backup og meta

ဆေးဖက်ဝင် နဂါးမောက်သီးအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးဖက်ဝင် နဂါးမောက်သီးအကြောင်း

    နဂါးမောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများအပါအဝင် အပူပိုင်းဒေသနိုင်ငံများမှာ စိုက်ပျိုးကြပါတယ်။ နဂါးမောက်သီး က အရသာထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိရှိလာကြတာနဲ့အမျှ စိုက်ပျိုးစားသုံးမှု ပိုမိုမြင့်တက်လာပါတယ်။ ယခုဆောင်းပါးမှာ နဂါးမောက်သီးရဲ့ အာဟာရတန်ဖိုးများနဲ့ ကျန်းမာရေးအတွက် အကျိုးပြုပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကဲ …. ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်း ပြောပြပေးချင်ပါတယ်။

    ပါဝင်သော အာဟာရဓာတ်များ

    နဂါးမောက်ပင်ကို သိပ္ပံအခေါ်အားဖြင့် Hylocereus cactus လို့ ခေါ်ပါတယ်။ Dragon fruit လို့လည်း ခေါ်ပါတယ်။ နဂါးမောက်သီးမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ် စတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ နဂါးမောက်သီး ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

    – ကယ်လိုရီ (၆၀)

    – ပရိုတိန်း (၁.၂ ဂရမ်)

    – ကာဘိုဟိုက်ဒရိတ် (၁၃ ဂရမ်)

    – အမျှင်ဓာတ် (၃ ဂရမ်)

    – ဗီတာမင် C (တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း)

    – သံဓာတ် (တစ်နေ့တာလိုအပ်ချက်၏ ၄ ရာခိုင်နှုန်း)

    – မဂ္ဂနီဆီယမ် (တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း)

    နဂါးမောက်သီးမှာ အမျှင်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှု များပြားပြီး ကယ်လိုရီပါဝင်မှု အတော်လေး နည်းပါတယ်။

    ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းမျိုးစုံ ပါဝင်ပါတယ်။ နာတာရှည်ရောဂါများနဲ့ အိုမင်းခြင်းကို ပိုမိုတွန်းအားပေးတဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ရန်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက လျှော့ချပေးနိုင်ပါတယ်။ နဂါးမောက်သီးမှာ တွေ့ရှိရတဲ့ အဓိက ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • ဘီတာလိန်း (Betalains)။ နဂါးမောက်သီးအသားမှာ အဓိကပါဝင်ပြီး ဓာတ်တိုးဖိစီးခြင်းကြောင့် မကောင်းတဲ့ LDL ကိုလက်စထရောမြင့်မားမယ့် အခြေအနေကနေ ကာကွယ်ပေးပါတယ်။

    • ဟိုက်ဒရိုဆီစင်နမိတ် (Hydroxycinnamates)။ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

    • ဖလေဗာနွိုက် (Flavonoids)။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

    ဆေးဖက်ဝင် နဂါးမောက်သီးအကြောင်း

    ဆေးဖက်ဝင် နဂါးမောက်သီးအကြောင်း ကဘာတွေများ ဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။ နဂါးမောက်သီးမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အတော်လေး အကျိုးပြုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် အသားအရေ ခြောက်သွေ့ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းလှပစေမယ့် ကော်လဂျင်တွေထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

    သုတေသန တစ်ခု အရ ကိုယ်အလေးချိန် လျှော့ချရာမှာ၊ အသည်းမှာရှိတဲ့ အဆီဓာတ်တွေကို လျှော့ချရာမှာ အထောက်အကူပြု ပါတယ်။ အင်ဆူလင် အာရုံခံအားကို ပိုမိုကောင်းမွန်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရာမှာ အထောက်အကူပြု ပါတယ်။ ရောင်ရမ်းမှုများကို ကျစေပါတယ်။ ကိုလက်စထရောကို ကျဆင်းစေတာကြောင့် သွေးတိုးရောဂါ နဲ့ အခြားနှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။

    နဂါးမောက်သီး မှာပါဝင်တဲ့ အမျှင်ဓာတ်များဟာ အူလမ်းကြောင်းက အကျိုးပြု ဘက်တီးရီးယားတွေ ပေါက်ပွားသန်စွမ်းဖို့ အားပေးပါတယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်ခြင်း မဖြစ်ရအောင် ကာကွယ်ပေးပါတယ်။

    နဂါးမောက်သီးဟာ နာတာရှည်ရောဂါ ခံစားနေရသူများ၊ အသားအရေ စိုပြည်လှပလိုသူများ၊ နှလုံး သွေးတိုး ဆီးချိုရောဂါနဲ့ အစာအိမ် အူလမ်းကြောင်း ပြဿနာရှိသူများ ရွေးချယ်စားသုံးသင့်တဲ့ အသီးအနှံ တစ်မျိုးပဲ ဖြစ်ပါတယ်။

    ဘာတွေ သတိထားရမလဲ!

    ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။ အထူးသဖြင့် ဆီးချို နဲ့ သွေးတိုးရောဂါရှိသူတွေပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement