backup og meta

အတွေ့ရများသော အာဟာရဓာတ်ချို့တဲ့ခြင်းများ


Dr. Thant Zin မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတွေ့ရများသော အာဟာရဓာတ်ချို့တဲ့ခြင်းများ

    အစားအစာများကနေ ရရှိတဲ့ အာဟာရဓာတ်များဟာ ကျန်းမာရေးကောင်းဖို့အတွက် အထူးအရေးပါပါတယ်။ စားသောက်ပုံမမှန်လို့ အာဟာရဓာတ်ချို့တဲ့လာရင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ တွေ့ရများတဲ့ အာဟာရဓာတ်ချို့တဲ့ခြင်း အကြောင်းတွေပါပဲ။

    ၁။ သံဓာတ် ချို့တဲ့ခြင်း

    သံဓာတ်ဟာ မရှိမဖြစ်အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သွေးနီဥဆဲလ်ရဲ့ အစိတ်အပိုင်းအတော်များများမှာ ပါဝင်ပြီး အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးပါတယ်။ heme နဲ့ non-heme ဆိုပြီး သံဓာတ်နှစ်မျိုး ရှိပါတယ်။ သံဓာတ်ချို့တဲ့ခြင်းဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၅%မှာ တွေ့နေရကြောင်း သိရပါတယ်။ ကလေးများမှာ တွေ့ရများပါတယ်။ ဓမ္မတာလာနေတဲ့ အမျိုးသမီးများနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာလည်း တွေ့ရပါတယ်။ သက်သတ်လွတ်သမားတွေမှာလည်း တွေ့ရတတ်ပါတယ်။

    သံဓာတ်ချို့တဲ့ခဲ့ရင် မောပန်းလွယ်ခြင်း၊ အားနည်းခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ ဦးနှောက်လုပ်ငန်း ကျဆင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    သံဓာတ်ချို့တဲ့ရင် အမဲသား၊ ကလီစာ၊ အခွံမာရေသတ္တဝါများ၊၊ ပဲအမျိုးမျိုး၊ အစေ့အဆန်အမျိုးမျိုး၊ အစိမ်းရင့်ရောင် အရွက်အမျိုးမျိုး စတာတွေကို စားသုံးနိုင်ပါတယ်။ ဗီတာမင်စီဟာလည်း သံဓာတ်စုပ်ယူမှကို အားကောင်းစေတာကြောင့် ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေနဲ့ပါ တွဲဖက်စားသုံးနိုင်ပါတယ်။

    ၂။ အိုင်အိုဒင်း ချို့တဲ့ခြင်း

    သိုင်းရွိုက်ဂလင်းရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့၊ သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်လုပ်နိုင်ဖို့ အိုင်အိုဒင်းကို လိုအပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းဟာ ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားမှု၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ အရိုးများကျန်းမာရေးကို ထိန်းသိမ်းမှု စတာတွေအတွက် အရေးကြီးပါတယ်။ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ရင် သိုင်းရွိုက်ဂလင်းကြီးလာခြင်း (သို့) လည်ပင်းကြီးခြင်း ဖြစ်တတ်ပါတယ်။ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း စတာတွေလည်း ဖြစ်တတ်ပါတယ်။ ကလေးငယ်များမှာဖြစ်ရင် ဉာဏ်ရည်ချို့တဲ့ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပုံမှန်မဖွံ့ဖြိုးခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    အိုင်အိုဒင်းချို့တဲ့ခြင်းအတွက် အိုင်အိုဒင်းဆားကို စားသုံးနိုင်ပါတယ်။ ဒါ့အပြင် ပင်လယ်ရေညှိ၊ ငါးအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး စတာတွေမှာလည်း အိုင်အိုဒင်း ပါဝင်ပါတယ်။

    ၃။ ဗီတာမင် ဒီ ချို့တဲ့ခြင်း

    လူ့ခန္ဓာကိုယ်အရေပြားပေါ် နေရောင်ခြည်ထိပြီးရင် ဗီတာမင်ဒီ ထွက်လာပါတယ်။ ဒါကြောင့် အီကွေတာနဲ့ဝေးတဲ့ ဒေသမှာ နေထိုင်သူများဟာ အစားအသောက်ထဲမှာ ဗီတာမင်ဒီ မလုံလောက်ရင် ဗီတာမင်ဒီချို့တဲ့ခြင်း သေချာပေါက်ဖြစ်ပွားနိုင်ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့ရင် ကြွက်သားများအားနည်းခြင်း၊ အရိုးများပျက်စီးခြင်း၊ အရိုးများ ကျိုးပဲ့လွယ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ အရိုးပျော့ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်ခံယူခြင်းကနေ ရရှိနိုင်ပါတယ်။ ငါးကြီးဆီ၊ ဥအမျိုးမျိုးရဲ့ အနှစ် စတာတွေကနေလည်း ရပါတယ်။ ဆယ်လ်မွန်၊ ငါးကွန်းရှပ်၊ ငါးသေတ္တာ၊ ထရောက်ငါး စတာတွေမှာလည်း ရရှိပါတယ်။

    ၄။ ဗီတာမင် B12 ချို့တဲ့ခြင်း

    ဗီတာမင် B12 ဟာ သွေးဖြစ်ပေါ်ခြင်းအတွက် အရေးပါပါတယ်။ ဦးနှောက်နဲ့ အာရုံကြောအတွက်လည်း အရေးကြီးပါတယ်။ ဗီတာမင် B12 ကို တိရစ္ဆာန်အသားများမှ အဓိကရပါတယ်။ ဒါကြောင့် အသားမစားသူများဟာ ဗီတာမင် B12 ချို့တဲ့ခြင်း ဖြစ်နိုင်ခြေ များပါတယ်။ ဗီတာမင် B12 ရရှိနိုင်ဖို့ အခွံမာ ရေသတ္တဝါများ၊ ကလီစာများ၊ အသားများ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ စတာတွေကို စားသုံးနိုင်ပါတယ်။

    ၅။ ကယ်လ်ဆီယမ် ချို့တဲ့ခြင်း

    ကယ်လ်ဆီယမ်ဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းအတွက် အရေးပါပါတယ်။ အရိုးနဲ့သွားများ ဖွံ့ဖြိုးကြီးထွားစေဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယမ်ဟာ အာရုံကြောအချက်ပြ ပစ္စည်းအနေနဲ့လည်း တာဝန်ထမ်းဆောင်ပါတယ်။ သူမရှိဘဲ နှလုံး၊ ကြွက်သား၊ အာရုံကြောများဟာ ပုံမှန်အလုပ်လုပ်နိုင်ခြင်း မရှိပါဘူး။

    ပိုလျှံတဲ့ ကယ်လ်ဆီယမ်ကို အရိုးတွေထဲမှာ သိုလှောင်ပါတယ်။ ကယ်လ်ဆီယမ်စားသုံးတာနည်းရင် အရိုးကနေ ကယ်လ်ဆီယမ်တွေ ပြန်ထုတ်ပေးပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်ချို့တဲ့ရင် အရိုးပွခြင်း ဖြစ်တတ်ပါတယ်။

    ကယ်လ်ဆီယမ်ဓာတ်ရရှိစေဖို့ အရိုးပါသောငါးများ၊ နို့ထွက်ပစ္စည်းများ၊ အစိမ်းရင့်ရောင် အရွက်များ စတာတွေကို စားသုံးသင့်ပါတယ်။ ကယ်လ်ဆီယမ်အားဆေးလည်း သောက်နိုင်ပါတယ်။ ဆေးသောက်မယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်သင့်ပါတယ်။

    ၆။ ဗီတာမင် အေ ချို့တဲ့ခြင်း

    ဗီတာမင်အေဟာ အသားအရေ၊ သွား၊ အရိုးများနဲ့ ဆဲလ်အမြှေးပါးတွေကို ကောင်းမွန်သန်စွမ်းအောင် ကူညီပေးပါတယ်။ အမြင်အာရုံအတွက်လည်း အထောက်အကူပြုပါတယ်။ ဗီတာမင်အေ ချို့တဲ့ခြင်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဗီတာမင်အေချို့တဲ့ရင် အမြင်အာရုံထိခိုက်ခြင်း၊ ကိုယ်ခံစွမ်းအာ လျော့နည်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    ဗီတာမင်အေ ရရှိနိုင်အောင် ကလီစာများ၊ ငါးကြီးဆီ၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ အစိမ်းရင့်ရောင် အသီးအရွက်များ စတာတွေကို စားသုံးနိုင်ပါတယ်။ ဗီတာမင်အေ လွန်ကဲရင်လည်း အန္တရာယ်ဖြစ်တတ်တာမို့ ဗီတာမင်အေ အားဆေးတွေသုံးစွဲတော့မယ်ဆိုရင် သတိပြုသင့်ပါတယ်။

    ၇။ မဂ္ဂနီဆီယမ် ချို့တဲ့ခြင်း

    မဂ္ဂနီဆီယမ်ဟာ အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး အရိုးနဲ့သွားများ ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ အရေးပါပါတယ်။ မဂ္ဂနီဆီယမ်ချို့တဲ့ခြင်းဟာ အမျိုးအစား ၂ ဆီးချို၊ ဇီဝဖြစ်ပျက်မှုဖြစ်စဉ် ပျက်ယွင်းခြင်းလက္ခဏာစု၊ နှလုံးရောဂါ၊ အရိုးပွခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ လက္ခဏာအားဖြင့် နှလုံးခုန်မြန်ခြင်း၊ ကြွက်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း စတာတွေ တွေ့နိုင်ပါတယ်။

    မဂ္ဂနီဆီယမ်ရရှိနိုင်တဲ့ အစားအစာတွေကတော့ မပြုပြင်ရသေးတဲ့ အစေ့အဆန်များ၊ အခွံမာသီးများ၊ ချောကလက်အညို၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ စတာတွေ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement