာရေးဆိုးကျိုးတွေကို ဗဟုသုတအနေနဲ့ရော၊ ကြိုတင်ကာကွယ်နိုင်အောင်ပါ တင်ပြပေးလိုက်ရပါတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement